SJ WorldNews - шаблон joomla Авто

နှောင်းတမြေ့မြေ့

Friday, 14 June 2019 12:05 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

''ခင်လေး အသက်မကချစ်တဲ့ ကိုကို''

''ကိုကို့ကားထွက်သွားတော့    ခင်လေး ကိုကို့စာကို ချက်ချင်းဖတ်တယ်။ ရက်စက်လိုက်တာ ကိုကိုရယ်။ ပြောရက်လိုက်တာ။ ဒါပေမဲ့ ခင်လေး ကိုကို့ကိုစိတ်မဆိုးပါဘူး။

နည်းနည်းမှမဆိုးဘူး။ မဆိုးတဲ့အပြင်လေ...ခင်လေးရဲ့စိတ်ကို ခင်လေး ကွဲကွဲပြားပြား သိအောင် မျက်စိဖွင့်ပေးလိုက်တဲ့ ကိုကို့စာကိုပဲ ခင်လေးကျေးဇူးတင်တယ်။ တကယ်ပါပဲ ကိုကို။

''အခုတော့ ခင်လေးစိတ်ကို ခင်လေးနားလည်ပြီကိုကို။

ပြတ်ပြတ်သားသား နားလည်ပါပြီ။ အခုမှ ခင်လေး ကိုကို့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ခင်လေးသိရပြီ။ ခင်လေးရဲ့အချစ်တွေအားလုံး  ကိုကို့အပေါ်မှာ စုပုံထားခဲ့တယ် ဆိုတာကိုလည်း သိပါပြီကိုကို။

''ဒါကြောင့်...အဲဒါကိုလေ...ကိုကို့ကို ပြောလိုက်ချင်လွန်းလို့။ ကိုကို စိတ်ဖြောင့်ဖြောင့် သွားနိုင်ပါစေလို့ ခင်လေး...ဦးလေးချစ်ရဲ့ ဂျစ်ကားငှားပြီး လေယာဉ်ကွင်းကို အမီလိုက်ခဲ့သေးတယ်။ ဒါပေမဲ့ ကိုကိုရယ်...

ခင်လေးတို့လည်းရောက်ရော ကိုကိုတို့လေယာဉ်ပျံကြီးလည်း ထွက်သွားရော။   ခင်လေး ဝမ်းနည်းလိုက်တာ။

ခင်လေး မရှက်နိုင်တော့ဘူး။ တစ်လမ်းလုံး ငိုပြန်လာတယ်...သိလား။

''ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ခင်လေး အခုပျော်နေပါပြီ။ ကိုကို့ကို သိပ်ချစ်တဲ့စိတ်နဲ့  သိပ်ကိုပျော်နေပြီကိုကို။

ဒီစာရရင် ကိုကိုစိတ်အေးတော့နော်။ စိတ်ချမ်းသာပါတော့။ ခင်လေး ဥပုသ်ကြီးနဲ့ကွယ်။ သိပ်မပြောချင်ဘူး ကိုကိုရယ်...။   ကိုကိုပြန်လာမှ ကိုကို့ကို  ခင်လေး ဘယ်လောက်ချစ်တယ်ဆိုတာ    အတိုးချပြီး ပြောပြမယ်နော်...။

''ချစ်ခွင့်သာပါပြီ ကိုကို၊ မြန်မြန်ပြန်ခဲ့ပါတော့။

                 ကိုကို့ကို အသက်အထက်မကချစ်တဲ့

                                      ခင်လေး''

ဗိုလ်မှူးကြီးသည် သက်ပြင်းတစ်ချက်ကို လေးလေးကြီးချလိုက်သည်။ စာကိုဖတ်သာ ဖတ်လိုက်ရသည်။ ဘာတွေရေးထားလို့ ဘာတွေ ဆိုထားတယ်ဆိုတာကိုလည်း သူမသိတော့။  သူနားမလည်တော့။ သူမှတ်မိ လိုက်သည်ကတော့   ချစ်ခွင့်သာပါပြီ ကိုကို မြန်မြန်ပြန်ခဲ့ပါတော့တဲ့။

စာရွက်ကလေးကို ခေါက်ရိုးအတိုင်းပြန်ခေါက်သည်။

စာအိတ်အတွင်းသို့   ပြန်ထည့်လိုက်သည်။ ပြီးတော့ ဗိုလ်သက်မွန်တို့ရှိရာ အခန်းသို့ ကူးခဲ့သည်။

ရေနံဆီမီးခွက်၏ အလင်းရောင်ဖျော့ဖျော့သည် ဗိုလ်သက်မွန်၏ မျက်နှာပေါ်တွင် တရိပ်ရိပ်ပြေးနေပါသည်။

သူ့ဆံပင်လှိုင်းကလေးတွေက တဝေ့ဝေ့လက်နေကြသည်။

သူ့နဖူးတွင် ဆေးပလာစတာ ဖြူဖြူကလေး တစ်စကို ကပ်ထားသည်။ လဲကျသွားစဉ်က မြေကြီးနှင့် ရိုက်မိလိုက်သည့်ဒဏ်ရာ၊ သူ့မျက်လုံးတို့ကို မှိတ်ထားသည်။ သို့ရာတွင် သူ၏ဖြူရော်လာပြီဖြစ်သော  နှုတ်ခမ်းများသည် သူအသက်ရှင်စဉ်က အတိုင်းပင်   ပြုံးသယောင်ယောင် ရှိနေသည်။ သူ့မျက်နှာတစ်ခုလုံးကမူ တည်ငြိမ်လှပါသည်။

ဗိုလ်မှူးကြီးက ရင်ဘတ်ပေါ်တွင် ယှက်တင်ထားသော ဗိုလ်သက်မွန်၏ လက်နှစ်ဖက်တို့ကို အသာမလိုက်ပြီး ခင်ခင်လေး၏ စာကို တယုတယ ဖိညှပ်ထားလိုက်ပါသည်။

ထိုအခိုက် အခန်းတွင်း တစ်နေရာဆီမှ ရှိုက်သံတစ်သံက မချိမဆံ့ ကျိတ်ကျိတ်ကလေး ထွက်ပေါ်လာသည်။

ဗိုလ်စိုးနိုင်၏အသံ...။

ပြင်ပမှာတော့ ဖြူဖြူဖွေးဖွေး နှင်းမှုန်နုနုကလေးများသည် ဆောင်းလေသွဲ့သွဲ့တွင် တဝေဝေတလွင့်လွင့်ဖြင့် ကျကာကျကာ ဆင်းလာနေကြသည်။ နှင်းထုသည် အားလုံးကို ဖုံးအုပ်ထားလိုက်ပါပြီ။

ထိုမှုန်တဝါး မှိုင်းတဆို့အကြား တစ်နေရာဆီမှတော့ လွမ်းစရာ့(LAST POST) အိပ်ခရာသံ သဲ့သဲ့နွဲ့နွဲ့ကလေး တစ်သံသည် ကြေကြေကွဲကွဲဖြင့်    အလွမ်းဘွဲ့ကိုသာ နှောင်းတမြေ့မြေ့ သီကုံးလျက်ရှိနေပါတော့သည်။

တင်ပြလိုသည့် ဗိုလ်ကြီးသက်မွန်၏ ဇာတ်လမ်းကတော့ ဤမျှပင်ဖြစ်ပါသည်။

''သြော်...ဟုတ်သားပဲ။

ဒီလိုဆိုတော့...

ဗိုလ်စိုးနိုင် ဘာဖြစ်သွားသလဲ။

ခင်ခင်လေးရော ဘယ်လိုလဲ။

သူတို့နှစ်ဦး လက်ထပ်လိုက်ကြသလား။

စာရှုသူတို့အထဲမှ အချို့က သိချင်ကောင်း သိချင်ကြပါလိ့မ်မည်။ မေးလိုသူတို့ ရှိကောင်းရှိပါလိမ့်မည်။

အတိုချုံး၍ပင် ပြောရပါစေတော့။

ဗိုလ်စိုးနိုင်နှင့်ခင်ခင်လေးတို့ နဖူးစာ မဆုံကြတော့ပါ။

မဆုံကြရတာက ဗိုလ်စိုးနိုင်က မဆုံချင်၍မဟုတ်၊ ဆုံချင်ရှာလျက်နှင့် ချစ်ခွင့်မသာတော့လို့မို့ ရင်နင့်စွာဖြင့်

ခင်ခင်လေးကို လက်လွှတ်ခဲ့ရခြင်း ဖြစ်ပါသည်။

ဖြစ်ပျက်ခဲ့သည်များကို တွေးလိုက်ရင်ဖြင့် တရွေ့ရွေ့နှင့် ငါးနှစ်။ အင်း...မနက်ဖြန်ဆိုလျှင်ဖြင့် ဗိုလ်သက်မွန် ကျဆုံးခဲ့ရသည့် ငါးနှစ်မြောက် နှစ်ပတ်လည်နေ့ပေပဲပေါ့။

ဗိုလ်ကြီးစိုးနိုင်သည်   မော်လမြိုင်မြို့သို့ လွန်ခဲ့သော နှစ်နှစ်ကျော်ကပင် ပြောင်းရွှေ့ခဲ့ရပြီး ဤမြို့မှာပင် ရွှေမြိုင်သူ တစ်ဦးနှင့် အိမ်ထောင်ကျနေပါပြီ။ သားဦးကလေးပင် လသားရနေပါပြီ။

''မောင်ရေ...၊သားသားကို ကင်ပွန်းတပ်ဖို့ ဖေဖေနဲ့မေမေတို့က ပြောနေကြတယ်။ အဲဒါ ဘာနာမည်ပေးချင်သလဲ''

ဗိုလ်စိုးနိုင်သည် ဖတ်နေသောစာအုပ်ကို ဘေးသို့ချလိုက်ပြီး    ဇနီးချော၏ ရင်ခွင်တွင်းရှိ သားကြီးကို မဝသောချစ်ခြင်းဖြင့် စူးစိုက်ကြည့်နေမိပါသည်။

''ဘယ်လိုလဲမောင်...၊  မောင်စဉ်းစားထားတာ ရှိသလားဟင်''

''ရှိတယ်ကြည်...မောင်၊ စဉ်းစားထားတာရှိတယ်''

ဇနီးသည် ကြည်က ပြုံးပြုံးကလေးဖြင့် ...

''ကြည့်စမ်း...၊ ကြည့်တောင်မပြောဘူး''

သို့ပေမယ့် ဗိုလ်ကြီးစိုးနိုင်ကတော့ မပြုံးနိုင်။ အတိတ်သည် သူ့ကိုမီလာနေပါသည်။ သူ့နှုတ်ဖျားမှ တိုးတိုးကလေး ရွတ်ဆိုနေသည်။

''သက်မွန်၊ သက်မွန်၊ မောင်သက်မွန်''

''သက်မွန်၊ ဟုတ်လား...မောင်''

''ဟုတ်တယ် ကြည်။ မောင် သားကြီးဖို့ ရွေးထားတဲ့ နာမည်က မောင်သက်မွန်တဲ့''

ကြည်သည် ပိုလို့ပြုံးသွားရရှာပါသည်။

''လှလိုက်တဲ့ နာမည်ကလေးကွယ်။ မေမေတို့ ဖေဖေတို့ကတော့ သိပ်ကြိုက်မှာပဲ။ ကြည်တို့က မွန်မဟုတ်လား မောင်ရဲ့။ မောင်သက်မွန်...သိပ်ကောင်းတာပဲ။ မောင် ဘယ်လိုစဉ်းစားလို့ ရသလဲ...ဟင်''

အဲဒီတော့ ဗိုလ်ကြီးစိုးနိုင်က သူ့ဇနီးကိုကြည့်လိုက်ပါသည်။

''ကြည့်ကို...မောင့်ကိုယ်တွေ့ အဖြစ်အပျက်တစ်ခု တစ်ခါမှမပြောပြမိဘူး''

ကြည်သည် မောင့်ကို နားမလည်သလိုဖြင့် ကြည့်နေရှာပါသည်။ ဗိုလ်ကြီးစိုးနိုင်ကတော့ သူ့ကိုသူပြောနေ

သလိုပင် တိုးတိုးညင်းညင်းကလေး ပြောနေပါသည်။

''တစ်ခါက ကြာပါပြီကွယ်။ ငါးနှစ်...အင်း... မနက်ဖြန်ဆိုရင် ငါးနှစ်ပေါ့။ အဲဒီတုန်းက စစ်ဆင်ရေး တစ်ခုမှာ...''                 

ဆက်လက်ဖော်ပြပါမည်။

Read 63 times
Rate this item
(0 votes)
Last modified on Friday, 14 June 2019 12:06

Latest from ကေတု