SJ WorldNews - шаблон joomla Авто

သေသော်မှတည့် သြော်ကောင်း၏

Wednesday, 10 July 2019 09:36 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

မြရွက်ကို  ဤသို့သော အကြည့်မျိုးဖြင့်ကြည့်ကြ၏။

ဤသို့သော အမြင်မျိုးဖြင့် မြင်ကြ၏။ အချို့က တစ်ကောင်ကြွက်တစ်မျက်နှာ ကျန်ရစ်ခဲ့ရသော   မြရွက်ကိုယ်စား မြရွက်၏ရှေ့ရေးကို တွေးတောပူပင်ကြ၏။

''လူဆိုတာ တစ်ဖက်က ကုသိုလ်ဆိုးရင် တစ်ဖက်က ကုသိုလ်ကောင်းတတ်ကြတယ်ဟဲ့။ မြရွက်ကိုကြည့်မြင်တိုင် သူဌေးသားက ကြိုက်လိုက်တာမှ   ဖျပ်ဖျပ်ကိုလူးလို့၊ လူကြီးချင်းနားတောင် ဖောက်ပြီးကြပြီပဲ။   အခုဆိုရင် အသာယူလိုက်ပြီး သူဌေးကတော် လုပ်နေလိုက်ရုံပဲပေါ့''

''ညည်းတို့ပြောသလိုတော့ လွယ်သားပဲအေ့။ ဒါပေမဲ့ မြရွက်ကရော၊ မြရွက်တို့အဖေကရော အဲဒီသူဌေးသားကို  သူတို့အိမ်   အဝင်အထွက် လုပ်လုပ်နေတာတောင် လူကြီးတွေက အထိုက်အလိုက်နေပေမယ့်  မြရွက်က မောင်းတောင်ချသတဲ့...''

''ဟိုတုန်းကတော့...ဟုတ်ချင်ဟုတ်ကြမှာပေါ့အေ။ ဒါပေမဲ့ သူ့ခမျာ အခုတော့ အားကိုးရာမဲ့ တစ်ကောင်ကြွက်မဟုတ်လား...''

ဤသို့မြရွက်နှင့် သူဌေးသားအကြောင်း ပြောနေချိန်၌ပင် ကြည့်မြင်တိုင်သူဌေးသား ရောက်လာ၏။   နောက်လိုက်နောက်ပါ အခြွေအရံနှင့် စီစီညံညံ ရှိလှ၏။

သူဌေးသားသည်  ပုသိမ်ပဝါကို  မျက်ခုံးစပ်အထိ ဖုံးအုပ်လျက် အကြော့အမော့ခေါင်းကို ရစ်ပေါင်းထား၏။ လွန်းကြီး ချိတ်ပုဆိုးရှည်ကို ဝတ်ဆင်ထားသည်ဖြစ်ရာ မဏ္ဍပ်ဝသို့ ဝင်လာသည်နှင့် ပိုးပုဆိုးမှ တချွင်ချွင်မြည်သံကို အိမ်ပေါ်ထပ်မှကြားရ၏။ သူဌေးသား၏နောက်မှ ကွမ်းအစ်ကိုင်၊ ဆေးအစ်ကိုင်၊ ဓားလွယ်ကိုင် လူရှစ်ယောက် ခန့် ပါလာကြသည်။ သူဌေးသား၏ မြင်းတို့ကို  မဏ္ဍပ်အပြင် အိမ်ဝင်းထရံ၌ တန်းစီချည်ထားကြ၏။

ဧည့်သည်တွေ ဝင်လာသည်ကိုမြင်သောကြောင့် မြရွက်နှင့် စကားပြောနေသည့် ဆွေဆက်က နေရာမှထလိုက် သည်။

''ကျုပ်ပြန်မယ် မမြရွက် နက်ဖြန်မှလာတော့မယ်...''

''နေဦး အစ်ကိုဆက် မြရွက်ပါအောက်က မဏ္ဍပ်ထဲကို လိုက်ခဲ့ဦးမယ်...''

''အို...ဟိုမှာ   ဧည့်သည်တွေ လာနေကြတယ်လေ...အိမ်ရှင်ဆိုတာ ကိုယ့်နာရေးကိစ္စကို ရောက်လာတဲ့လူဆိုရင် ဝတ္တရားကျေအောင် ဧည့်ခံရတယ်။ ပြီးတော့ ဒီဧည့်သည်ကလည်း တစ်နေ့ ကိုယ့်အိမ်ဦး နတ်ဖြစ်လာရမယ့်...''

''အို...အစ်ကိုဆက်ကလည်း...''

မြရွက်သည် ဆွေဆက်၏ စကားကိုမှ ဆုံးအောင် နားမထောင်ဘဲ မဏ္ဍပ်ရှိ အပျိုဖော်များဆီသို့ ဆင်းသွား၏။

အဆင်းအတက်၌ မြရွက်နှင့်သူဌေးသား  မျိုးမင်းတို့ ဆုံလိုက်မိကြသော်လည်း မြရွက်က မမြင်ဘိသို့ပြုလျက် မိမိသွားရမည့် လမ်းကို ရှေးရှုဆင်းသွား၏။

သူဌေးသား မျိုးမင်းသည် နေရာတွင်ရပ်လျက်၊ မြရွက်ကို လည်ပြန်လှည့်ကြည့်နေရာမှ လူကြီးဝိုင်းမှ မိမိအားဆီး ကြိုနှုတ်ဆက်လိုက်သည့် နေရာသို့ အရှက်ပြေထိုင်ရန် သွား၏။

ဆွေဆက်သည် လမ်းဖယ်ပေးလျက်၊ ဘေးတွင်ရပ်၏။ ထို့နောက် တည်တံ့ဖော်ရွေသော အပြုံးနှင့် သူဌေးသား မျိုးမင်းကိုကြည့်၏။

မျိုးမင်းသည် ဆွေဆက်ကို မျက်စောင်းဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် မတူမတန်မသိဘူး သူကဲ့သို့ပြုလျက် လူကြီးဝိုင်းရှိရာသို့ သွား၏။ သူဌေးသားနှင့် အခြွေအရံတို့ လွန်သွားကြမှ ဆွေဆက်သည် ရပ်နေရာမှ မဏ္ဍပ်တွင်းသို့ ဆင်းလာခဲ့သည်။

ငရုတ်သီးထောင်းနေကြသည့် အပျိုဝိုင်းထဲမှ မြရွက် က မတ်တတ်ထလိုက်သည်။

''အစ်ကိုဆက် နက်ဖြန် ဘယ်အချိန်လာမှာလဲ...''

''ကျုပ်လာနိုင်ရင် ခပ်စောစောပဲ လာခဲ့မယ်လေ...''

''ဟုတ်တယ် မြရွက်ကလည်း အစ်ကိုဆက်ကို ခပ်စောစောလာစေချင်တယ်...ဟို...ဟို...''

မြရွက်သည် စကားကို ဆက်မပြောဘဲ အတန်ကြာအောင် ငေးနေ၏။  အနီးဝန်းကျင်၌ အလုပ်လုပ်နေကြသော အပျိုများ၊ ကာလသားများက မိမိတို့လုပ်နေကြ သည့်အလုပ်ကို ရပ်လျက်    မြရွက်ပြောမည့် စကားကို စောင့်ဆိုင်းနားထောင်နေကြ၏။ ဆွေဆက်ကလည်း နားစွင့်နေ၏။ မြရွက်သည် အနီးပတ်လည်သို့ မျက်လုံးတစ်ချက် ကစားလိုက်ပြီးနောက် ဆွေဆက်ရှိရာသို့သွား၏။

''နက်ဖြန်ခါ ဘကြီးတို့လည်း မလာနိုင်ကြဘူး၊ မြရွက်ပဲ လူကြီးလုပ်ပြီး ရေစက်ချရမှာ၊ ဒါကကိစ္စမရှိဘူး။ မနက်စောစော ဘကြီးတို့ဆီကို သွားမယ့်လှေကြုံရှိတယ်၊အဲဒါ အစ်ကိုဆက်နဲ့ မြရွက်တို့ တစ်နေ့ သွားရအောင် အခေါ်လွှတ်လိုက်ပါလို့ ဘကြီးဆီကို မှာလိုက်ချင်တယ် အဲဒါ တိုင်ပင်ချင်လို့''

''ဘယ်သူလဲ ဘကြီးဆိုတာ၊ ခုနလူကြီး ဦးမြတ်ထွန်း ဆိုတာလား။ ကျုပ်တို့ဘာလုပ်ဖို့ သွားကြရမှာလဲ၊ မြရွက်ကို လိုက်ပို့ပေးရမှာလား''

ပို့ဖို့ချည်းမဟုတ်ပါဘူး၊  မြရွက်တစ်ယောက်တည်းလည်း သွားနိုင်ပါတယ်။ အစ်ကိုဆက်ကို ဘကြီးနဲ့ စကားပြောစေချင်လို့ပါ''

အနီးပတ်ဝန်းကျင်မှ အလုပ်လုပ်သည်ကို ရပ်၍နားထောင်နေကြသော သူတို့သည် ဘယ်လိုမှထူးခြားသည့် စကားများ မဟုတ်သောကြောင့် မိမိတို့ပြုလက်စ အလုပ်များကို ဆက်လက် လုပ်ကိုင်နေကြ၏။  ထိုအတွင်း သူတို့၏မျက်စိသည်  ဆွေဆက်နှင့် မြရွက်တို့ရှိရာမှ အခြားဘက်သို့ ရောက်သွား၏။ လှီးလက်စကြက်သွန်၊ ထောင်းလက်စ ငရုတ်သီးထောင်းခြင်း အလုပ်များကို ရပ်ပစ်လိုက်ကြ၏။

ဆက်လက်ဖော်ပြပါမည်။

Read 60 times
Rate this item
(0 votes)
Last modified on Wednesday, 10 July 2019 09:37