SJ WorldNews - шаблон joomla Авто

နှောင်းတမြေ့မြေ့

Friday, 19 April 2019 09:35 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

သူတို့၏စူနေသော   ငှက်ဖျားဗိုက်ကလေးများကို ထုတ်ဖော်လာကြသည်။ သူတို့၏ ဖောင်းပွနေသော လည်ပင်းကြီး ရောဂါကိုပြကြသည်။ သူတို့၏ ဟက်တက်ကြီးဖြစ်နေသော အနာများကို ကြည့်စေကြပါသည်။

ရွာမှထွက်ခါနီးလျှင် ဗိုလ်မှူးကြီးက အသင့်ယူဆောင်လာသော အဝတ်စ၊ ပုတီး၊ ဖဲထီး၊ ဆား အစရှိသည့် လက်ဆောင်တို့ကို ရွာလူကြီးတို့ အားပေးသည်။ ထိုအခါ ရွာမှလည်း ကြက်ဥ၊ ပျားရည် အစရှိသော ပစ္စည်းတို့ကို လေးလေးစားစား စေတနာဗရပွနှင့် အပြန်အလှန် သဘော ပေးလိုက်တတ်ကြပါသည်။

မည်သို့ပင်ဖြစ်စေ  ဗိုလ်သက်မွန်ကမူ  သူတို့၏ချစ်စရာ ဓလေ့ထုံးစံတို့ကို  လေးစားလို့ မဆုံးနိုင်တော့ပါ။ တစ်ခါတစ်ရံအလွန်မှ သာယာလှသော ရွာကလေးများကို တွေ့လိုက်ရမှဖြင့် သူကနယ်လူထုရဲ့ ကျန်းမာရေးကို တာဝန်ယူ၊ ခင်ခင်လေးက ကလေးတွေရဲ့ ပညာရေးကို ဦးဆောင်ပြီး ချစ်သူနှစ်ဦး တက်ညီလက်ညီ အမှုထမ်းခွင့် ရလိုက်လျှင် မည်မျှလောက် ပျော်စရာကောင်းမလဲ၊ စိတ်ကူးယဉ်ယဉ်ကလေးဖြင့် အတွေးနယ်ကို ဆန့်လိုက်မိရသည်။

ဤသို့နှင့် ခြောက်ရက်မြောက်သောနေ့ နံနက်တွင် ဗလက်ရော့စခန်းမှ အထွက် တစ်နာရီသာသာလောက် လျှောက်မိလျှင် လမ်းချိုးကလေးတစ်ချိုးကို လွန်လိုက်သည်နှင့် မြင်လိုက်ရသော ရှုခင်းကြောင့် ဗိုလ်သက်မွန်မှာ အသက်ရှူပင် မှားလုမတတ်ဖြစ်သွားရသည်။ သူ့ခြေလှမ်း တို့သည် အလိုအလျောက် တန့်လို့သွားကြသည်။ ဖီမော် ကုန်းမြေ။

ဤရှုခင်းမျိုးကို ဗိုလ်သက်မွန် တစ်ခါဖူးမျှမမြင်ခဲ့စဖူး။ လှလိုက်သည့်သဘာဝ။ မြေပြင်နီနီသည် တဖြည်းဖြည်း မြင့်တက်သွားရင်းက စိုက်ခင်းများဖြင့် စိမ်းလို့လာသည်။ ဟိုမှာတစ်ကွက်၊ သည်မှာတစ်ကွက်ဖြင့် ရွာကလေးများကလည်း ပန်းချီကားတွေထဲကလို မှုန်မှုန်ကလေး ဝိုးတဝါးဖြင့် ဆေးစက်ကလေးများကဲ့သို့ ရှိနေကြသည်။ ထိုမှတစ်ဖန် မြေပြန့်သည် ဆက်၍မြင့်တက်သွားပြန်သည်။ စိမ်းရာကဝါ၊ ဝါရာကပြာ၊ ပြာရာက ဖြူဖြူဖွေးလိုက်သည်။ ထိုဖြူဖြူဖွေးကမူ ရေခဲများ ဖုံးအုပ်နေကြသော တောင်တန်းကြီးပင်ဖြစ်ပါသည်။ ဤသည်၏ ဟိုဘက်မှာတော့ တရုတ်ပြည်။

''ငါ့သားကိုမှာခဲ့မယ်။ဖီမော်ကုန်းမြေဟာ  ဘယ်လောက်လှသလဲလို့ မသေခင် တစ်ခါတစ်ခေါက်သွား ကြည့်စမ်းပါ''

အဲသည်လိုပြောသံကို ကြားလိုက်ရလို့ လှည့်ကြည့်လိုက်တော့  ထောကောမှ  လိုက်ပါလာခဲ့သော  မရူး ကျောင်းဆရာကလေး။

 ဗိုလ်သက်မွန်က သူပြောသည်ကို နားမလည်လိုက် သလိုမို့ သူ့ကိုငေးစိုက်ကြည့်နေမိရသည်။ အဲဒီတော့...''

''ကျွန်တော်တို့ ကချင်မှာ အဲဒီစကားပုံရှိတယ်... ဗိုလ်ကြီးရဲ့။ ဖီမော်ဟာ ဘယ်လောက်လှတယ်ဆိုတာ ဒီလိုစကားပုံနဲ့ ရှေးလူကြီးတွေက ပြောပြခဲ့တယ်''ကျောင်း ဆရာကလေးက ရှင်းပြသည်။

ထိုအခါမှ ဗိုလ်သက်မွန်သည် ဖြည်းညင်းစွာ ပြန်လှည့် လိုက်ပြီး သူပြောသည့် ဖီမော်၏ အလှကို ပြည့်ပြည့်ဝဝကြီး ကြည်နူးနေမိပါတော့သည်။

ချမ်းမြသာစည် လေဆိပ်သို့ လေယာဉ်ဆင်းလိုက်သည်နှင့် အပူရှိန်က တစ်ဟုန်ထိုးဟပ်လိုက်သည်။

သို့ပေမယ့် ဗိုလ်သက်မွန်ကတော့ ပူရအိုက်ရမည်ကိုပင် သတိမေ့သလိုလို ရှိနေသည်။ ခင်ခင်လေးနှင့် တွေ့ရတော့မည်။ ဤသည်ကိုပင် မျှော်တလင့်လင့် ရှိနေသည်။ စိတ် တစောစောဖြစ်နေသည်။ ကချင်ပြည်နယ်တွင် ခရီးလှည့်လည်သွားနေစဉ် အရက်  ၂ဝ ခန့်အတွင်း၌လည်း အလုပ်တာဝန်တို့ကို ထမ်းနေရသည့်အကြားမှပင် အချိန် ရသရွေ့ ခင်ခင်လေးကိုသာ သတိရနေခဲ့သည်။ သတိရလို့ ခင်ခင်လေး၏ အကြောင်း၊ ခင်ခင်လေး၏  ပြောပုံဆိုပုံ၊ ကိုယ်နေဟန်ထား အမူအရာတို့ကို စဉ်းစားမိသည်။ စဉ်းစားမိလို့ ထင်ပါရဲ့။ ပိုလို့စွဲလမ်းမိရပြန်သည်။ အဲဒီလို စွဲလမ်းမိလာတော့ မကြာခဏ သတိရပြန်သည်။ ဒီလိုနှင့် ပဲ သူ့စိတ်တွေသည် ခင်ခင်လေးကိုသာ ဗဟိုပြုပြီး တဝဲလည်လည်ဖြစ်ခဲ့ရသည်။

လေဆိပ်မှာပင် ဗိုလ်မှူးကြီး၏ ခွင့်ပြုချက်ဖြင့် ခင်ခင်လေးတို့အိမ်သို့ တောက်လျှောက် လာခဲ့ပါသည်။

ကားရပ်သံကြားလို့ အိမ်ပေါက်ဝတွင် ထွက်ရပ်လိုက်သူက ခင်ခင်လေး။

ဗိုလ်သက်မွန်သည် ကားပေါ်မှဆင်းရင်း ပြုံးပြလိုက်ပြီး ကားမောင်းရဲဘော်အား နောက်တစ်နေ့ နံနက် ရှစ်နာရီ ခွဲခန့်တွင် လာရောက်ခေါ်ရန် မှာကြားသည်။ ပြီးတော့ သူ၏ ခရီးဆောင် လက်ဆွဲအိတ်ကြီးကို ဆွဲချလိုက်သည်။

''ပေး...ဗိုလ်ကြီး၊ ကျွန်တော် ယူခဲ့မယ်'' ရဲဘော်က ပြောသည်။

''အို...နေပါစေ၊ လေးတာမှမဟုတ်ဘဲ၊ မနက်ဖြန် သာ ရှစ်နာရီခွဲလောက်နော်''

''ဟုတ်ကဲ့ ဗိုလ်ကြီး''

ကားထွက်သွားလျှင် ဗိုလ်သက်မွန်သည် လက်ဆွဲအိတ် ကိုဆွဲရင်း  ခြံဝင်းအတွင်းသို့  အဝင်၌ ခင်ခင်လေးက သူ့ထံသို့ လာနေပါသည်။

''ပေးလေ...ခင်လေးယူခဲ့မယ်''

ခင်ခင်လေး၏ ယခုကဲ့သို့ ရင်းနှီးစွာဆက်ဆံမှုကို မမျှော်လင့်ခဲ့သော ဗိုလ်သက်မွန်သည် ဗြုန်းခနဲမို့ အံ့အား သင့်သွားမိရသည်။ ဝမ်းလည်းသာသွားသည်။ သို့ရာတွင် ချက်ချင်းပင် မျက်နှာထားကို ပြင်လိုက်ပြီး...

''အို...မဟုတ်တာ မခင်လေးရယ်''ဗိုလ်သက်မွန်က ပြုံးပြုံးရယ်ရယ်ပြောရင်း အိမ်တွင်းသို့ ဦးဆောင်ဝင်ခဲ့သည်။

ထိုအခါမှ ခင်ခင်လေးက သွက်လက်စွာဖြင့် ရှေ့သို့ ကြို၍ ဧည့်ခန်းနောက်ရှိ အခန်းတံခါးကို ဖွင့်လိုက်ပြီး...

''ခင်လေးတို့ လှည်းကျင်းထားပါတယ်။အိပ်ရာတော့ ပြီးတော့မှ ခင်လေး ပြင်ပေးမယ်နော်'' ပျူငှာစွာဖြင့် ပြောပြ နေသည်။

ဗိုလ်သက်မွန်မှာတော့ အခန်းပေါက်ဝတွင် ရပ်ကာ သူ့ကိုပြုံးပြုံးကလေး ကြည့်နေသော ခင်ခင်လေးအား ယခုကဲ့သို့ ဖော်ဖော်ရွေရွေဖြင့် ဆက်ဆံသည်ကို ကျေးဇူးတင်နေမိပါသည်။ အကယ်၍များ ခင်ခင်လေးကသာ ရှက်ကိုးရှက်ကန်း ဖြစ်နေမည်ဆိုလျှင်ဖြင့်  သူ့မှာအနေရ ကျပ်ပါတော့မည်။ ယခုမူ ခင်ခင်လေးက သူ့ကို ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း ဆက်ဆံသည်။ အဘက်ဘက်တွင် သာလွန်လို့နေသည်ကို တွေ့ရသဖြင့်  သူ့မှာကျေနပ်၍ မဆုံးဖြစ်နေရပါသည်။

''တုတ်တုတ်ဈေးသွားနေလို့'' ခင်ခင်လေးက သူကိုယ်တိုင် ကြိုဆိုဧည့်ခံနေသည်ကို ဖြေသကဲ့သို့ ပြောလိုက်ရင်း ''သြော်..ဒါထက် ထမင်းစားခဲ့ပြီးပလား'' မေးနေပါသည်။

အချိန်က နေ့လယ်နှစ်နာရီခန့်မို့ စကောစက အချိန်၊ ဗိုလ်သက်မွန်၏ စိတ်တွင်းမှာတော့ ဝဝပြဲပြဲ အသားမည်းမည်း ဒေါ်တုတ်ကို ခင်ခင်လေးက တုတ်တုတ်လို့ခေါ်လို့ ရယ်ချင်နေသည်။ သို့ပေမယ့် သူ မရယ်ဝံ့ပါ။

''ဟုတ်ကဲ့ ပြီးခဲ့ပါပြီ။ မြစ်ကြီးနားက မထွက်ခင်စားခဲ့ ပါတယ်''

''ဟင်...ဒါဖြင့် ဆာနေမှာပေါ့။ ခင်လေးကော်ဖီ ဖျော်ပေးမယ်လေ''

သူ့အသံတွင် ကရုဏာကလေး နှောလျက်ရှိသည်မို့ ဗိုလ်သက်မွန်၏ ရင်ထဲတွင် စိမ့်အေးလို့ သွားသည်။

''ဖြည်းဖြည်းပေါ့၊ သိပ်လည်းမဆာပါဘူး။ လေယာဉ်ပျံပေါ်မှာလည်း ကော်ဖီနဲ့မုန့်နဲ့ သောက်ခဲ့ပါသေးတယ်။ သြော်...ကြီးကြီးရော''

''မေဖုရား အပေါ်မှာရှိပါတယ်။ အိပ်နေတုန်းထင်တယ်။ ခင်လေး တက်ကြည့်လိုက်ဦးမယ်''

''အို...နေပါစေ၊ အိပ်ပါစေ။ နောက်တော့တွေ့မှာပေါ့'' ပြောပြောဆိုဆို အခန်းထဲသို့ ဝင်ခဲ့သည်။

အိပ်ခန်းကလေးသည် အတော်အသင့် ကျယ်ဝန်းသည်။ အနီးရှိ သရက်ပင်အုပ်အုပ်ကြီး၏ ရွက်သိပ်တို့ အကြားမှ စိမ့်ကျလာသော အလင်းရောင်သည် ပြတင်း ပေါက်နှစ်ပေါက်တို့မှ မြမြကလေးဝင်လာနေသဖြင့် အခန်းတစ်ခုလုံးသည် ကြည်အေးနေသည်။ အနောက် ဘက်နံရံနှင့် ကပ်လျက်တစ်ယောက်အိပ် ခုတင်တစ်လုံး ရှိသည်။ ထိုအပေါ်တွင် မွေ့ရာထူထူကြီး တစ်ခုကို ပိတ်ဖြူပါးပါး တစ်လွှာဖြင့် ဖုံးအုပ်ထားသည်။ 

ဆက်လက်ဖော်ပြပါမည်။

Read 44 times
Rate this item
(0 votes)
Last modified on Friday, 19 April 2019 09:36

Latest from ကေတု