SJ WorldNews - шаблон joomla Авто

နှောင်းတမြေ့မြေ့

Sunday, 21 April 2019 11:52 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ဗိုလ်သက်မွန်က ဘီစကွတ်ကို  ယိုသုတ်၍ စားရင်း ကော်ဖီ သောက်နေသည်။ ထိုအတွင်း ဒေါ်တုတ်သည် ဈေးခြင်းတောင်းကို ဆွဲပြီး အိမ်ဘေးမှဖြတ်ကာ မီးဖိုဆီသို့ ဝင်သွားသည်ကို မြင်လိုက်ကြရသည်။

''ရှင်မယ်တုတ်'' ဒေါ်တင်မကြီးက မတိုးမကျယ် လှမ်း ခေါ်သည်။

''ဖုရား...''

''ဘာတွေရခဲ့တုန်း''

''ဝက်သားဖုရာ့၊ ငါးလည်းရတယ်''

''မောင်သက်မွန် စားတယ်နော်''

''စားပါတယ်၊   ကျွန်တော်  အစားမရှောင်ပါဘူး ကြီးကြီး''

ထိုအခိုက်  ခင်ခင်လေး ဝင်လာပြီး ဒေါ်တင်မကြီး အား...

''မေဖုရား... ဒီက ရေချိုးပါစေဦး ပြီးမှ ဗိုလ်သက်မွန် ဘက်သို့ လှည့်လိုက်ကာ ''ရေချိုးလို့ရပါပြီ'' ပြုံးပြုံးကလေးဖြင့် ခေါ်သည်။

''ကဲ...ကဲ...ရေမိုးချိုးလိုက်ပါဦး၊ ရေတွင်းမှာမို့ ချိုးတတ်ရဲ့လားကွဲ့''

''ရပါတယ်... ကြီးကြီး''

ဗိုလ်သက်မွန် အိပ်ခန်းသို့ ဝင်လိုက်တော့ ခြင်ထောင်ထောင်လို့ ပြီးနေပါပြီ။ သို့ရာတွင် သူ့လက်ဆွဲအိတ်ကို  ဗြုန်းခနဲ မတွေ့ ဖြစ်နေသည်။

''ဗီရိုထဲမှာ  ခင်လေး ထည့်ထားတယ်'' အခန်းဝမှ ခင်ခင်လေး၏ ပြောသံကြားရမှ ဗီရိုကို ဖွင့်ကြည့် ရသည်။

ဗိုလ်သက်မွန်  ရေတွင်းသို့ ရောက်လျှင်  အနီးရှိ စည်ပိုင်းအတွင်း၌ ရေအပြည့်ကို တွေ့ရသည်။ ယခုတစ် ခဏကလေးအတွင်းမှာပင် ဖြည့်ထည့်ထားခဲ့ဟန်ရှိသည်။

ပတ်ပတ်လည်၌ ရေများစိုနေပါသေးသည်။ စည်ထဲတွင်လည်း လှိုင်းကလေးများထလို့ရှိနေဆဲ။ သူ အိမ်ရှေ့တွင်ဒေါ်တင်မကြီးနှင့်  စကားပြောနေတုန်း ခင်ခင်လေး ဖြည့်သွားတာပဲ ဖြစ်မှာပေါ့။ သူ ရင်ထဲတွင် စိတ်မကောင်းခြင်းနှင့် ကြည်နူးခြင်းတို့ ရောထွေးလို့ ရှိနေကြပါသည်။

ခင်ခင်လေးရဲ့ နှောင်ကြိုးတွေကဖြင့် ဗိုလ်သက်မွန်၏ အသည်းနှလုံးတွင် ထပ်ကာထပ်ကာ ရစ်ပတ်လို့ရှိနေကြပါပြီ...။

ထိုညက မီးစတင်ထွန်းရချိန်တွင် ထမင်းစားကြသည်။ဒေါ်တင်မကြီးက စားပွဲထိပ်မှထိုင်၍ ဗိုလ်သက်မွန်နှင့်ခင်ခင်လေးတို့က ဝဲယာမှမျက်နှာချင်းဆိုင်ထိုင်ကြသည်။

ဝက်သားနှပ် ဝက်စဥကြော်၊ ငါးဆီပြန်၊ ချဉ်ရည်ဟင်း၊ပန်ထွေဖျော်နှင့် အမြှုပ်က သရက်ကင်းကြွပ်ကြွပ်ကလေးများ။

ဗိုလ်သက်မွန်အတွက် ဇွန်းနှင့်ခက်ရင်းပေးထားသည်။

ခင်ခင်လေးကတော့ လက်နှင့်ပင်စားသည်။

ဒေါ်တင်မကြီးသည် ထမင်းအနည်းငယ်နှင့် သူ့အတွက် သီးသန့် စီမံထားသည့် ကြက်သား စွပ်ပြုတ်ကလေးကိုသာ ဖြည်းဖြည်း ကလေး တစ်ဇွန်းချင်း သောက်နေသည်။

''ကြီးကြီး ဒီထမင်းနဲ့ ဝရဲ့လား'' ဗိုလ်သက်မွန်က ဝက်စဥကြော် တစ်တုံးကို နှိုက်ယူလိုက်ရင်း မေးသည်။

''အစကတော့ သိပ်မဝဘူးကွဲ့။ အခုတော့ အကျင့်ရလာလို့ထင်ပါရဲ့၊  အာသာပြေပါတယ်။  ပြီးတော့ ကြီးကြီး ညအိပ်ခါနီးလည်း ဟောလစ်ကလေး၊ အိုဗာတင်းလေးသောက်တယ်။ တစ်ခုပဲရှိတာက ဆားမစားဝံ့တော့ ပေါ့ပြက်ပြက်တော့ဖြစ်တာပေါ့''

ခင်ခင်လေးက သရက်ကင်းကလေးကို ထောက်ခနဲကိုက်လိုက်ရင်း ထမင်းတွင်မြှုပ်ကာ ပန်ထွေဖျော်နှင့်ဆမ်းနေသည်။

ဗိုလ်သက်မွန်အဖို့မူ ဟင်းချက်ပုံ လက်ရာက နည်းနည်းဆန်း သလိုလို ဖြစ်နေရသည်။ သို့ရာတွင် စား၍တစ်မျိုးကောင်းသည်။ ရန်ကုန်အိမ်မှာလည်း  မလှမေသည် ဟင်းချက် အင်မတန် ကောင်းသည်။ သူကောင်းသည်က တစ်မျိုး။ ဒီအသား၊ ဒီဟင်းသီး၊ ဒီဟင်းရွက်တို့ကိုပင် ချက်နည်းခပ်ဆင်ဆင်၊ ချက်ပုံချင်းအတူတူပေမင့် ဒီမှာ ကတစ်မူထူးနေရသည်။ ရွှေမန်း၏ ချက်ဟန်ချက်နည်း ကို သူ့ခံတွင်း၌ အတွေ့ထူးနေမိပါသည်။

''ဝက်စဥကြော် ကြိုက်တယ်ထင်ပါရဲ့။ ကြီးကြီးလည်းအရင်ကတော့ သိပ်စားတာပေါ့ကွယ်။ အခုတော့ မစားဝံ့တော့ဘူးကွဲ့''

ဒေါ်တင်မကြီးက ဗိုလ်သက်မွန် အားပါးတရစားနေသည်ကို ကျေနပ်စွာ ကြည့်နေရင်းပြောသည်။

ဗိုလ်သက်မွန်က သူ့ခက်ရင်းအဖျားတွင် ထိုးစိုက်ထားသော ဝက်စဥကြော်ကိုထောင်၍ လှည့်ကာပတ်ကာ လုပ်နေရင်း...

''မွမွကလေးဖြစ်အောင် ဘယ်လိုများကြော်ထားသလဲ မသိဘူး။ သိပ်ကောင်းတာပဲ''

ဒေါ်တင်မကြီးက ပိုလို့ပြုံးလာသည်။

''ဒါ မောင့်နှမ ခင်လေးလက်ရာပေါ့''

အဲဒီတော့ ဗိုလ်သက်မွန်က ခင်ခင်လေးကိုလှမ်းကြည့်လိုက်သည်။ ခင်ခင်လေးက ထမင်းလုတ်ကို ပါးစပ်ထဲသို့သွင်းနေရင်းမှ ဟဟကလေးဖြင့် သူ့မျက်လုံးဝိုင်းကြီးတွေ နှင့် ပြန်လို့မော့ကြည့်သည်။ ပြီးတော့ သူ့မေမေဘက် လှည့်လိုက်ကာ ရှက်ရောင်ကလေးသန်းနေရှာသည်။

''မေဖုရားကလည်း ခင်လေးက  ကူရုံကူတာပါ။  တုတ်တုတ်ချက်ထားတာတွေပါ''

''အို... သမီးရယ်... အတူတူပဲပေါ့ကွဲ့။ မေမေကကြွားတာမဟုတ်ပါဘူး။  ရိုးရိုးပြောပြတာပါ။ မောင်သက်မွန်က ကြွားရမယ့်လူမှမဟုတ်ဘဲ''

ခင်ခင်လေးက  ရှက်ပြုံးကလေးပြုံးနေသည်။ ဗိုလ်သက်မွန်တွင်မူ ရင်ထဲမှာနွေးလို့သွားရသည်။

စားပြီးကြတော့   ဒေါ်တုတ်နှင့် ခင်ခင်လေးတို့က ပန်းကန်တွေကိုသိမ်းနေကြသည်။

''စားကောင်းရဲ့လားကွဲ့'' ဒေါ်တင်မကြီးက မေးသည်။

ထိုအခိုက် ခင်ခင်လေး မီးဖိုမှပြန်ရောက်လာပြီး ဗိုလ်သက်မွန်၏အဖြေကို စောင့်မျှော်နေသလို မျက်နှာချင်းဆိုင်ရပ်ပြီး သူ့ကိုကြည့်နေသည်။

''ကောင်းတယ်ကြီးကြီး၊ သိပ်ကောင်းတာပဲ။ ပန်ထွေဖျော်ကလည်းသိပ်ကောင်းတာပဲ။ အိမ်မှာလည်း တစ်ခါတစ်ခါတော့ ဖျော်သားပဲ၊ ဒါပေမဲ့ မတူဘူးကြီးကြီးရဲ့''

ဒေါ်တင်မကြီးရော ခင်ခင်လေးပါ ပြုံးပြုံးကြီးတွေဖြစ်သွားကြသည်။

''မောင်သက်မွန်စိတ်ထင်လို့ဖြစ်ပါလိမ့်မယ်ကွယ်''

''မဟုတ်ပါဘူး၊  တူကိုမတူဘူး...။ တစ်ခုတော့

တွေးမိတယ်'' ပြောရင်းမှ ပြုံးလိုက်ကာ ခင်ခင်လေးကိုမော့ကြည့်လိုက်သည်။ ''ရေမြေလိုက်လို့ထင်ပါရဲ့''

အဲဒီတော့ ဒေါ်တင်မကြီးရော၊ ခင်ခင်လေးပါ အသံထွက်ရယ်လိုက်ကြသည်။ ဤတစ်ကြိမ်သာ ခင်ခင်လေးအားပါးတရရယ်မောသံကိုကြားရသော ဗိုလ်သက်မွန်မှာ ကြား၍မဝအောင် ဖြစ်နေရသည်။

မကြာမီ လမုန့်နှစ်ခုပန်းကန်နှင့်  လက်ဖက်ရည်အကြမ်းတစ်အိုးကို ခင်ခင်လေးယူလာသည်။

''လမုန့်တွေနှစ်ခုတောင်...မခင်လေးရယ်'' ဗိုလ်သက်မွန်ကပြောတော့ ခင်ခင်လေးက ပြုံးလိုက်သည်။

ထို့နောက်  သူ့လက်တွင်းမှ ဓားကလေးနှင့် တစ်ခုစီကို လှီးဖြတ်ရင်း...

''ဒါက အထဲက ပဲပါတယ်။ ခါတော်မီလို့ခေါ်တယ်။

ဒီဟာက သကြားနဲ့ပါ။ အေးမုန့်လို့ခေါ်တယ်'' လေအေးကလေးဖြင့် ရှင်းလင်းပြောပြနေလို့ ဗိုလ်သက်မွန်မှာ တစ်သက်လုံး လမုန့်ဟုခေါ်လာခဲ့သော မုန့်များကို ယခုမှပင် ကဗျာဆန်ဆန် နာမည်ကလေးတွေကိုယ်စီနှင့် ကြားရသဖြင့် တတ်လည်းတတ်နိုင်ပါပေရဲ့ ရွှေမန်းရယ်

လို့ စိတ်ထဲမှတွေးမိရင်း ပြုံးနေရသည်။

ဒေါ်တင်မကြီးက သကြားနှင့်မုန့်ကို လက်ညှိုးနှင့်တို့ရင်း ...

''တချို့ကလည်း လမုန့်လို့တော့ ခေါ်ကြတာပေါ့ကွယ်။ဒါပေမဲ့ ဒီမှာတော့ ခါတော်မီ အေးမုန့်လို့ အခေါ်များပါတယ်။ မြည်းကြည့်စမ်းပါဦး။ မောင်သက်မွန်တို့ ရန်ကုန်က တရုတ်လုပ်တဲ့မုန့်နဲ့တူရဲ့လားလို့''

အဲဒီတော့ ဗိုလ်သက်မွန်က အေးမုန့်ဆိုတာကို တစ်တုံးကိုက်စားကြည့်လိုက်သည်။ ဒေါ်တင်မကြီးနှင့် ခင်ခင်လေးက သူ့ကိုအကဲခတ်သလို ပြုံးလို့ကြည့်နေကြသည်။

''ကောင်းတယ်...ကြီးကြီး၊ ပါးစပ်ထဲမှာအေးသွားတာပဲ'' တကယ်လည်းကောင်းလှပါသည်။ သူအရင့်အရင်က စားခဲ့ရဖူးသော လမုန့်တို့နှင့်လုံးလုံးမတူ၊ နှင်းရည်နံ့ ကလေး တသင်းသင်းနှင့်မို့ စိမ့်စိမ့်ကလေးအေးလို့ချိုနေသည်။ ကုလားထိုင် နောက်ကို မှီလိုက်ရင်း ''သြော်...ဒါကြောင့်...အေးမုန့်လို့ခေါ်တာကိုး''

ဆက်လက်ဖော်ပြပါမည်။

မြတ်ထန်

Read 77 times
Rate this item
(0 votes)