SJ WorldNews - шаблон joomla Авто

သေသော်မှတည့်သြော်ကောင်း၏

Thursday, 20 June 2019 12:37 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ထိုစဉ် အမြောက်ကျည်ဆန်နှစ်လုံး ရေထဲသို့ ကျလာပြီးနောက် ကုန်းထက်မှ အမြောက်သံနှစ်ချက်ပေါ်လာ၏။

''ဟ...ပစ်ပဟ...''

လင်းဘတ်သည် အသံခပ်ကျယ်ကျယ် အော်ဟစ်မိရာမှ မိမိတို့သင်္ဘောကို    အမြောက်ပစ်ရာနှင့် ခပ်ဝေးဝေးသို့ နေရာယူလိုက်ရန် အမိန့်ပေး၏။

လင်းဘတ်စီးလာသော  ''ဖောက်''သင်္ဘောပေါ်၌ ကျည်ထိုးအမြောက်လေးလက်သာ ပါရှိရာ သုံးလက်ကို အလံထူထားသော အကောက်ဆိပ်ရှိရာသို့ ချိန်စေ၍ ကျန်အမြောက်တစ်လက်ကို အခြားတစ်ဖက်ကမ်းသို့ ချိန်ထားစေ၏။ ထို့နောက် မိမိတို့နောက်မှ ကပ်လျက်ပါလာသည့် တနင်္သာရီစစ်မီး သင်္ဘောကိုလည်း အလံထူထားသော ဗမာ့အကောက်ဆိပ်ရှိရာသို့ အမြောက်ဖြင့် တုံ့ပြန်ပစ်ခတ်ရန် နေရာယူဖို့ အချက်ပြအမိန့်ပေး၏။

ထို့ပြင် အမြောက်ကျည်ဆန်နှစ်လုံး ရေထဲသို့နောက်ထပ် ကျလာပြီးနောက်  ကုန်းပေါ်မှ အမြောက်သံနှစ်ချက် ကြားရပြန်၏။ ဗမာအမြောက် ကျည်ဆန်တို့သည် မိမိတို့ သင်္ဘောရှိရာသို့ နှစ်ကြိမ်လုံးလုံး တည့်တည့်မတ်မတ် ရောက်လာကြသော်လည်း   အလှမ်းမမီဘဲ ကိုက် ၄ဝအကွာလောက် ရေထဲ၌ကျ၏။

ထူထူပူပူဖြစ်သွားသော လင်းဘတ်သည် နောက်တစ်ကြိမ် အမြောက်ဆန်တွေ ကျလာသည်ကိုမြင်ရသောအခါ ဗမာ့အမြောက်အိုကြီးများမှ အမြောက်ဆန်တို့ မိမိသင်္ဘောရှိရာသို့      ဘယ်နည်းနှင့်မျှ မရောက်မမှန်နိုင်ကြောင်း သိလာ၏။

''ကဲ တို့အမြောက်တွေလည်း ပစ်ပြလိုက်ရသေးတာပေါ့ကွာ''

လင်းဘတ်သည် အမြောက်တွေကိုပစ်ရန် အမိန့်ပေးလိုက်၏။ တစ်ခဏအတွင်း သင်္ဘောနှစ်စင်းလုံးက မိုးထစ်ချုန်းဘိသို့ အုန်းအုန်းခြိမ့်ခြိမ့် မြည်ဟည်း၏။ မြစ်ရိုးတစ်လျှောက်လုံး မီးခိုးများဖြင့် ဖုံးလွှမ်း၏။ ပဲ့တင်ရိုက်ထပ် လှိုင်းဘောင်ဘင်ခတ်လျက်    ကမ်းစပ်ရှိ သစ်ပင်အများ ကျိုးပြတ်ကျကုန်၏။        

လင်းဘတ်သည်  ဗမာအကောက်ဆိပ်ကမ်းဆီသို့ မှန်ပြောင်းဖြင့်ကြည့်။      မိမိတို့ပစ်ခတ်လိုက်ကြသော အမြောက်ကျည်ဆန်တို့သည် အကောက်ဆိပ်ကမ်း တစ်ခုလုံးကို နေရာအနှံ့အပြား ထိခိုက်ပျက်စီးစေ၏။

စိမ်းစိမ်းစိုစိုရှိနေသော အုန်းပင်များသည် ခါးလယ်မှ ထောင်းထောင်းပြတ်ကျ၏။ အုန်းပင်များအောက်ရှိ အိမ်ငယ်တို့သည် မွမွကြေပျက်၏။ အိမ်ငယ်ကလေးများ ရှေ့ရှိ ကမ်းစပ်မြေပြင်တစ်ခုလုံး အကွင်းအကွင်း ကျင်းချိုင့်ကြီးများဖြစ်၏။ စောစောက အသံထွက်လာသော အမြောက်အိုကြီး နှစ်လက်တို့သည် ပြိုလဲလျက်ရှိနေလေပြီ...

ဗမာလူရိုင်းများသည် ဤမျှပစ်ခတ်နေသည့် အကြားကပင် ထွက်ပြေးတိမ်းရှောင်ခြင်းမပြုကြ၊ အသုံးမဝင်သော သင်းတို့၏အမြောက်အိုကြီးများကို ပုရွက်ဆိတ်များ ဝိုင်းအုံနေကြဘိသို့ အလွန်မိုက်မဲစွာ ဝိုင်းအုံသယ်ရွှေ့နေကြ၏။

ထီးနီကြီးအောက်၌ မတ်မတ်ရပ်နေသော လူကြီးကလည်း မိမိ၏လူများပြုလုပ်နေကြသည်ကို ငြိမ်သက်စွာကြည့်နေ၏။ ထိုလူကြီးကို ထီးမိုးပေးနေရသော သူကသော်မျှ ယခုလောက် ထိခိုက်အောင် ပစ်ခတ်နေသည့် သင်္ဘောတွေဘက်ဆီသို့ လှည့်ကြည့်ဖော်မျှပင် မရပေ။

''နေရာကောင်းကောင်းယူပြီး အဲဟိုကုန်းပေါ်က ထီးနီကြီးနဲ့ လူတွေကို ထိအောင်ပစ်စမ်း''

လင်းဘတ်၏ အမိန့်အရ သင်္ဘောသည် ဗမာအကောက်ဆိပ်ကမ်းနှင့် ပို၍နီးသည့် သင့်လျော်ရာသို့ ရွှေ့ပြောင်းနေရာယူ၏။ ထိုစဉ် သင်္ဘောပဲ့ပိုင်းဆီမှ လှုပ်လှုပ်ရှားရှား ပြေးလွှားဆူညံသံကြားရ၏။ ချက်ချင်း သေနတ်သံတွေ ထွက်လာ၏။

မမျှော်လင့်ထားသော ကြားရချက်ဖြစ်၏။ သေချာပြီ မိမိတို့သင်္ဘောပေါ်၌ ရန်သူနှင့်တိုက်ပွဲဖြစ်နေကြောင်း လင်းဘတ်က ချက်ချင်းသိ၏။

''ရန်သူတွေ ဘယ်လိုများ သင်္ဘောပေါ်ရောက်လာပါလိမ့်''

လင်းဘတ်သည် သင်္ဘောသားများ အသင့်ဖြစ်စေရန် အချက်ပေးခေါင်းလောင်းကို အတီးခိုင်း၏။ တစ်သင်္ဘောလုံး ပို၍ဆူညံလာ၏။ လက်ထောက်မာလိန်မှူးသည် မိမိတို့သင်္ဘောကို ရန်သူများက တိုက်ခိုက်လာပြီဖြစ်ကြောင်း နောက်သင်္ဘောမှ သိရန်ဥသြမှုတ်၏။ တစ်ပြိုင်တည်းလိုလိုပင် နောက်သင်္ဘောကလည်း အလားတူဥသြမှုတ်၏။

''ဟယ်...ဘယ်လိုများ တို့သင်္ဘောနှစ်စင်းလုံးပေါ်ကို ရန်သူကောင်တွေ ရောက်လာကြပါလိမ့်...''

လင်းဘတ်သည် မိမိကိုယ်တိုင်လုံခြုံရာ၌ နေရာယူလျက် သေနတ်နှစ်လက်ကိုကိုင်၍ အသင့်စောင့်၏။ မိမိရှိရာသို့ ဆူဆူညံညံ ပြေးတက်လာသည့် အသံတွေကိုကြားရ၏။

''လာပေ့စေ လာပေ့စေ လာကြပေ့စေ...''

ထိုးတော့မည့်ဆင်ကဲ့သို့ ရှေးရှုရာကို စူးစိုက်ကြည့်လျက် ရန်သူနှင့်ရင်ဆိုင်ရန် အာရုံပြုထား၏။ သေနတ်နှစ်လက်ကို တင်းတင်းဆုပ်၍ အကာအကွယ်ယူလိုက်၏။

သွေးသံရဲရဲနှင့် ပြေးတက်လာကြသူတို့ကား မိမိသင်္ဘောသားများဖြစ်နေကြသည်။ လင်းဘတ်သည် နေရာမှ ခုန်ထွက်လိုက်၏။

''ဘာလဲဟေ့ ဘာဖြစ်ကြတာလဲ...''

''ငရဲသွားမယ့် ဝက်ရိုင်းသုံးကောင်ခင်ဗျ အခုကိစ္စချောသွားပါပြီ၊ ကျွန်တော်တို့ဘက်က ငါးယောက်ကျပြီး သုံးယောက်ဒဏ်ရာရတယ်...''

ဆက်လက်ဖော်ပြပါမည်။

Read 23 times
Rate this item
(0 votes)
Last modified on Thursday, 20 June 2019 12:38