SJ WorldNews - шаблон joomla Авто

သေသော်မှတည့် သြော်ကောင်း၏

Thursday, 11 July 2019 11:43 Written by  font size decrease font size decrease font size increase font size increase font size

ဆွေဆက်နှင့်မြရွက်ဘေးမှ     သူဌေးသားမျိုးမင်း ဝင်ရောက်ရပ်လာသည်။ ဆွေဆက်သည် တည်ငြိမ်သော အပြုံးနှင့်     မျိုးမင်းကို လှည့်ကြည့်လိုက်ပြီးနောက် သုံးယောက်ဆိုင်ရပ်သာအောင် နေရာဖယ်ပေးလိုက်၏။

မျိုးမင်းက ဖယ်ပေးသည့်နေရာကို ဝင်ယူလိုက်ရင်း မြရွက်၏ မျက်နှာကို တခန့်တညား စိမ်းစိမ်းစားစားကြည့်၏။

''အဖေကြီးလည်း  မတုပြိုင်သင့်တာကို တုပြိုင်တိုက်ခိုက်မိလို့ ဆုံးပါးသွားရရှာပါပြီ။ ဒါနဲ့တောင်မှ ''မြ''လေး တစ်ယောက်ဟာ  ဘယ်သူ့အားကိုးနဲ့  မာနမိုးကြီးကောင်းနေရတာပါလိမ့်'' မြရွက်က မလှုပ်မရှား လှည့်မကြည့်ပဲ ငြိမ်သက်နေ၏။ ထို့နောက် ဆွေဆက်ဘက်သို့လှည့်လိုက်၏။

''နည်းနည်းစောစော လာစေချင်တာပဲ အစ်ကိုဆက်၊ကဲ  အစ်ကိုဆက်လည်းပြန်ချင်နေပြီ။  မြရွက်လည်း အိမ်ပေါ် ပြန်တက်တော့မယ်'' မြရွက်လှည့်ထွက်သွားတော့မည်ပြုစဉ် အားတုံ့အားနာ ဖြစ်နေသော ဆွေဆက်ဘက်သို့ မျိုးမင်းက  လှည့်လိုက်၏။

''ဘယ့်နဲ့...ကိုယ့်ရောင်းရင်းမျက်နှာလည်း  သူရဲကောင်းတံဆိပ်တွေ အပြည့်နဲ့ လှလို့ပါလား။  ဒါကြောင့် ''မြ''လေးတို့က ဒါလောက်အရေး ပေးနေတာမှတ်တယ်'' မြရွက်၏ခြေလှမ်းသည် တုံ့သွား၏။ ဆွေဆက်၏ မျက်နှာသည် တင်းခနဲဖြစ်သွား၏။ သို့သော် မျိုးမင်း၏ မျက်နှာကို တစ်ချက်မျှကြည့်ပြီးနောက် မည်သို့မျှမတုံ့ပြန်ဘဲ လှည့်ထွက်လိုက်၏။

''နေပါဦးကိုယ့်လူရ...ကျုပ် ကိုယ့်လူကိုဆရာတင်ချင်လို့ပါ။ နိုင်ငံခြားသားတွေရှေ့မှာ ဆံပင်ကကိုင်ပြီး ဝင်းပြင်အရောက် မြေကြီးပေါ်က တရွတ်တိုက်ဆွဲအထုတ်ခံရလို့ မျက်နှာမှာ တံဆိပ်ရလာတဲ့ သူရဲကောင်းယောက်ျားမျိုးကို မိန်းမပျိုတွေက ကြိုက်တတ်သလား ဟုတ်လား'' ဆွေဆက်သည် စော်ကားမော်ကားပြုလှသော မျိုးမင်းကို တစ်စုံတစ်ခု ပြုလုပ်တော့မည်ကဲ့သို့ လှုပ်ရှားလိုက်မိပြီးမှ ဝိုင်းကြည့်နေကြသော မိန်းမပျိုများနှင့် ဧည့်သည်ယောက်ျား မိန်းမတို့ကို မျက်စိကစားလိုက်၏။  ထို့နောက်ပါးစပ်မပွင့်သောအပြုံးနှင့်   နှုတ်ခမ်းတစ်ခြမ်းတည်းပြုံးလိုက်၏။

''အဲဒါတွေ ကျုပ်တို့ရွာပြင်ရောက်မှပြောကြစို့၊ လာဗျာအိမ်ရှင်က ဧည့်မခံတဲ့အတူတူ ကျုပ်နဲ့ပြန်လိုက်ခဲ့ပါလား'' ဆွေဆက်၏ အသံသည် ခပ်အေးအေး ခပ်တိုးတိုးပင်ဖြစ်၏။ မျိုးမင်းက အသံကျယ်လောင်စွာ ဟားတိုက် ရယ်လိုက်သည်။

''ကိုယ့်ရောင်းရင်းက နောက်ထပ်တံဆိပ်ကြီးကြီးတွေ ထပ်လိုချင်နေတယ်မှတ်တယ်...''

ထိုစဉ် မြရွက်၏လက်သည် မျိုးမင်း၏ခေါင်းမှ ပုသိမ်ပဝါစကို ဖြုန်းခနဲ ဆွဲဖြုတ်ချလိုက်၏။

''ရှင့်တံဆိပ်မျိုးနဲ့ ဘယ်သင်းကသာသလဲ၊ ရှင့်တံဆိပ်က ကုလားဖြူတွေကို  မျောက်ကကပြလို့ရတဲ့တံဆိပ်၊ ဟိုတံဆိပ်က ကုလားဖြူလည်မျိုကို ဓားနဲ့ထောက်ပြီး မြို့ဝန်ကြီးအိမ်ဝင်းထဲက   စော်ကားမော်ကားလုပ်တဲ့ ကုလားဖြူတွေကို မောင်းထုတ်ခဲ့လို့...

...ကုလားဖြူတွေကြောက်နေရတဲ့ဗမာတွေ ကုလား ဖြူတွေကျေနပ်အောင်ပေးလိုက်ရတဲ့တံဆိပ်... ...အဲဒီတံဆိပ်နှစ်ခု ဘယ်သင်းကတန်ဖိုးရှိတယ် ဆိုတာ ရှင့်လိုမျိုးဖျက်ကတော့ဘယ်သိမလဲ...'' ဝိုင်းဝန်းကြည့်နေကြသူတို့သည် မြရွက်၏ စကားဆုံးသည်နှင့် မျိုးမင်း၏မျက်နှာကို လှည့်ကြည့်၏။ မျိုးမင်း၏ နဖူး၌ ''မျိုးဖျက်''ဟူသော စာလုံးနက်ကြီးသည် ရေးထွင်းထားဘိသို့ အထင်းသားပေါ်နေ၏။

မျိုးမင်းသည် ရုတ်တရက် ဘာလုပ်ရမည်မသိဘဲ နေရာတွင်ရပ်ကာ ကြက်သေကြီးသေနေ၏။ ထို့နောက် သတိဝင်လာလျက်    ပဝါစကိုကိုင်ထားသော   မြရွက်၏ လက်ကောက်ဝတ်ကို လှမ်းဆုပ်လိုက်၏။

''ရှင်...လွှတ်စမ်း...ကျုပ်လက်သနတယ်...''

မြရွက်က ပဝါကိုဆုပ်ကိုင်ထားရင်း လက်ကိုရုန်း၏။

မျိုးမင်းက ဒေါသနှင့် မြရွက်လက်ကိုဆွဲမလိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် မြရွက်၏လက်ထဲရှိ ပဝါစကိုဖြေယူ၏။ ဤတွင် မြရွက်၏ လက်တွင်ဝတ်ထားသော ကျောက်ကျွတ်နေသည့် လက်စွပ်ကို မြင်သည်။

မျိုးမင်းသည် ပဝါကို လက်မှဖြေမယူတော့ဘဲ မြရွက်၏လက်ကို မြှောက်ယူကြည့်ရင်း သူရဲအခြောက်ခံရသူ၏ မျက်နှာကဲ့သို့ တဖြည်းဖြည်းအထိတ်တလန့်ဖြစ်လာ၏။ ထို့နောက် မြရွက်၏မျက်နှာကို ပြူးပြူးကြည့်လျက် နောက်ဆုတ်နောက်ဆုတ်ပြုရင်း လက်ညှိုးဖြင့် ထိုးထား၏။

''နင်...နင်...နင်''

မျိုးမင်းသည် စကားကိုမှ ဆက်မပြောနိုင်အောင်ဖြစ်လျက် နောက်ဆုတ်နောက်ဆုတ်ပြု၍ အတော်ကလေး လှမ်းလှမ်းကွာမှရပ်၏။

ဘေး၌ရှိနေကြသောသူတို့လည်း  မျိုးမင်း  ဤမျှအထိတ်တလန့် ဖြစ်နေသည်ကိုကြည့်၍   ဘုမသိဘမသိရော ယောင်နောက်ဆုတ်ကြ၏။

မျိုးမင်းသည် မြရွက်၏မျက်နှာမှ လုံးဝမခွာပဲ ခါးထဲ၌ လိမ်ထားသည့် အထုပ်တစ်ခုကိုနှိုက်ယူ၏။  ထို့နောက်ထို အထုပ်ကို မကြည့်ဘဲ ဖြေယူပြီး မြရွက်သို့ပြ၏။

''ကြည့်စမ်း...ဒီမှာကြည့်စမ်း...ဒါနင့်ဟာမဟုတ်လား၊ နင်ဓားပြ...သူခိုးဓားပြ'' မျိုးမင်း၏လက်မနှင့် လက်ညှိုးကြားတွင် ဆီးကင်းခန့်ရှိသော ကြောင်ကျောက်တစ်လုံးဖြစ်၏။

မြရွက်၏လက်သည် ကြက်ကလေးကို သုတ်လိုက်သော သိမ်းစွန်ကဲ့သို့ မျိုးမင်း၏ လက်ထဲမှကျောက်ကို ဖျတ်ခနဲလုယူလိုက်၏။

''ဟုတ်တာပေါ့...ဒါမြရွက်လက်စွပ်ကကျောက်ပေါ့။

ဆေးအထိုးခံရမှာရှက်တယ်ဆိုလို့ ရှင့်ကိုပါးရိုက်တုန်းက ကျွတ်ကျကျန်ရစ်တာဖြစ်မှာပဲ...ဒါ...ဘကြီးက ပေးထားတဲ့ကျောက်...'' မြရွက်က ပြောပြောဆိုဆို မျိုးမင်း၏ပုသိမ်ပဝါကို မြေသို့ပစ်ချလိုက်၏။ ထို့နောက် လက်ထဲရှိကျောက်ကို ပါးစပ်တွင်ငုံလိုက်ပြီး မျိုးမင်းမျက်နှာဘက်သို့ တည့်တည့်ရင်ဆိုင်၏။

မျိုးမင်းသည် မိမိနောက်လိုက်များအကြားသို့ ပြေးဝင်ရင်း မိမိနောက်လိုက် တစ်ယောက်၏ ဓားလွယ်မှ ငှက်ကြီး တောင်ဆောင်ဓားကို ဆွဲထုတ်ဆုပ်ကိုင်လိုက်၏။

ရန်ကုန်ဘဆွေ

Read 54 times
Rate this item
(0 votes)
Last modified on Thursday, 11 July 2019 11:43

Latest from ရွှေတည်