SJ WorldNews - шаблон joomla Авто

နှောင်းတမြေ့မြေ့

Thursday, 16 May 2019 13:26 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်      

စိတ်ညစ်ညစ်နှင့်မို့ ရေးလိုက်မိသည်။ သူ့မှာ ဘယ်သူ့ကိုမှ ရည်ရွယ်ချက်မရှိ။ ဒေါက်တာခင်ဝင်းဝင်း တစ်ယောက်တော့ ရှိလေရဲ့။ သူနှင့် တစ်နှစ်တည်း ကျောင်းဆင်း။

ခင်ဝင်းဝင်းသည် ရုပ်ရည်တော့ ပြောစရာမရှိ။ သို့ရာတွင် ပညာဂုဏ်မောက်သည်။ မဖြစ်ပါ။ ဖေဖေ့သူငယ်ချင်း ပင်စင်စား စက်ရှင်မင်းကြီး ဦးဘစန်း၏ သမီးအလတ် မော်လီဘစန်း။ သဘောတော့ ကောင်းသည်။ သို့ပေမယ့် ဆံထုံးအမောက်ကအစ အောက်ဆုံး ဆေးနီဆိုးထားသည့် ခြေသည်းအထိ ဆင်ယင်ထုံးဖွဲ့မှုကို သူမကြိုက်။ သို့ဖြစ်လျှင် ရိုးရိုးကလေးထဲက ဆိုကြပါစို့။ ဤဆေးရုံမှ ရဲမေကလေး မမြကြည်တို့လိုမိန်းကလေး။ အားလုံးသဘောကျသည်။ အဲဒီလိုတွေးလိုက်မိတော့ သူ့အနေနှင့် နှမကလေးများ၊ သမီးကလေးများလို သဘောထားရမည့် သူများပါလားလို့ သတိရပြီး တစ်ယောက်တည်း ရှက်နေမိရပြန်သည်။

အမှန်တော့ သူပြခဲ့သောဆင်ခြေများက အကြောင်းမဟုတ်လှပါ။ အမှန်တကယ် အကြောင်းကမူ သူသည် မည်သည့်မိန်းကလေးကိုမှ မလိုချင်ပါ။ သဘောမကျပါ။

မကြိုက်ပါ။ မချစ်နိုင်ပါ။  မချစ်နိုင်တာကလည်း သူ့မှာသူနှစ်နှစ်ကာကာ ချစ်နေမိသူ ရှိနေပြီဖြစ်သဖြင့် ဖြစ်ပါသည်။ အဲဒီသူကတော့ ခင်ခင်လေး။

''ပြီးတော့လည်း... ကိုကို၊ ကိုကိုဗမာပြက္ခဒိန်ကို မကြည့်မိဘူးထင်တယ်။  ဝါဆိုဖို့ တစ်ပတ်လောက်ပဲ လိုတော့တယ်လေ'' တဲ့။

သူ့မှာ  လေထဲမိုးထဲ၌ခေါင်းကိုသာငုံ့ပြီး    ရေဆန်လေဆန်ကို ပင်ပန်းကြီးစွာ အတင်းတိုးပြီး လျှောက်နေသည့်သူနှင့်ပင်  တူသေးတော့။ ရှေ့တွင်ခိုလှုံစရာအဖြစ် ဇရပ်ကြီးရှိနေသည်ကို သူမမြင်မိ။ ယခုလည်း ဝါဝင်တော့မည် ဆိုသည်ကို  သူမသိလို့တော့ မဟုတ်။  သို့ရာတွင် အကြောက်လွန်ပြီး ရက်တို့ကို မတွက်မိခဲ့။

အခုမှပဲ သူ့ရင်ထဲတွင် အသက်ရှူ ချောင်သွားရပါသည်။ သုံးလတော့ဖြင့် စိတ်ချလက်ချ နေရပါတော့မည်။

ဝါတွင်း၌ပင် ဗိုလ်သက်မွန်သည် မိတ္ထီလာရှိ စစ်မြေပြင် သူနာပြုတပ်ရင်းသို့ ပြောင်းခဲ့ရပါသည်။ စက်တင်ဘာလအစ၌ပင် ပြောင်းခဲ့ရပါသည်။

ပြောင်းရဖို့ အမိန့်ရသည့် ထိုနေ့က အိမ်ပြန်အရောက် ညစာစားအပြီး ရေနွေးကြမ်းဝိုင်းတွင်  သူက ထိုသတင်းကို ဖေဖေနှင့်မေမေတို့ကို ဖွင့်ဟပြောလိုက်တော့ ဖေဖေရောမေမေပါ ပါးစပ်အဟောင်းသားနှင့် ငိုင်သွားကြပါသည်။

''ဒီလိုပဲပေါ့... မေမေရဲ့။ အစိုးရအလုပ်ဆိုတာ တစ်နေ့မပြောင်း တစ်နေ့တော့ပြောင်းရမှာပေါ့။ ဖေဖေ့အလုပ်တုန်းကလည်း မေမေတို့ ဒီလိုပဲ ပြောင်းကြရတာပဲ မဟုတ်ဘူးလား'' သူကနှစ်သိမ့် အားပေးရသည်။

ဒေါ်ခင်မြတ်မွန်က သောက်မည့်တန်းလန်း ရေနွေးကြမ်းပန်းကန်ကို စားပွဲပေါ်ပြန်ချလိုက်ရင်း...

''ဟုတ်တော့ ဟုတ်တာပေါ့... သားရယ်။ ဒါပေမဲ့ သားဟာက ဗြုန်းစားကြီးမို့''

''တစ်ပတ်လောက်ကြာမှ သွားရမှာပါ... မေမေရဲ့''

''အေးလေ... တစ်ပတ်ဆိုတာ ဘာရှိတာမှမဟုတ်ဘဲ''

ဦးဘသက်ကမူ သူ့သားနှင့် ခွဲခွာရမည်ကိုတော့ စိတ်မကောင်း၊ သို့ရာတွင် သူ့သားကို အကြောင်းပြုပြီး မိတ္ထီလာသို့ သွားရောက်လည်ပတ်ခွင့် ရမည်ဖြစ်သဖြင့် တစ်မျိုးဝမ်းသာနေသည်။ မိတ္ထီလာတွင် ရဲဝန်ထောက်အဖြစ် သုံးနှစ်လောက် အမှုထမ်းခဲ့ဖူးသည်။ အချိန်အားဖြင့်ကတော့ ကြာခဲ့ပါပြီ။ သို့ပေမယ့် သူ့အပေါင်းအသင်းများထဲမှ တချို့တစ်ဝက်တော့ ကျန်ပါလိမ့်ဦးမည်။

''ဒီလိုပေါ့... မခင်မွန်ရယ်။ အခုမပြောင်းလည်း နောက်တော့ပြောင်းရမှာပဲ။ ပြောင်းစရာရှိ ပြောင်းပေါ့။

ယောက်ျားကလေးပဲကွဲ့'' ပြောရင်းမှ သူ့စိတ်ထဲတွင် ဖျတ်ခနဲ သတိရလိုက်သည်။ မိတ္ထီလာဆိုတော့ မန္တလေးနှင့် နီးနီးကလေး။ ကားနဲ့မောင်းရရင် နှစ်နာရီကျော်ကျော် သုံးနာရီခရီး။ မန္တလေးမှာ ဒေါ်တင်မကြီးတို့၊ ခင်ခင်လေးတို့ သားအမိ။ ''ဟေ့... မခင်မွန် ပိုတောင်ဟန်ကျသေးတယ်။ မန္တလေးနဲ့ နီးသွားတာပေါ့ကွ''

ဒေါ်ခင်မြတ်မွန်က သူ့ခင်ပွန်းကို ကြည့်လိုက်ပြီး ပထမတော့ ခပ်ကြောင်ကြောင်ကလေး ဖြစ်နေရသည်။

နောက်တော့မှ တဖြည်းဖြည်းပြုံးလာပြီး...

''ဟုတ်သားပဲ သားရေ...၊ မေမေ့မှာ သားပြောင်းရမယ်ဆိုလို့  ထူပူသွားပြီး  ဘာမှသတိမရလိုက်ဘူး။

မိတ္ထီလာဆိုတော့ ခင်ခင်လေးတို့နဲ့ သိပ်နီးသွားတာပေါ့''

ဗိုလ်သက်မွန်က သူ့ဖေဖေနှင့် မေမေတို့ စိတ်သက်သာ ကြပါစေတော့လို့  လိုက်လိုက်လျောလျော  ပြုံးနေရပါသည်။

''အေးလေ...ပြောင်းရမယ်ဆိုလည်း ဘယ်တတ်နိုင်မလဲ။ တခြားပြောင်းရမှာနဲ့စာတော့   မိတ္ထီလာက တော်သေးတာပေါ့''ဒေါ်ခင်မြတ်မွန်က  သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။

''မင်...ဟိုကျရင် အိမ်ရမှာပေါ့''  ဦးဘသက်က မေးသည်။

''တစ်ယောက်တည်းသမားဆိုတော့ အရာရှိရိပ်သာမှာ နေရမှာပေါ့ ဖေဖေ''

''အိမ်ထောင်ရှိတဲ့လူတွေတော့ အိမ်ရတယ် မဟုတ်လား''

ဦးဘသက်မှာ သူ့သား လက်ထပ်ပြီးလျှင် နေစရာအိမ်မရှိမှာကို စိုးရိမ်နေပြန်သည်။

''ရပါတယ်''

''မရလည်း အရေးမကြီးပါဘူးကွာ၊ မိတ္ထီလာမှာ ဖေဖေ့မိတ်ဆွေတွေ အများကြီးရှိတယ်...''

ဒေါ်ခင်မြတ်မွန်က ဦးဘသက်ကိုပြုံးကြည့်နေသည်။

''ဘာလဲ... ကိုသက်က မိတ္ထီလာ အလည်သွားချင်နေပလား''

ဦးဘသက်က ပြုံးနေသည်။

''သားရှိတော့ တစ်ခေါက်တော့သွားရမှာပေါ့ကွာ''

''ကျွန်မလည်း လိုက်မှာပေါ့''

''အေးပေါ့... အတူတူသွားမှာပေါ့။ ငါဖြင့် သားသွားတော့တောင် လိုက်ပို့လိုက်ချင်သေးဗျာ''

''အမယ်လေးရှင်... သားလေးဟိုမှာ နေသားတကျရှိမှ သွားပါ။  နို့မဟုတ်ရင် အဖေကြီးက  ကန့်လန့်ကန့်လန့် ဖြစ်နေပါဦးမယ်''  ထို့နောက်  ဗိုလ်သက်မွန်ဘက် လှည့်လိုက်ပြီး ''မေမေတို့ လာလည်မယ်နော်''

ခွင့်တောင်းနေပါသည်။

''သြော်... မေမေကလည်း လာလည်မှာများ''

''မေမေတို့ သားဆီအရင်လာမယ်၊ ပြီးတော့ မန္တလေး ခင်ခင်လေးတို့ဆီ သွားရမယ်။ မန္တလေး မရောက်တောင် အတော်ကြာသွားပြီ''

အဲဒီလိုဆိုတော့လည်း ဒေါ်ခင်မြတ်မွန်သည် အတွေးနှင့်ပဲ ပျော်နေရပြန်ပါပြီ။

ရန်ကုန်မှ ဒေါ်ခင်မြတ်မွန်ပျော်နေရသလိုပင် မန္တလေးမှ ဒေါ်တင်မကြီးမှာလည်း ပျော်နေရပါသည်။ ဒေါ်ခင်မြတ်မွန်ထံမှ စာမရခင်မှာပင် ခင်ခင်လေးထံမှ  ဗိုလ်သက်မွန် မိတ္ထီလာသို့ပြောင်းရမည့် သတင်းကိုသူရသည်။

''မေဖုရား...''

''ဘာလဲသမီး''

''အခုပဲ ခင်လေး ကိုကိုသက်မွန်ဆီက စာရပါတယ်။

ကိုကိုဒီတစ်ပတ်၊ နှစ်ပတ်အတွင်း မိတ္ထီလာကို ပြောင်းလာရတော့မယ်တဲ့''

ခင်ခင်လေးသည် ထိုသတင်းကို ကိုကိုသက်မွန်၏ စာထဲတွင် ဖတ်လိုက်ရတော့ ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား။ သူ့မှာ မဝေခွဲတတ်တော့ပါ။ လူချင်းပိုပြီးနီးလာသည်က အမှန်ဖြစ်သည်။ ထိုသို့  နီးလာသောကြောင့် သူတို့၏ အခြေအနေသည် ပိုလို့ထူးခြားလာမည်လား။

အဲဒါကိုလည်း  သူမဖြေတတ်။  မိတ္ထီလာရောက်လျှင် ကိုကိုသက်မွန် မန္တလေးကို တက်လာဦးမှာလား။ သူ့စိတ်ထဲမှာ ကိုကိုသက်မွန်ကိုတွေ့လည်း တွေ့ချင်၊ မတွေ့လည်း မတွေ့ဝံ့။ သူ့စိတ်ထဲမှာ ယခုတလော အင်မတန်မှ ထွေနေပါသည်။  ကိုကိုသက်မွန်နှင့် ပတ်သက်လာလျှင်   သူ့မှာ ဘာတစ်ခုမှ အတိအကျ အဆုံးအဖြတ်ပြုလို့မရ ဖြစ်နေရသည်။ သို့ပေမယ့် သူ ကိုကိုသက်မွန်အပေါ်မှာ ထားခဲ့တဲ့ သံယောဇဉ်နှောင်ကြိုး ကလေးကတော့ တစ်နေ့တခြား ပိုလို့ပိုလို့ ခိုင်မာတောင့်တင်းလာသည် ဆိုသည်ကိုတော့ သူဝန်ခံနေရပါသည်။  ဤသို့ဖြစ်ရပေမယ့်  တစ်ဖက်ကလည်း  ကိုစိုးနိုင်အပေါ်တွင် ထားရှိသော မေတ္တာနှင့် သစ္စာသည်  နှမ်းစေ့ကလေးမျှ လျော့၍မလာ။  အဲဒါကို ကျမ်းကိုင်လို့ ပြောရဲပါသည်။

သက်ပြင်းချလိုက်မိသည်။ ကိုကိုသက်မွန် မိတ္ထီလာသို့ ပြောင်းရမည့် သတင်းကို မေဖုရားသိမည် မဟုတ်သေး။

မကြာခင်လည်း သိမှာမို့ သူကပဲ ပြောလိုက်ပါတော့မည်ဟု စဉ်းစားပြီး မေဖုရားကို ပြောပြနေခြင်းဖြစ်သည်။

ဒေါ်တင်မကြီး၏မျက်နှာသည် ချက်ချင်းပင်ပြုံးပြုံးကြီး ဖြစ်လာသည်။

''ဝမ်းသာလိုက်တာ သမီးရယ်၊ နတ်သိကြားများက မတာပဲ။ သမီးဝမ်းမသာဘူးလား''

 ဆက်လက်ဖော်ပြပါမည်။

Read 44 times
Rate this item
(0 votes)
Last modified on Thursday, 16 May 2019 13:27