SJ WorldNews - шаблон joomla Авто

နှောင်း တ မြေ့ မြေ့

Saturday, 18 May 2019 08:39 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

လမ်းမှာကတည်းက ကိုကိုကြီးပြောပြလို့ မေဖုရားအကြောင်းကို ခင်ခင်လေးသိခဲ့ပါပြီ။ သူ့မျက်ရည်ကို တင်းပြီးထိန်းထားသည်။ အံကိုကြိတ်ထားသည်။ သူ့လက်သီးကလေးတို့ကိုဆုပ်ထားသည်။ ထရံနားမှ ကပ်ပြီး ခုတင်ပေါ်သို့ အသာအယာတက်သည်။ ပြီးတော့ သူ့မေဖုရားလက်တစ်ဖက်ကို ဆုပ်ထား လိုက်ပါသည်။ သူမငိုပါ။ သို့ပေမယ့် မျက်ရည်တွေကတော့ သူ့ရင်နှင့်အပြည့်။

ထိုညက ခင်ခင်ကြီး ဒီအိမ်မှာပဲအိပ်သည်။ ကိုဝင်းတစ်ယောက်သာ မိုးအတော်ကလေးချုပ်မှ ပြန်သွားသည်။ ဒေါက်တာ တစ်ခေါက်လာသေးသည်။ ဆေးတစ်လုံး ထပ်ထိုးပေးသွားသည်။ စိုးရိမ်စရာမရှိ တော့ပါဘူးဟု ပြောသွား သည်။ ခင်ခင်ကြီးနှင့် ခင်ခင်လေးတို့ ညီအစ်မကတော့ တစ်ညလုံး သူတို့ မေဖုရားအနားက မခွာကြတော့။ နောက်တစ်နေ့နံနက်တွင် ဒေါ်တင်မကြီးအသက်ရှူ မှန်လာပါသည်။ ဖြူဖပ်ဖြူရော်ဖြစ်ခဲ့သည့် သူ့မျက်နှာသည် သွေးရောင် သန်းကာ ပြန်လည်နီမြန်းလာပါပြီ။

မနေ့ညနေက အပြိုင်းပြိုင်းထောင်နေခဲ့ကြသော သူ့လည်ပင်းအကြောကြီးတို့သည်လည်း ပြန်၍ကျ သွားကြပါပြီ။ အတော်ကလေးနေသာထိုင်သာရှိပါပြီ။ ကိုဝင်းအစောကြီးရောက်လာသည်။ ခင်ခင်လေး ထိုနေ့က ကျောင်းမတက်ေ တာ့။ သူတို့အားလုံး ဒေါ်တင်မကြီးအနားတွင်ပင် ဝိုင်းထိုင်နေကြသည်။ သို့ရာတွင် စကားတော့မပြောကြ။ ဒေါ်တုတ်တစ်ယောက်သာ အောက်ထပ်တွင် တိုးတိုး တိတ်တိတ် ချက်ပြုတ်နေသည်။ တစ်ခဏကြာတော့ ဒေါ်တင်မကြီး သည် သူ့မျက်လုံးတို့ကိုဖွင့်ပြီး ဟိုဟိုဒီဒီကြည့် သည်။ သမီးများကိုကြည့်သည်။ သမက်ကိုကြည့်သည်။ ဒီသမီးတွေနှင့် ဒီသမက်၊ ဒီမြေး၊ ဒီအိမ်၊ ဒီအခန်း ခြုံလိုက်တော့ သူ့ဘဝ၏ပတ်ဝန်းကျင်။ ဒါတွေကို မြင်ရ၊ သိရ၊ တွေ့ရလို့ သူ ကျေနပ်နေရ ရှာသည်။ ဝမ်းသာနေရပါသည်။

မနေ့ကသာ သူသေသွားပါက ဒီပတ်ဝန်းကျင်ကို စွန့်ပစ်ခဲ့ရမှာပါကလား။ ယင်းအသိဖြင့် သူ့နှလုံးသား တို့ကို လက်အေးကြီးဖြင့် ဆုပ်ကိုင်ခြင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ဒါတွေကို သူမပစ်ရက်ပါ။ မစွန့်ရက်ပါ။ မြတ်စွာ ဘုရား.... ဘုရားတပည့်တော်မ မသေပါရစေနဲ့ဦး။ မျက်လုံးတို့ကို ပြန်၍မှိတ် လိုက်ပြီးစိတ်တွင်းမှ ဘုရားကိုအာရုံပြုနေမိပြန်သည်။ သြော်... ဒါပဲထင်ပါရဲ့ ဘဝတဏှာ။ တယ်လည်း အစွဲအလမ်းကြီးပါကလား။ ဒါကြောင့်လည်း သတ္တဝါတွေဟာ သံသရာမှာ တဝဲလည်လည်နဲ့ ဖြစ်ကြရ တာပဲထင်ပါရဲ့။ ကတမေ စ ဘိက္ခဝေ ဓမ္မာ အဘိညာ ပဟာတဗ္ဗာ၊ အဝိဇ္ဇာစ ဘဝတဏှာစ ဣမေဓမ္မာ အဘိညာပဟာတဗ္ဗာ- တဲ့။ ထူးမြတ်သော အသိဥာဏ်ဖြင့် ပယ်အပ် တဲ့တရားတွေဆိုတာ အဝိဇ္ဇာနဲ့ ဘဝတဏှာတဲ့။ မပယ်နိုင်ရင်ဖြင့် ယာယံတဏှာ ပေါနောဗဝ္ဘိကာ။ အဲဒီတဏှာဟာ ဘဝသစ်ကို အသစ် တစ်ဖန်ပြန်လည်ဖြစ်ပေါ်စေတတ်တယ်တဲ့။ မဟုတ်တဲ့ဆုတွေကို ငါတောင်းနေမိပါကလား။ ငါ့မှာ အယူတိမ်းနေရပါကလား။

အဲဒီလိုတော့လည်း တရားတွေသိလိုက်ပါတဲ့ ဒေါ်တင်မကြီး။ သို့ရာတွင် တကယ်လက်တွေ့ကျပြန် တော့ တရားနောက် စိတ်ကမလိုက်နိုင်။ သူ့ပတ်ဝန်းကျင်၏ နောက်ဆံကတငင်ငင်။ မနေ့ညနေက ခဏမေ့သွားရာက သတိပြန်ရလိုက်တော့ သူ့ရဲ့ အဲဒီပတ်ဝန်းကျင်ကိုပဲ ဦးဆုံးအမှတ်ရလိုက်ပါသည်။ ငါ့သမီးတွေ ငါမရှိရင် ဘယ်လိုများနေကြပါ့မလဲ။ ခင်ခင်ကြီးအတွက်ကမူ သူစိုးရိမ်စရာမရှိတော့။ သူ စိတ်ပူနေမိတာကတော့ သမီးငယ်ခင်ခင်လေး။ ယခုလည်း ဒေါ်တင်မကြီး၏စိတ်များသည် ခင်ခင်လေး ဆီသို့ရောက်သွားကြပြန်ပါသည်။ အဲဒီတော့ သူ့မှာ အရေးတကြီး ဆောင်ရွက်စရာကိစ္စ တစ်ရပ်ရှိ သည်ဆိုတာကို သတိရလိုက်ပါသည်။

မျက်လုံးတို့ကို ပြန်လည်ဖွင့်လိုက်သည်။ ကိုဝင်းကိုရှာသည်။ ပြီးတော့ခေါင်းကို ညိတ်တယ်ဆိုရုံ ညိတ်ပြီး သူ့အနားသို့ခေါ်လိုက်သည်။ ''ဘာလဲမေမေ'' ကိုဝင်းကမေးသည်။ ''ခင်မြတ်မွန်ကို သံကြိုး ရိုက်ခေါ်ပေးပါ'' ဒေါ်တင်မကြီး အသံသည် ကြားရရုံမျှသာရှိပါသည်။ ''ခေါ်ပေးမယ်။ အခုသွားရိုက် လိုက်ပါမယ်။ စိတ်အေးအေးထားပါ။ ဘာမှတွေးမနေပါနဲ့။ ဆရာဝန်က ပြောပါတယ်။ ဒီလိုပဲဖြစ်တတ်ပါ တယ်တဲ့။ ဘာမှ စိုးရိမ်စရာမရှိပါဘူးတဲ့'' သို့ပေမယ့် ဒေါ်တင်မကြီးကတော့ သူ့ရောဂါကို ဒီလောက် အထင်မသေးပါ။

နောက်တစ်နေ့ မွန်းတည့် ၁၂ နာရီလောက်တွင် ဦးဘသက်နှင့် ဒေါ်ခင်မြတ်မွန်တို့ လေယာဉ်ပျံဖြင့် ရောက်လာကြသည်။ ကိုဝင်းက သွားကြိုဆိုခဲ့သည်။ သူတို့ကိုမြင်လိုက်တော့ ဒေါ်တင်မကြီးမှာ အလွန် အားရှိသွားသည်။ သူ့မျက်နှာသည် အလွန်ကြည်လင်လို့ သွားသည်။ ပြုံးပြုံးရွှင်ရွှင်လို့ပင် ဆိုနိုင်ပါ သည်။ ဒေါ်ခင်မြတ်မွန်ကို ခုတင်ပေါ်သူ့နံဘေးတွင် လာပြီးထိုင်ရန် မွေ့ရာကို လက်ဖြင့်ပုတ်ပြသည်။ ဒေါ်ခင်မြတ်မွန်သူ့အနား ရောက်လာတော့ ဒေါ်တင်မကြီးက လက်ကိုဖမ်းဆွဲပြီး တင်းကျပ်စွာဆုပ်ကိုင် ထားလိုက်သည်။ ''မောင်သက်မွန်ကို ချက်ချင်းလာဖို့ခေါ်ပါ'' ဒေါ်ခင်မြတ်မွန်က မျက်ရည်တွေစိုစိုဖြင့် ခေါင်းကို ညိတ်ကာညိတ်ကာ ''ခေါ်မယ်... ခေါ်ပေးပါမယ်၊ စိတ်ချပါ'' ဟု ကတိခံလိုက်သည်။

''ရောက်လာရင် ရုံးမှာ မြန်မြန်လက်ထပ်လိုက်'' ''မဖုရား ဒီကိစ္စအတွက် စိတ်ထဲမှာဘာမှပူမနေပါနဲ့။ ခင်မွန်အားလုံးစီစဉ်ပေးပါမယ်။ စိတ်ချလက်ချသာနေပါ။ ဒါမှမြန်မြန်နေကောင်းလာမှာ'' ဒေါ်တင်မကြီး ပြုံးလိုက်ပြီး သူ့မျက်လုံး တို့ကို မှိတ်ထားလိုက်ပါသည်။ သူကြားချင်တာကြားလိုက်ရလို့ ကျေနပ်နေပါ ပြီ။ ''ကဲ... အားရှိအောင်အိပ်လိုက်ပါဦး'' ဒေါ်ခင်မြတ်မွန်ကပြောပြီး ခင်ခင်လေးကို စေ့စေ့ကြည့်လိုက် သည်။ ပြီးတော့ ခေါင်းညိတ်ခေါ်ခဲ့ပြီး ခင်ခင်လေး အိပ်ခန်းသို့ကူးခဲ့သည်။ မဖုရားက သားကိုခေါ်ပေးပါ ဆိုပေမယ့် ကာယကံရှင်ခင်ခင်လေးနှင့်လည်း တိုင်ပင်သင့်သည်။ သူ့သဘောကို အတိအကျသိချင်ပါ သေးသည်။

အခန်းတွင်းကျမှ နှစ်ယောက်သား ခင်ခင်လေး၏ ခုတင်ပေါ်တွင် ယှဉ်ထိုင်လိုက်ကြသည်။ ခင်ခင်လေး ၏မျက်နှာကလေးက ညှိုးညှိုးကလေးနွမ်းလို့နေသည်။ ဒေါ်ခင်မြတ်မွန်၏ရင်ထဲ၌ သူ့ချွေးမလောင်း ကလေးကို အသနား ပိုလာရသဖြင့် ပိုပြီးချစ်နေမိပါသည်။ ''ဘယ့်နှယ်လဲ ခင်လေး....၊ မဖုရားပြောတာ ကြားတယ်မဟုတ်လား'' ''ကြားပါတယ်... ဒေါ်ဒေါ်'' ''ဒါဖြင့် ဒေါ်ဒေါ့်သားကိုခေါ်လိုက်မယ်... ဟုတ် လား'' ခင်ခင်လေးမှာ မည်သို့မျှငြင်းနိုင်စွမ်း မရှိတော့ပါ။ သူ့အတွက် မေဖုရား မည်မျှပူပင်နေသည်။ မည်မျှ နောက်ဆံတင်းနေသည်ကို သူကောင်းကောင်းသိပါပြီ။ ကိုစိုးနိုင်၏မျက်နှာကို ကွက်ခနဲမြင် လိုက်မိသည်။

သက်ပြင်းကလေးတစ်ချက်ကို အသာအယာချလိုက်သည်။ မည်သို့ပင်ဖြစ်စေ မေဖုရားအသက်ရှင်ရေး သည်သာပဓာန၊ သူ့မေဖုရား၏အသက်ထက် တခြားဘာတစ်ခုမှ တန်ဖိုးမရှိတော့ပါ။ သူ့ခေါင်းကို ညိတ်ပြလိုက်ပါသည်။ ''ကဲ...ဒါဖြင့် ဒေါ်ဒေါ်အောက်ဆင်းပြီး ကိုသက်တို့၊ မောင်ဝင်းတို့နဲ့စီစဉ် လိုက်မယ်'' ဒေါ်ခင်မြတ်မွန် ဆင်းသွားပြီးတော့မှ ခင်ခင်လေး စဉ်းစားမိလိုက်သည်။ လက်ထပ်ဖို့ခေါ် မှန်းသိလျှင် ဒေါ်ဒေါ်တို့ ခေါ်ရုံဖြင့်တော့ ကိုကိုသက်မွန် လာမှလာပါ့မလား၊ သူ့စိတ်ထဲတွင် သံသယ ဖြစ်နေမိသည်။ မလာများမလာမှဖြင့် ယခုတော့လည်း ကိုကိုသက်မွန် လက်ထပ်ဖို့မလာမှာကိုပဲ သူ့မှာ အလွန့်အလွန် စိုးရိမ်နေမိရပြန်ပါသည်။ သူကိုယ်တိုင်ပဲ လိုက်ခေါ်မှထင်ပါရဲ့။

သူကခေါ်တယ်ဆိုရင်ဖြင့် ကိုကိုသက်မွန်လာမည်မုချ ဖြစ်သည်။ မှန်တင်ခုံသို့သွားပြီး သူ့ဆံပင်တို့ကို သပ်သပ်ရပ်ရပ် ကလေးဖြစ်အောင်ပြင်သည်။ အင်္ကျီလုံချည်တို့ကိုလဲသည်။ ထို့နောက် အောက်ထပ်သို့ အပြေးကလေးဆင်းခဲ့ သည်။ အောက်ထပ်ဧည့်ခန်းတွင် ဒေါ်ခင်မြတ်မွန်၊ ဦးဘသက်နှင့် ကိုဝင်းတို့ သည် ခေါင်းချင်းဆိုင်ပြီး စကားပြောနေကြသည်။ သူ ဆင်းလာသံကိုကြားတော့ အားလုံးက သူ့ကို ဝိုင်းကြည့်နေကြသည်။ မြတ်ထန်

Read 63 times
Rate this item
(0 votes)
Last modified on Saturday, 18 May 2019 08:41

Latest from ကေတု