Print this page

နှောင်းတမြေ့မြေ့

Saturday, 20 April 2019 12:41 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ထိုအနီးရှိ   စားပွဲပေါ်၌ အပြာရောင် အုပ်ဆောင်းနှင့် စာကြည့်မီးတိုင် အပုကလေးတစ်တိုင်မှအပ ရှင်းလင်းနေသည်။ အခန်းတစ်ဖက်ထောင့်၌မူ ဗီရိုတစ်လုံးရှိသည်။

ဗိုလ်သက်မွန်သည် အခန်းကို တစ်ချက်မျှစူးစမ်းကြည့် လိုက်ရင်း သူ့လက်ဆွဲအိတ်ကို ကြမ်းပေါ်၌ချလိုက်သည်။ ပြီးတော့ ခင်ခင်လေးကို လှည့်ကြည့်လိုက်တော့ ခင်ခင်လေးက မရှိတော့။

''ဟော...ဘယ်ပျောက်သွားပါလိမ့်၊ အခန်းပေါက်ဝ သို့ထွက်၍ ဟိုဟိုဒီဒီကြည့်သည်။ ထိုသို့ကြည့်နေစဉ် အတွင်းမှာပဲ ခင်ခင်လေးက လှေကားမှ ဆင်းလာသည်နှင့် ကြုံလိုက်ရသည်။

''ဘာလိုချင်လို့ပါလဲ''

ဗိုလ်သက်မွန်မှာ    ဘာကိုပြောရမည် မသိသဖြင့်   ပြုံး၍သာပြနိုင်ပါသည်။

''မလိုပါဘူး၊ ကျွန်တော်က မခင်လေး ဘယ်ပျောက်သွားသလဲလို့'' ထိုအခါမှ ခင်ခင်လေး၏ ရင်ခွင်တွင် ခေါင်းအုံး၊ အိပ်ရာခင်းနှင့် စောင်တို့ကိုပွေ့ပိုက်ထားသည်ကို သတိထားမိရသည်။

''ခင်လေးအိပ်ရာပြင်ပေးမလို့ပါ''   ပြုံးပြုံးကလေးဖြေရင်း ပြောပြောဆိုဆို ရဲရဲတင်းတင်းပင် ဗိုလ်သက်မွန် အနီးမှဖြတ်ကာ  အခန်းတွင်းသို့ ဝင်ခဲ့သည်။ ထိုအခါ ခင်ခင်လေးကိုယ်မှ   ကိုယ်နံ့သင်းသင်းကလေးသည် ဗိုလ်သက်မွန်၏ ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားပါသည်။

''ဖြည်းဖြည်းပေါ့....မခင်လေးရယ်၊ ဟိုအဒေါ်ကြီး ပြန်လာမှလုပ်ရောပေါ့''

ခင်ခင်လေးကတော့ ခေါင်းအုံးတို့ကို စားပွဲပေါ်၌ ချလိုက်ရင်း ခုတင်ပေါ်မှပိတ်ပါးလွှာကို ရုပ်လိုက်သည်။ ပြီးတော့ အိပ်ရာခင်းတစ်ခုကို ဖြန့်ခင်းလိုက်သည်။ ထိုအခါမှ သွက်လက်စွာ လုပ်ကိုင်နေသော ခင်ခင်လေးကိုကြည့်ရင်း ငေးနေမိရသော ဗိုလ်သက်မွန်က သတိရလာကာ.....

''ပေးပေး   ကျွန်တော်ကူပါ့မယ်''  အစတစ်စကို ဝင်လို့ဆွဲသည်။

''နေပါစေ... ခင်လေးနိုင်ပါတယ်''

''အို မဟုတ်တာ၊ ကျွန်တော်လာလို့အလုပ်များနေရပြီ''

အကယ်ပင် အားတုံ့အားနာဖြစ်နေရသည်။

''မများပါဘူး၊ မေဖုရားလည်းနိုးပါပြီ။ တော်ကြာ ဆင်းလာပါလိမ့်မယ်''

ဗိုလ်သက်မွန်က အိပ်ရာခင်းတစ်ဖက်စကို ဆွဲထားသည်။ ခင်ခင်လေးက တစ်ဖက်မှဆွဲကာ  ဖြန့်ခင်းလိုက်ရင်း ယူနီဖောင်းကြီး တကားကားနှင့်    လုပ်ကိုင်နေသော ဗိုလ်သက်မွန်၏ ရယ်စရာပုံပန်းကို မသိမသာကြည့်လိုက်ကာ တိတ်တိတ်ကလေး ပြုံးလိုက်ပါသည်။ ''ကန်တော့နော်'' တိုးတိုးကလေးပြောပြီး  ခုတင်ပေါ်သို့ ပိပိရိရိကလေး ပုဆစ်တုပ်တက်ကာ    တစ်ဖက်အိပ်ရာခင်း အစကို မွေ့ရာအောက်သို့ ထည့်သွင်းနေသည်။ ပြီးလျှင် ပြန်ဆင်းလာပြီး ဗိုလ်သက်မွန်၏ လက်တွင်းမှ   အစကိုယူပြီး မွေ့ရာအစွန်းအောက်သို့ သွင်းလိုက်ပြီး   ပြီးနောက် ခေါင်းရင်း၊ ခြေရင်းတို့ကို    လိုက်၍ အနားသတ်နေသည်။

ပြီးလျှင် ဗိုလ်သက်မွန်အနီးမှ ယို့ယို့ကလေးကပ်ကာ စားပွဲပေါ်ရှိ   ခေါင်းအုံးနှစ်လုံးကို ဆွဲယူလိုက်သည်။ ဗိုလ်သက်မွန်က ကပျာကယာ ရှောင်ပေးလိုက်ရသည်။ ခင်ခင်လေးကမူ ဟန်မပျက် ခေါင်းအုံးစွပ်တို့ကို စွပ်နေသည်။

ယခုကဲ့သို့ သူစိမ်းမိန်းမပျိုတစ်ဦးနှင့် ရင်းရင်းနှီးနှီး၊ နီးနီးကပ်ကပ်၊ လွတ်လွတ်လပ်လပ် တစ်ခါမျှမနေခဲ့ဖူး၊ မထိုင်ခဲ့ဖူးသော  ဗိုလ်သက်မွန်မှာ   ခင်ခင်လေး၏ သွက်လက်ကျင်လည်စွာ တစ်ခုပြီးတစ်ခု အစီအစဉ်တကျ လုပ်ကိုင်နေပုံ တို့ကိုကြည့်ရင်း  ပင့်သက်ကို ရှိုက်လိုက်မိရသည်။ သူ၏သာယာလှမည့် အိမ်ထောင်ရေးကိုလည်း ရှည်ရှည်ဝေးဝေး မြော်တွေးလို့ ဝမ်းမြောက်နေရပါသည်။

''ခြင်ထောင်တော့ ပြီးတော့မှ ထောင်ပေးမယ်နော်'' ခင်ခင်လေးက ဗိုလ်သက်မွန်ကို သမင်လည်ပြန်ကြည့်ရင်း ပြုံးပြုံးကလေး ပြောသည်။

''အားနာစရာ မခင်လေးရယ်'' ဗိုလ်သက်မွန်၏အသံသည် တကယ်ပင် လှိုက်လှဲလှပါသည်။

ခင်ခင်လေးက ခေါင်းအုံးတို့ကို နေရာတကျထားပြီး စားပွဲပေါ်သို့  မျက်နှာသုတ်ပဝါ အမွေးပွပွကြီးကိုယူ၍ ခုတင်ခြေရင်း ခြင်ထောင်တန်းပေါ်သို့ လွှားတင်လိုက်သည်။ ထိုအခါ သူ၏ လုံးကျစ်သော ကိုယ်ကလေးသည် ကြွကြွ ရွရွကလေး တင်းရင်း၍ သွားသည်။ ထို့နောက် စားပွဲပေါ်မှ မီးတိုင်ကလေးကိုဖယ်လိုက်ပြီး ကျန်ရှိသည့် စားပွဲခင်း ဖြူဖြူကလေးကို  ခင်းလိုက်သည်။ ပြီးတော့ မီးတိုင်ကို နေရာတကျပြန်၍တင်သည်။

ရေချိုးတော့မလား၊ သြော်... ဆပ်ပြာတောင်မေ့လာပြန်ပြီ'' လျှာကလေး တစ်လစ်ဖြင့် ပြောရင်းသွားယူမည်အပြု...

''ဆပ်ပြာပါပါတယ်  မခင်လေး...၊ နေပါစေ'' ဟု ဗိုလ်သက်မွန်က ပြောလိုက်ရသည်။ ဗိုလ်သက်မွန်မှာ မလွှဲသာ၍သာ အာရုံကို ဖြတ်ပြီးပြောလိုက်ရသည်။ဖြစ်များဖြစ်နိုင်ရင်ဖြင့် ခင်ခင်လေးကို ဒီလိုသာ တစိမ့်စိမ့် ကြည့်လို့နေချင် လှပါသည်။ လျှာကလေးတစ်လစ်ဖြင့် ချစ်စဖွယ်ခင်ခင်လေး၏ မျက်နှာပေး အမူအရာကလေးကလည်း သူ့မျက်လုံးတို့တွင် စွဲကျန်ရစ်ခဲ့ရသည်။

ပြုလုပ်စရာတွေပြီးလို့   လှည့်ကြည့်လိုက်ကြတော့ မည်သည့်အချိန်က ရောက်နေသည်ကိုပင် မသိလိုက်ကြ၊ ဒေါ်တင်မကြီးက အခန်းဝမှ ပြုံးပြုံးကြီးရပ်နေသည်ကို တွေ့လိုက်ကြရသဖြင့် နှစ်ဦးစလုံး အကြောင်းမရှိ ရှက်ကိုးရှက်ကန်း ဖြစ်သွားကြရသည်။

''ကားသံတော့ ကြီးကြီးကြားလိုက်သားပဲ''

''သြော်...ကြီးကြီး...ဒုက္ခရှာလို့ ဆင်းလာတယ်။

နေလို့ကောင်းရဲ့လား''

''အေးကွဲ့...ခုတလောတော့ အတော်ကလေး နေလို့ကောင်းသား။ မောင်သက်မွန်သွားတာ အကြာသားပဲ။ ကြီးကြီးဖြင့် ရန်ကုန်များ တိုက်ရိုက်ပြန်သွားမလားလို့တောင် စိတ်မကောင်းဖြစ်နေရသေးတယ်''

''ဟုတ်ကဲ့...သုံးပတ်ကျော်ကျော် တစ်လနီးပါးဆိုပါတော့''ပြောပြောဆိုဆို ဗိုလ်သက်မွန်က အခန်းအပြင်သို့ထွက်လိုက်ကာ ''လာကြီးကြီး...ထိုင်ရအောင်''ဒေါ်တင်မကြီးအား ဧည့်ခန်းသို့ တွဲပြီးခေါ်ဆောင်ခဲ့သည်။

ထိုင်မိကြလျှင် ဒေါ်တင်မကြီးက သူ့နောက်မှီ ပိုးထိုင်ဖုံကလေးကို ပြင်လိုက်ရင်း သမီးကိုခေါ်သည်။

''ခင်လေးရေ''

''ဖုရား''

''ရှင်တုတ်ရောဟေ့''

''ဈေးသွားပါတယ်''

''ဘယ်တွေရောက်ခဲ့သလဲကွဲ့''  ဒေါ်တင်မကြီးက ဗိုလ်သက်မွန်ဘက်သို့ လှည့်၍မေးသည်။

''ဖီမော်အထိပါ''

''သြော်...ဖီမော်ဆိုတာ မြန်မာ-တရုတ် နယ်နိမိတ် သတ်မှတ်တုန်းက တော်တော် ကြားလိုက်ဖူးပါတယ်''

ဗိုလ်သက်မွန်စိတ်ထဲ၌ အတော်လေး ခေတ်မီသော အဘွားကြီးဟု မှတ်ချက်ချလိုက်မိသည်။

''ဟုတ်ပါတယ်...ကြီးကြီး နှစ်နိုင်ငံအစိုးရ အပေးအယူ လုပ်ကြတဲ့ နယ်မြေတွေထဲမှာ တစ်ခုအပါအဝင်ပါ''

''အေးပေါ့ကွယ်...နှစ်နိုင်ငံချစ်ကြည်ရေးကိုးကွဲ့။

အရင်တုန်းကတော့ အရှင်သခင်များရှိစဉ်ကပေါ့ကွယ်။

အဲဒီကချင်ပြည်နယ်က ဒူးဝါးကြီးတွေ၊ စော်ဘွားကြီးတွေဟာ သုံးနှစ်တစ်ခါ၊ လေးနှစ်တစ်ခါဆိုသလို ရွှေနန်းတော်ကို လာကြသတဲ့ကွဲ့။ ဖောင်ကြီးတွေနဲ့ပေါ့။ ယူလာလိုက်

ကြတဲ့လက်ဆောင်တွေကဆိုရင်လည်း စုံလို့။ ကျောက်စိမ်းတို့၊ တရုတ်ပြည်ကလာတဲ့  ပိုးဖဲတို့၊ ပြီးတော့ သူတို့ဆီကထွက်တဲ့ ကောက်ပဲသီးနှံတို့ပေါ့။ ကြီးကြီးတို့ ရှင်ဘုရင်ကလည်း  အပြန်အလှန် လက်ဆောင်ပေးရတယ်ကွဲ့။

အဲဒီအခါမှာဘွဲ့တွေ၊ တံဆိပ်တွေ၊ ရွှေနဖူးစည်းတွေလည်း ပေးတာပေါ့။ ဒီလိုလက်ဆောင် အပြန်အလှန်ပေးကြတဲ့ အခမ်းအနားမှာဆိုရင် တယ်ကြည့်လို့ကောင်းဆိုပဲ။

ကြီးကြီးတို့အဘွားပြောလို့ ကြားခဲ့ရဖူးတယ်။ မောင်တို့၊ ခင်လေးတို့ရဲ့ဘွားပေါ့။ အဲဒီတုန်းကများ ဒူးဝါးကြီးတွေနဲ့ တို့ရှင်ဘုရင်ဟာ တယ်ပြီး ချစ်ကြခင်ကြသတဲ့။ တစ်ဦးကိုတစ်ဦး တယ်အရေးပေး လေးစားကြသတဲ့ကွဲ့။ ဒါကြောင့် မဟုတ်လား။ အရှင်သခင်တွေ ပါတော်မူသွားတော့တောင် ဝန်းသိုစော်ဘွားကြီးတို့၊   အချို့ဗမာ မင်းသားတို့ဟာ ကချင်ပြည်နယ်ထဲ ဝင်သွားပြီး  အဲဒီကဒူးဝါးကြီးတွေနဲ့ ပေါင်းပြီး အင်္ဂလိပ်တွေကို ခုခံတိုက်ခဲ့တာ နှစ်ပေါင်း အတော်ကြာပဲပေါ့''ဒေါ်တင်မကြီး၏ အသံသည် ပြောရင်း နူးညံ့လို့လာသည်။ သူ့မျက်လုံးများကမူ တောက်ပ၍လာကြပါသည်။

ထိုအတွင်း ခင်ခင်လေးက ကော်ဖီတစ်ခွက်၊ ဟောလစ်တစ်ခွက်၊ ဘီစကွတ်မုန့်၊ စတော်ဘယ်ရီယိုတို့ကို ငွေလင်ပန်းကလေးပေါ်တွင် တင်ပြီးယူလာသည်။ ဟောလစ်ခွက်ကို သူ့မေမေ၏ ရှေ့တွင်ချပေးပြီး  ကော်ဖီနှင့်မုန့်တို့ကို ဗိုလ်သက်မွန်ရှေ့တွင်ချပေးသည်။

''သြော်...မောင်သက်မွန်...မနက်က ထမင်း ဘယ်မှာစားခဲ့သလဲ''

''မြစ်ကြီးနားမှာပါ ကြီးကြီး လေယာဉ်ပျံမထွက်ခင် စောစောစားခဲ့ပါတယ်။ လေယာဉ်ပျံပေါ်မှာလည်း ကော်ဖီနဲ့မုန့် စားခဲ့ပါသေးတယ်။

''အေး...အေး ညကျတော့မှ ထမင်းစောစောစားပေါ့ကွယ် ဟုတ်လား။  ကဲ  သောက်လိုက်ဦး...

အဆာပြေ''                

ဆက်လက်ဖော်ပြပါမည်။

Read 80 times
Rate this item
(0 votes)
Last modified on Saturday, 20 April 2019 12:42
ကေတု

Latest from ကေတု