SJ WorldNews - шаблон joomla Авто

သွေး (ဆောင်းပါးရှင်- ဂျာနယ်ကျော်မမလေး)

Monday, 25 March 2019 12:07 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

''မင်းအစ်ကိုကြီးဘာသာ  ငါမလာခင် အစောကြီးက ရေနွေးအိုးထတည်ပြီး ဖျော်သောက်သွားတာ''

မောင်မောင်သည် အိပ်ရာထနောက်ကျသွားခြင်း ကြောင့် အစ်ကိုကြီးကိုယ်တိုင် ရေနွေးအိုးတည်ရခြင်းကို စိတ်မကောင်းဖြစ်မိသည်။

''အစ်ကိုကြီးကလည်းဗျာ၊ စောစောစီးစီး သွားစရာ ရှိတယ်လို့ ညကပြောထားရင် ကျွန်တော်ထလုပ်ပေးမှာ ပေါ့၊ ညကဝတ္ထုထိုင်ဖတ်တာ  မိုးလင်းခါနီးမှပြီးတယ်'' မောင်မောင်သည် ပြောပြောဆိုဆို ထမင်းစားခန်းဘက် သို့ထွက်လာကာ စားပွဲ၌ထိုင်လိုက်သည်။ သူ့အတွက်ပါ ကရားထဲ၌ဖျော်ထားခဲ့သောကော်ဖီကို ငှဲ့သောက်နေခိုက် အိမ်ရှေ့မှကားသံကြားလိုက်ရ၏။ ဤကားသံသည် ငါးလခန့် အိမ်ရှေ့၌ပျောက်ကွယ် လျက်မကြားရသော ယုမိစံ၏ကားသံ။ မောင်မောင်သည် ယုမိစံ၏ကားသံကို ချက်ချင်းမှတ်မိသည်။ ခြံထဲသို့ဝင်လာသောကားကို မောင်မောင်ထ၍မကြည့် ရဲပေ။ ယုမိစံနှင့်မျက်နှာချင်းဆိုင်ရန်   မဝံ့သောမျက်နှာ၊ ထိတ်လန့်သောမျက်နှာဖြင့် ရင်တဆတ်ဆတ်ခုန်လာ၏။  ကားထိုးရပ်လိုက်သောစက်သံကြောင့်   မောင်မောင်၏  ကျောပြင်တစ်လျှောက်လုံး ဖြုန်းခနဲတက်လာသော ကြက်သီးမွေးညင်းများသည်   ငယ်ထိပ်သို့ရောက်လာကြ သည်။

ဘာလုပ်ရ   ဘာကိုင်ရမှန်းမသိအောင် မွှန်ထူသွားသောစိတ်တို့ဖြင့်   မီးဖိုဆောင်သို့ မောင်မောင်ထပြေး သွားသည်။

''ကိုမြဖေ၊ အိမ်ရှေ့မှာ ကား...ကား...သွားဖွင့် ပေးပါ'' ကိုမြဖေသည် မောင်မောင်၏ပြူးတူးပြဲတဲအမူအရာ များကိုကြည့်လျက် အံ့အားကြီးသင့်သွားသည်။

''ဘယ်ကကားလဲ၊ ဆရာမကားလား၊ ဟုတ်လားဟင် ...ဟုတ်လား''

မောင်မောင်က ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက် သည်။ မောင်မောင်သည် ကျီးကန်းတောင်းမှောက်မျက်လုံး တို့ဖြင့် နေစရာမရှိ၊ ကွယ်စရာမရှိ၊ ဘာလုပ်ရမှန်း မသိ အောင်တုန်လှုပ်နေ၏။ ''ဟေ...ဟုတ်သလား'' ကိုမြဖေသည် အားရရွှင်လန်းစွာ အော်ဟစ်ရင်း အိမ်ရှေ့သို့  တစ်ဟုန်တည်းပြေးထွက်သွားလေသည်။ မောင်မောင်သည် မီးဖိုခန်းထဲ၌မရွှေ့ဘဲ ဤအတိုင်း ရပ်နေ၏။ တံခါးဖွင့်သံကိုကြားလိုက်ရ၏။ မောင်မောင် သည် လျင်မြန်ပြင်းပြစွာ အသက်ရှူလျက် အောက်နှုတ်ခမ်းမှ တုန်ယင်လျက်ရှိသည်။

''မောင်မောင်...'' အိမ်ရှေ့မှ ကိုမြဖေ၏ခေါ်သံ၊ ကိုမြဖေ၏ အော်ခေါ် သံသည် မိုးကြိုးထစ်ချုန်းသည့်နှယ် မောင်မောင်ကြား လိုက်ရကာ ရင်တုန်၍လာသည်။ မောင်မောင်သည် သူ့ခေါင်းကို အသံလာရာသို့ လှည့်ထားလိုက်သည်။ ''မောင်မောင်ရေ...ခဏဟေ့၊ ဒီမှာ...ဒီမှာ... လာပါဦး'' ကိုမြဖေ၏အသံသည် တိုး၍ကျယ်လောင်လာသည်။ ကိုမြဖေ၏အသံနောက်တွင်   ဆာမိ၏အသံကို မသဲ မကွဲ ဗလုံးဗထွေးကြားလိုက်ရ၏။ မောင်မောင်သည် အိမ်ရှေ့သို့မရဲတရဲထွက်ခဲ့သည်။ အိမ်ရှေ့၌ ယုမိစံကိုမတွေ့ရချေ။ ဆာမိသာလျှင် ကားထဲမှ ပစ္စည်းအထုပ်အပိုးများကို အိမ်ပေါ်သို့ဆွဲယူလာ သည်။

''ဆရာမက မင်းအတွက် စာတစ်စောင်နဲ့ပစ္စည်းတွေ ပေးလိုက်သတဲ့'' မောင်မောင်အနားသို့ရောက်မလာမီ   ကိုမြဖေက

လှမ်းပြောလိုက်သည်။ ဆာမိသည် ပစ္စည်းများကိုချကာ မောင်မောင်ကို အပြုံးမျက်နှာဖြင့် စာအိတ်ကြီးတစ်အိတ် လှမ်းပေးလိုက် သည်။ စာအိတ်မှာ ချိပ်ပိတ်ထားလျက် စာအိတ်ပေါ်၌ မောင်မောင်ဟု မြန်မာလိုရေးထားသည်။ ''ဆရာမ ပေးလိုက်တယ်၊ ခင်ဗျားလက်ထဲမှာ ပေးဖို့ မှာလိုက်သည်။ ဒီပစ္စည်းတွေလည်း ခင်ဗျားအတွက်ပဲ ပြောလိုက်တယ်''

မောင်မောင်သည် တုန်ယင်သောလက်ဖြင့် စာအိတ် ကိုလှမ်းယူလျက် ကျီးကြည့်ကြောင်ကြည့်ဖြင့် ကြမ်းပေါ် ၌ပုံချထားသော အထုပ်အပိုးများကို ကြည့်လိုက်သည်။

''သွားမယ်၊ ဆရာမက ဂျပန်ပြန်တော့မယ်၊ ဆယ်နာရီမှာ လေဆိပ်လိုက်ပို့ရမယ်'' မောင်မောင်သည် ဆတ်ခနဲ ဆာမိမျက်နှာကို မော့ ကြည့်လိုက်သည်။ မောင်မောင်၏ မျက်လုံးများမှာ အဆ မတန်ပြူး ဝိုင်းလျက်ရှိသည်။ ကိုမြဖေက မျက်စိမျက်နှာ ပျက်ပျက်ဖြင့် ဖြတ်ပြောသည်။ ''ဟင်...ဆရာမပြန်မယ်လား၊ ဒီနေ့ ပြန်တော့မယ် လား...ဟုတ်လား၊ အပြီးပြန် တာလားဟင်'' ကိုမြဖေသည် ကယောင်ကတမ်း ပြောဆိုနေသည့်ပမာ အသံကတုန် ကယင်ဖြင့် ပြောဆို လျက်ရှိသည်။  

မောင်မောင်မူကား မျက်လုံးများကို ပြူးပြူးပြဲပြဲထုလုပ် ထားသော အရုပ်တစ်ရုပ်နှင့်မခြား အသက်ကင်းမဲ့နေ သည်။

ဆာမိလည်း ခေါင်းညိတ်ကာ အိမ်ပေါ်မှပြန်ဆင်း သွားသည်။ ထို့နောက် ကားထွက်သွားသည်။ မောင်မောင် နှင့်ကိုမြဖေတို့သည် ဤအချိန်ထိမလှုပ်မယှက် ငိုင်နေကြ လျက် ကားထွက်သွားသံကြားမှသာလျှင် အသက်ဝင် လာကြသည်။

''ဘာတွေလဲကွ''

ကိုမြဖေသည် စက္ကူသေတ္တာဘူးကြီးကို ပထမဆွဲဖွင့် လိုက်သည်။  မောင်မောင်သည် ကြောင်အမ်းအမ်းဖြင့် ငိုင်ကြည့်နေသည်။ ''ရက်ကော်ဒါကွ'' ကိုမြဖေသည် ဘူးထဲမှ ရက်ကော်ဒါကို ဆွဲထုတ်ကာ နောက်တစ်ထုပ်ဖွင့်ပြန်၏။

''ကင်မရာဟေ့...ကင်နွန်...ကင်နွန်'' ကိုမြဖေသည် ဆက်လက်၍ အထုပ်တွေကို တစ်ထုပ် ပြီးတစ်ထုပ် သုတ်သီးသုတ်ပျာဖြေဖောက်လျက် သူ့နှုတ် မှ ပေါက်ပေါက်ဖောက်သလို တရစပ်ဟစ်အော်ပြောနေ သည်။

''ရှစ်အင်္ကျီတွေကွ၊ ဟာ...ဘောင်းဘီတွေ၊ ဟော ...လက်ပတ်နာရီ၊ ဒါက ဖောင်တိန်...ဖောင်တိန်'' မောင်မောင်သည် အထုပ်ထဲမှတစ်မျိုးပြီးတစ်မျိုးထွက်လာသောပစ္စည်းများကို မျက်တောင်မခတ်ငေးစိုက် ကြည့်နေမိသည်။

ပစ္စည်းများအားလုံးဖြေဖောက်ကြည့်ပြီးမှ သတိလစ် သကဲ့သို့ ငိုင်ကြောင်နေသော မောင်မောင်ကို ကိုမြဖေ က လှမ်းပြောလိုက်သည်။

''မင်းလက်ထဲက စာအိတ်ကြီးက ဘာများလဲကွ၊ ဖွင့်ကြည့်စမ်းပါဦး''

ဤတွင် မောင်မောင်အသက်ဝင်သလို လှုပ်ရှားလာသည်။ မောင်မောင်သည် နီးရာကုလားထိုင်တွင် ဝင်ထိုင် လိုက်သည်။ စာအိတ်မှချိပ်တွေကိုခွာလျက်  တုန်ခါနေ သောလက်ဖြင့် စာအိတ်ကိုဖွင့်နေသည်။ စာအိတ်ထဲမှ ပထမဆုံးစာခေါက်ကို   ဆွဲထုတ်ယူသည်။ ထို့နောက်  ထွက်လာသည်က    ခြောက်လက်မအရွယ်ရှိ ဓာတ်ပုံ တစ်ပုံ။

မောင်မောင်သည် စာခေါက်ကိုဖွင့်မကြည့်ခင် ဓာတ်ပုံ ကိုစူးစိုက်၍ကြည့်လိုက်သည်။  ဂျပန်စစ်ဗိုလ်နှင့်မြန်မာ အမျိုးသမီး ပုံကို မြင်ရခြင်းအားဖြင့် ဤပုံသည်သူ့အဖေနှင့် သူ့အမေပုံပဲဟု   မောင်မောင့်စိတ်ကထင်လိုက်သည်။ ဓာတ်ပုံကို ကိုင်ကြည့်နေသော မောင်မောင်၏လက်များမှာ ပိုမို၍ တုန်ခါနေသည်။ မောင်မောင်၏ ကုလားထိုင်နောက် မှရပ်လျက် မောင်မောင့် ကိုယ်ပေါ်မှမိုး၍ ဓာတ်ပုံကိုလှမ်း ကြည့်နေသော ကိုမြဖေကမေးသည်။ ''ဘယ်သူ့ပုံလဲ မောင်မောင်၊   မောင်မောင့် အဖေနဲ့ အမေပုံလား'' မောင်မောင်သည် နှုတ်ဖြင့်မဖြေဘဲ ခေါင်းညိတ်ကာ သူ့မိခင်၏ပုံကို မျက်လုံးကျွတ်ကျမတတ် စူးစိုက်လျက် ကြည့်နေသည်။ မောင်မောင်သည် ဓာတ်ပုံအကြောင်း အရာကို သိချင်လွန်း၍ ဓာတ်ပုံကိုစားပွဲခုံပေါ်၌ ခဏချကာ စာခေါက်ကို လျင်မြန်စွာဖွင့်ဖတ်လိုက်သည်။ ကိုမြဖေ၏ မျက်လုံးများသည် စားပွဲခုံပေါ်၌ချလိုက်သော  ဓာတ်ပုံမှ မခွဲနိုင်သေးဘဲ  တအံ့တသြငေးမောကြည့်နေလျက်ပင် ရှိသည်။

ယုမိစံ၏မြန်မာလက်ရေးများသည် ဝိုင်းဝိုင်းစက်စက် ဖြင့် သေသပ်ပီသစွာရေးထားခြင်းကို မောင်မောင်တွေ့ရှိ ရသည်။

မောင်လေးမောင်မောင် - မမနဲ့မောင်မောင် အဖေတူကြတဲ့ မောင်နှမ ဆိုတာ မောင်မောင်သိခဲ့ပြီးပြီ။ မောင်မောင်က   မမကို အစ်မဖြစ်တာ လက်မခံချင်တာလည်း  မမနားလည်သွားပါပြီမောင်မောင်။ မမပေးပို့ လိုက်တဲ့ ဓာတ်ပုံကိုကြည့် ပါ။ဘုရားလေးရွာမှာ  မမအဖေနဲ့   မောင်မောင့်အမေနဲ့ လက်ထပ် ထိမ်းမြားတုန်းက ရိုက်ထားတဲ့ ပုံဖြစ်တယ်။

မကြာသေးမီက ဘုရားလေးရွာနေ ကိုဖိုးသိုက် က သူ့မိတ်ဆွေနေတဲ့ ပျဉ်ပုံကြီးရွာက အိမ်တစ်အိမ်မှာ ဒီဓာတ်ပုံကို တွေ့ခဲ့လို့ တောင်းယူပြီး မမဆီကို လူကြုံနဲ့ပို့ပေးပါတယ်။                    

ဆက်လက် ဖော်ပြပါမည်။

ဆောင်းပါးရှင်- (ဂျာနယ်ကျော် မမလေး)

.............

Read 69 times
Rate this item
(0 votes)
Last modified on Monday, 25 March 2019 12:08