SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

နှောင်းတမြေ့မြေ့

Friday, 17 May 2019 11:44 Written by  font size decrease font size decrease font size increase font size increase font size

''သာပါတယ်...''

''ဒါပေါ့ကွယ်...သမီးတို့ကိစ္စက လူလိုနတ်လို

ကိုးကွဲ့...''

ခင်ခင်လေးမှာတော့ ရှည်ရှည်ဝေးဝေး မစဉ်းစားနိုင်။ သူ့မေဖုရားရွှင်ပျသွားသည်ကိုပင်ကြည့်ပြီး ဝမ်းသာနေရပါသည်။

နောက်နှစ်ရက်ကြာတော့ ဒေါ်တင်မကြီးလည်း ဒေါ်ခင်မြတ်မွန်ထံမှ စာရသည်။ ခင်ခင်လေး ပြောသည့်အတိုင်းပင် မောင်သက်မွန် တစ်ပတ်၊ ဆယ်ရက်အတွင်း မိတ္ထီလာသို့ ပြောင်းလာမည့်အကြောင်း၊ သူနှင့်ကိုဘသက် တို့လည်း တန်ဆောင်မုန်း လလောက်ကျလျှင် သူတို့သားဆီလာလည်ကြရင်း မန္တလေးသို့ လာခဲ့ကြမည့်အကြောင်း ပါလာသည်။ တန်ဆောင်မုန်းလဆိုတော့ နိုဝင်ဘာလလောက်ပေါ့။ အဲဒီကျတော့ဖြင့် ခင်လေးတို့၊ မောင်သက်မွန်တို့ကိစ္စကို အပြီးအပြတ်ဆုံးဖြတ်ပြီး နေ့ကောင်းရက်သာကို သတ်မှတ်ရပါတော့မည်။

ဒေါ်တင်မကြီးမျက်နှာသည် အင်မတန်မှ ကြည်ရွှင်နေသည်။ သူ့နှုတ်ဖျားကလေးမှလည်း တိုးတိုးကလေး ရွတ်ဆိုနေပါသည်။

''နိုဝင်ဘာလ...တဲ့''

x x x

ဒေါ်တင်မကြီးမျှော်နေသောနိုဝင်ဘာလ။

သူ မျှော်နေသည့်အတိုင်းပင် ဦးဘသက်နှင့် ဒေါ်ခင်မြတ်မွန်တို့ မန္တလေးသို့ ရောက်လာကြပါသည်။ သို့ရာတွင် သူမျှော်မှန်းထားသကဲ့သို့ နေ့ကောင်းရက်သာရွေးဖို့ ပျော်ပျော်ပါးပါး လာကြခြင်းတော့ မဟုတ်တော့ပါ။

အဲဒီနိုဝင်ဘာလ လဆန်းတစ်ပတ်တည်းမှာပဲ ဒေါ်တင်မကြီးသည် နှလုံးရောဂါဒဏ်ကို အလူးအလဲခံလိုက်ရသည်။ ထိုနေ့က ခင်ခင်လေးကလည်း ကျောင်းမှမပြန်သေး။ အိမ်တွင်ဒေါ်တုတ်တစ်ယောက်သာ ရှိသည်။ ဒေါ်တုတ်သည်ပင် ဈေးသွားတော့မည့် ဆဲဆဲ။ ဒေါ်တင်မကြီးသည် ထုံးစံအတိုင်း နေ့လယ်တစ်ရေးအိပ်ရာမှ နိုးလာသောအခါ ဒေါ်တုတ်ဖျော်ပေးသည့် ဟောလစ်ကိုသောက်သည်။ ပြီးတော့ ပန်းကန်ကိုစားပွဲပေါ်သို့ ပြန်၍အတင် သူ့ညာဘက်လက်ဆီမှကျဉ်၍သွားသည်။

ဘုရား... ဘုရား... တစ်ချိန်တည်းမှာပင် သူ့ရင်အုံအတွင်း၌ ညာမှဘယ်သို့ ကန့်လန့်ဖြတ်၍ အပ်ကလေးတစ်ချောင်းဖြင့် ထိုးသီလိုက်သကဲ့သို့ မျက်ခနဲဖြစ်သွားသည်။ သူ့ရင်တွင်းအထက်ပိုင်းရှိ အရိုးတွေ၊အသားတွေ၊ အသည်းနှလုံးတွေသည် ပြုတ်တူကြီးနှင့် တအားညှပ်လိုက်ခြင်း ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ အသက်ရှူ၍ မရတော့။ သတိလစ်သွားသည်။

လဲကျသွားသည့်အသံနှင့် ပန်းကန်ကျ၍ကွဲသံတို့ကြောင့် ဒေါ်တုတ်အပြေးရောက်လာတော့ ဒေါ်တင်မကြီးသည် ကြမ်းပေါ်တွင်ခွေခွေကလေး ရှိနေပါပြီ။

''မဖုရား... မဖုရား''

ခေါ်လို့မရတော့။ ဒေါ်တုတ်သည် ဒေါ်တင်မကြီးအား ပွေ့ထားရာမှ အသာအယာ ပြန်ချလိုက်ပြီး ပြတင်းပေါက်မှနေ၍ ခေါင်းရင်းဘက်အိမ်က ဦးစံရ၊ ဒေါ်ညိုတို့ကို အော်၍ခေါ်သည်။

''ကိုစံရ... ဗျို့... ကိုစံရ... မညို''

''ဗျို့... ဘာလဲ မတုတ်''

''ဒီမယ် မဖုရား မေ့လဲနေလို့... လာကြပါဦး''

ဦးစံရတို့လင်မယား၊ သူတို့သား ကိုလှဖေတို့ အပြေးအလွှား ရောက်လာကြသည် ခေါင်းမှ မှုတ်သူကမှုတ်၊ ယပ်ခတ်သူကခတ်၊ ပွေ့ပြီး ခုတင်ပေါ်တင်ကြသည်။အဲဒီတော့ ဒေါ်တင်မကြီး သတိကောင်းစွာ ပြန်လည်ရရှိနေပါပြီ။ အမှန်တော့ သူမိုက်ခနဲ ဖြစ်သွားတုန်းကသာ မေ့သလို ဖြစ်သွားခဲ့ရသည်။

''ဆရာဝန် ခေါ်မှပဲထင်တယ်'' ဦစံရက တိုးတိုးကလေးပြောသည်။ ဒေါ်ညိုကတော့ သွေးဆေးပုလင်းကလေးကို ဒေါ်တင်မကြီး၏ နှာဝတွင်တေ့ထားသည်။

''ဟုတ်တယ်... မောင်လှဖေ စက်ဘီးနဲ့ပြေးစမ်းကွယ်။ ကိုချစ်တို့တိုက်သွား။ အဲဒီကနေပြီး ဒေါက်တာတင်ဝင်းကို တယ်လီဖုန်းဆက်။ နံပါတ်တော့ ကိုချစ်သိတယ်။ မြန်မြန်လာပါလို့။ သြော်... ပြီးတော့ ကိုဝင်းနဲ့ခင်ခင်ကြီးတို့လည်း ဆက်ပြီးပြောပေးပါကွယ်'' ဒေါ်တုတ်ကကိုလှဖေကို ခိုင်းသည်။

ဒေါ်တင်မကြီးသည် ခုတင်ပေါ်မှာပင် မျက်လုံးတို့ကိုမှိတ်ထားသည်။ အသက်ကို ကြိုးစားပြီးရှူနေရသည်။ ရင်ထဲတွင် မနာတော့သော်လည်းလှိုင်းထနေသည်။ အသက်ရှူကျပ်နေသည်။ ရှူလို့လည်းမဝ။

ထိုအတွင်းခြေရင်းအိမ်မှ ဦးစိန်ဦးတို့လင်မယားလည်း ရောက်လာကြသည်။ သို့ရာတွင် သူတို့အားလုံး ဘာမျှမလုပ်တတ် မကိုင်တတ်ကြ။ ဦးစိန်ဦး၏ ဇနီး ဒေါ်စိုးက ဒေါ်တင်မကြီး၏ ခြေထောက်တို့ကို ဆုပ်နယ်ပေးနေသည်။ ခြေလက်တို့သည် ချွေးစေးတို့ဖြင့် စေးထန်းနေကြသည်။ ထိုသို့သော အိမ်နီးချင်းကောင်းတွေရှိပေလို့ပေါ့။

သို့မဟုတ် အခက်။ အမှန်ကတော့ သူတို့သည် တစ်ဦးကိုတစ်ဦး အားကိုးအားထားပြုပြီး နေကြရသူများဖြစ်ပါသည်။ နေရေး၊ စားရေး အခက်အခဲရှိလျှင် ထိုခြေရင်းခေါင်းရင်းအိမ်တို့သည် ဒေါ်တင်မကြီးအား မှီခိုကြရသလို ဒေါ်တင်မကြီးတို့အိမ်မှာ အရေးရယ်၊ အကြောင်းရယ်ဆိုပါက သူတို့ကိုပင် အားကိုးရသည်။

တစ်ခဏကြာလျှင် ဒေါက်တာဦးတင်ဝင်း ရောက်လာသည်။ ဘေးလူတို့ကို ဖယ်လိုက်ပြီး ဒေါ်တင်မကြီး ခေါင်းအောက်တွင် ခေါင်းအုံးတွေကို ဆင့်လိုက်ပြီး ခပ်ထောင်ထောင်ကလေး လှဲပေးထားသည်။ ပြီးတော့သေသေချာချာ စမ်းသပ်ကြည့်သည်။

''ဆေးတစ်လုံးထိုးပေးမယ်နော်... ဒေါ်ဒေါ်''

အခုချိန်အထိ ဒေါ်တင်မကြီးသည် မျက်လုံးတို့ကို ဖွင့်မကြည့်၊ ဆရာဝန် ရောက်နေသည် ဆိုသည်ကိုတော့ သိသည်။

''ဘယ့်နှယ်နေသလဲ... ဒေါ်ဒေါ်'' ဆရာဝန်က တိုးတိုးကလေးမေးသည်။

ဒေါ်တင်မကြီးက သူ့နှုတ်ခမ်းကလေးများကို လှုပ်ဖို့ကြိုးစားသည်။ သို့ရာတွင် သူမဖြေနိုင်ပါ။

ဆရာဝန်က ဆေးထိုးပေးသည်။ ပြီးလို့ တစ်ခဏကြာတော့ အနည်းငယ် သက်သာသလိုလိုရှိလာသည်။ သူ့မျက်ခွံတွေ လေးလာပါသည်။ သူ အင်မတန်အိပ်ချင်လာသည်။ တဖြည်းဖြည်း တဖြည်းဖြည်း အသက်ရှူကလေးမှန်လာပါပြီ။ သူအိပ်ပျော်သွားသည်။

သို့ပေမယ့်...ဒေါ်တင်မကြီး၏ တဲတဲမျှင်မျှင်ကလေးမျှသာ ရှိတော့သော အသက်ကမူ သူ့ဘဝကို ပင်ပန်းတကြီး အားခဲလို့သာ မနည်းကြိုးစား တွယ်ကပ်နေရရှာပါပြီ။

မကြာခင် ကိုဝင်းနှင့်ခင်ခင်ကြီးတို့ အူယားဖားယား ရောက်လာကြသည်။ ခင်ခင်ကြီးသည် သူ့အမေ၏ လက်ကလေးတို့ကို ဆုပ်ကိုင်ထားသည်။ သူ့မျက်လုံးအိမ်တွင် မျက်ရည်တို့သည် ဝေ့ဝေ့လည်နေကြသည်။ အားပါးတရမငိုမိရန် ကြိုးစားလို့ တင်းထားနေရသည်။ ကိုဝင်းကတော့ အခန်းအပြင်ဘက် ထွက်ပြီး ဒေါက်တာဦးတင်ဝင်းနှင့် စကားပြောနေသည်။ ပြီးတော့ ခင်ခင်လေးကိုခေါ်ဖို့ ကျောင်းသို့ ကားဖြင့်ထွက်သွားသည်။

ခင်ခင်လေးရောက်လာတော့ ဒေါက်တာမရှိတော့ပါ။ ဆေးပေးခဲ့သည်။ လူနာကို မလှုပ်မယှက်ထားဖို့၊စိတ်မထိခိုက်စေဖို့၊ ဆူဆူညံညံမရှိဖို့ အဲဒါတွေပဲ မှာခဲ့သည်။ ညနေတစ်ခေါက်လောက်လာကြည့်မည်ဟုလည်း ပြောသွားသည်။ ဦးစံရတို့၊ ဦးစိန်ဦးတို့လည်း ပြန်သွားကြပါပြီ။ ခင်ခင်ကြီးတစ်ယောက်သာ သူ့အမေနားမှာ ထိုင်နေဆဲ။ သူ့အမေ၏ လက်ကလေးများကို ဆုပ်ကိုင်လို့ထားဆဲ။

မြတ်ထန်

Read 48 times
Rate this item
(0 votes)
Last modified on Friday, 17 May 2019 11:44

Latest from