SJ WorldNews - шаблон joomla Авто

သေသော်မှတည့် သြော်ကောင်း၏

Tuesday, 09 July 2019 09:21 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

အကြောင်းစုံကို သိထားပြီးသော မြရွက်က ဆွေဆက်အတွက် အားနာသနားနေ၏။ အိမ်ထဲသို့ရောက်သောအခါ ပြန်တော့မည့်ဆဲဆဲပြုနေသော ဦးကြီးတစ်ယောက်က မြရွက်ကို နှုတ်ဆက်လာသည်။

မြရွက်နှင့်ထိုလူကြီး အတန်ကြာအောင် ခေါင်းချင်းကပ်၍ စကားပြောကြပြီးနောက် ထိုလူကြီးက ထွက်သွားတော့မည်ကဲ့သို့ ပြုပြီးမှ ပြန်လှည့်ရပ်၏။

''အကြောင်းပေါ်လာလို့သာဟေ့...တကယ်တော့ နက်ဖြန်ခါ ငါရှိဖို့ကောင်းတာ။  ဒါပေမဲ့ ငါ့တူမကြီး စိတ်မကောင်းမဖြစ်နဲ့...''

''ကိစ္စမရှိပါဘူး ဘကြီး... မြရွက်နားလည်ပါတယ်။သြော် ဒါထက်...''

မြရွက်က ပြုံးတော့မလိုလိုပြုရင်း ခပ်လှမ်းလှမ်း၌ ငြိမ်သက်ရပ်စောင့်နေသော ဆွေဆက်ကို လှည့်ကြည့်၏။

ထို့နောက် ဆွေဆက်ရှိရာသို့ သွား၍ လက်မောင်းရင်းမှ ကိုင်ဆွဲခေါ်လာပြီးနောက် ထိုလူကြီးရှေ့၌ ရပ်စေ၏။

''ဒါ...ကျွန်မတို့ဘကြီး အဖေ့အစ်ကို တစ်ဝမ်းကွဲ ဦးမြတ်ထွန်းတဲ့။  ဟောဒါက မြရွက်တို့ ငယ်ငယ်က ကျောင်းနေဖက်၊ ရန်ဖြစ်ဖက် အစ်ကိုဆွေဆက်...''

လူကြီးသည် ဆွေဆက်၏ မျက်နှာကို စူးစမ်းသော မျက်လုံးဖြင့်ကြည့်၏။

''တစ်နေ့က ပြောပြောနေတဲ့ ဆွေဆက်ဆိုတာလား''

မြရွက်က ညင်သာစွာ ခေါင်းညိတ်ပြ၏။ လူကြီးက ဝမ်းမြောက်ချစ်ခင်သော ဟန်ပန်နှင့်   ဆွေဆက်၏ လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ဖျစ်ညှစ်၏။

''သြ....မောင်ရင်ပဲကိုး။ ကျုပ်က မြတ်ထွန်းတဲ့ မကြာခင် မောင်နဲ့ကျုပ်နဲ့ တစ်နေ့လောက် ဆုံကြဦးစို့..''

စကားပြောပြီးသည့်တိုင်အောင် လူကြီးသည် ဆွေဆက်၏ မျက်လုံးကို စူးစိုက်ကြည့်နေသေး၏။ ထို့နောက် တည်ငြိမ်သော အပြုံးနှင့်ပင် နှုတ်မဆက်ဘဲ လှည့်ထွက်သွား၏။ လူကြီး၏ စကားပြောပုံကြည့်ရှုပုံ တို့မှာ လှိုက်လှိုက်လှဲလှဲ လေးလေးနက်နက်ရှိ၏။

ဆွေဆက်နှင့်မြရွက်တို့ ကြည့်နေခိုက်ပင် ပုဇွန်တောင် ချောင်းအတွင်း ရေဆိပ်၌ အသင့်ဆိုက်ကပ်ထားသော လှေထက်သို့ လူကြီးရောက်သွား၏။ လှေ၌ အရွယ်ညီ၍ အားကောင်းမောင်းသန်သော လှေလှော်သား တစ်ဆယ့်နှစ်ယောက်တို့ ရှိနေကြ၏။ ထိုသူတို့သည် လူကြီးလှေပေါ်သို့ ရောက်ပြီးသည်နှင့် လေးမှ လွှတ်လိုက်သည့် မြားကဲ့သို့ အတုံ့အဆိုင်းမရှိ လှေကို လှော်ထုတ်သွားကြ၏။ ပုစွန်ဆီသွေးနှင့် လူးခြယ်ပေးနေသည့် ကောင်းကင်ကြောင့် ရွှေညိုရောင်ထသော လှိုင်းကြက်ခွပ်များနှင့် တလက်လက်လှနေသည့် ပုဇွန်တောင်ချောင်းရေသည် ဖြတ်ကျော်သွားလိုက်သော  လောင်းလှေငယ်ကြောင့် ရုတ်ရုတ်သဲသဲ ရယ်နေဘိသို့ လှိုင်းထလှုပ်ရှား၏။

ဆွေဆက်သည် မြရွက်နှင့်အတူ ဤသို့ရပ်ငေးနေရသည်ကိုပင် တသိမ့်သိမ့်ကြည်နူးနေ၏။ ငေးမောနေသော ဆွေဆက်၏မျက်နှာကို မြရွက်ကကြည့်လိုက်သည်။ နေလောင်သောကြောင့် ရင့်ကျက်နေသည့်အသား၊ ပေါ်လွင်နေသောနှာတံ၊ ညီညာသောနဖူး၊ ချွန်သောပါးရိုး၊ ခိုင်မာသောမေးရိုးတို့နှင့် ပီသထင်ရှားသည့် မျက်လုံး၊  နှာခေါင်း၊ ပါးစပ်တို့ရှိ၏။ မျက်နှာ၌ ထိခိုက်ပွန်းပဲ့နေသည့် ဒဏ်ရာတို့သည် ရင့်ကျက်သော ယောက်ျားတစ်ယောက်၏ ပီပီသသ မျက်နှာကို မဖျက်ဆီးနိုင်ရုံမက လှပခံ့ညားအောင် ထပ်ဆင့် အမွှမ်းတင်ပေးနေသကဲ့သို့ ရှိ၏။

''ကြည့်စမ်း အမှတ်မထင် နေလာခဲ့မိတာကိုး.. တကယ်တော့သူက ယောက်ျားပီပီ ခန့်ချောကြီးချောတဲ့ လူတစ်ယောက်ပဲ...''ဟုဝမ်းထဲက တွေးမိလိုက်၏။

ထိုသို့ငေးမောတွေးမိဆဲ၊ ဆွေဆက်က ဖျတ်ခနဲမြရွက် မျက်နှာကို ကြည့်လိုက်သည်။ မရှောင်လွှဲလိုက်နိုင်ဘဲ ငေးကြည့်နေသည်ကို  အမိခံလိုက်ရရုံမျှမက ဆွေဆက် မျက်လုံးကို  ပြန်ကြည့်နေမိရသေး၏။ ဖိုသောရင်ဖြင့် ဣနြေ္ဒပျက်စွာ မျက်နှာလွှဲလိုက်မိ၏။

''လာလေ...အိမ်ထဲကိုသွားမယ်''

မြရွက်သည် မိမိအသံကို မိမိမမှတ်မိလောက်အောင် အသံပျက်နေကြောင်း သတိထားမိ၏။ ချက်ချင်းမနက်ဖြန်မှ ဖခင်ကြီး၏ ရက်လည်ဆွမ်းကိုသွတ်ရမည်။ ယခုမိမိက  ဤသို့ဖြစ်နေရသည်မှာ သင့်လျော်ပါမည်လားဟု တွေးတော၏။ မိမိကိုယ်မိမိ အပြစ်တင် စက်ဆုပ်ရှက်ရွံ့မိ၏။

သို့သော် ခက်နေသည်ကား ဖခင်ကြီး ကျရသည်ကို စိတ်ထိခိုက်သည်မှန်၏။ မျက်ရည်ကမထွက်၊ ဝမ်းနည်း၍လည်းမရ။ ''ငါတို့အဘ ကုလားဖြူတွေ တိုက်ရင်း ကျရတာပဲ ဘာဖြစ်သလဲ...''ဟု ဂုဏ်တောင် ယူလိုက်ချင်သေး၏။ သို့ပေမယ့် လူတွေက ကဲ့ရဲ့တတ်ကြသည်။

ဖခင်သေဆုံးလျှင် ဖခင်ကို တကယ်ချစ်ခင်သော ဗိုင်းကောင်းကျောက်ဖိဖြစ်သော မိန်းကလေးတစ်ယောက်သည် ဝမ်းနည်းပူဆွေးရမည်။ မျက်ရည်စက်လက်ဖြစ်နေရမည်။ ပူပုံပန်းရုပ်ကလေးနှင့် သနားစဖွယ်ဖြစ်နေ၍ အရပ်က ဝိုင်းဝန်းကြင်နာခြင်း၊ အားပေးအားမြှောက်ပြုခြင်းကို ခံနေရမည်ဖြစ်၏။

မြရွက်သည် အရပ်၏ ကဲ့ရဲ့ခြင်းကို မခံရလေအောင် အနည်းအကျဉ်း ဟန်ဆောင်ငြိမ်သက်ကြည့်၏။ ထိုသို့ဟန်ဆောင်နေရင်း ဝမ်းထဲက ရယ်ချင်လာသောကြောင့်ရိုးရိုးပင်ကိုအတိုင်း ပွင့်ပွင့်လင်းလင်း နေလိုက်ရသည်။

သနားချင်နေကြသော အပေါင်းအသင်းများနှင့် အရပ်က အဒေါ်ကြီးများ၊ ရပ်မိရပ်ဖများစသည်တို့သည် မြရွက်ကိုကြည့်လျက် မကျေမနပ်ဖြစ်ကြ၏။ မိမိတို့သနားရမည့် သူက သနားစရာရုပ်မျိုး မရှိလေသောအခါ စိတ်ဆိုးကြ၏။

အရွယ်ရောက်ခါမှ မိတဆိုးကလေးဖြစ်လျက် ဒီအဖ ဒီသမီးနှစ်ဦးတည်း ကျန်ရစ်ခဲ့ရာ ယခုအကောင်းသား၊ အမွန်သား၊ အကျန်းမာသားနှင့် ဒီသမီးကလေးကို တစ်ကောင်ကြွက်ထားပစ်ခဲ့ကာ ကုလားဖြူတို့နှင့် တိုက်ရင်း အဖေက ကျဆုံးသွားရ၏။

ဒါထက် သနားစရာ၊ လွမ်းစရာ၊ စိတ်ထိခိုက်စရာ အဖြစ်မျိုးသည် မရှိ။ ဒါနဲ့တောင် ဒီသမီးက မျက်နှာတယ် မညှိုးလှ၊ ဣနြေ္ဒတယ်မပျက်လှ...

သို့သော် ဗမာတို့သည် ကြင်နာတတ်သူများဖြစ်ရကား မသနားရလျှင် မနေနိုင်။

''သနားပါတယ်ဟယ် သူ့ခမျာ ကရင်သွေးက စပ်နေတော့ ဘာမှလည်း လူရေးလူရာ မသိဘူး။ ဝမ်းနည်းရကောင်းမှန်း၊ စိတ်ပူရကောင်းမှန်းမသိရှာဘူး။ မျက်နှာ သိပ်မပျက်လှဘူးဟဲ့...''

ဆက်လက်ဖော်ပြပါမည်။

Read 13 times
Rate this item
(0 votes)
Last modified on Tuesday, 09 July 2019 09:23

Latest from ကေတု