SJ WorldNews - шаблон joomla Авто

သေသော်မှတည့် သြော်ကောင်း၏

Friday, 12 July 2019 11:50 Written by  font size decrease font size decrease font size increase font size increase font size

''မိပြီ မိပြီ...ကျုပ်လှည်းတွေကို တိုက်တဲ့ဓားပြမ၊ သင်းခေါင်းဆောင်ဘဲ၊ သင်းကို ကျုပ်တို့အခုဖမ်းရမယ်၊ဟေ့ တို့လူတွေဘာလုပ်နေကြတာလဲ သင်းကိုဝိုင်းပါလား၊ သင်းကိုဖမ်းကြ၊ သည်ဓားပြမကို ဖမ်းကြ...''

မျိုးမင်းသည် အရူးကဲ့သို့ မျက်လုံးပြူးပြူးပြဲပြဲဖြစ်နေလျက် တမောတပန်း ဒေါသတကြီးအော်ဟစ်၏။ မဏ္ဍပ်အတွင်း၌ လူတွေတဖြည်းဖြည်းအုံလာလျက် မြရွက်တို့ကို ဝိုင်းပိတ်ထားသကဲ့သို့ ဖြစ်နေ၏။ ကြက်သွန်လှီးသူ၊ ငရုတ်သီးထောင်းသူတို့လည်း တဖြည်းဖြည်းနောက်ဆုတ်သွားကြကာ ဝိုင်းကြည့်နေကြသော လူတွေအကြား၌ ရောက်နေ၏။

မျိုးမင်း၏ သွေးထိုးစေခိုင်းချက်အရ မျိုးမင်း၏ တပည့်တပန်းတို့ကလည်း ဓားတဖွေးဖွေးဖြင့် ဝိုင်းဝန်းခုတ်ထစ်ြ ကတော့မည်ကဲ့သို့ တစ်စတစ်စ မြရွက်အနီးသို့ လှည့်ပတ်ဝိုင်းရံလာကြ၏။

လူကြီးဝိုင်းရှိ လူတချို့တို့က မဆွဲဝံ့၊ မတားဆီးဝံ့နှင့် ဟုတ်သည်၊ မဟုတ်သည်ကိုလည်း မယုံရဲ ယုံရဲဖြစ်နေကြ၏။ အချို့လူကြီးများက ဤသို့ဖြစ်နေသည်ကို မကြည့်ရက်၊ ပဲ့နင်းကြီးသာရှိလျှင် သင်းတို့ ဒါလောက်ရှိ ခေါင်းနဲ့ကိုယ်နဲ့တောင် အိုးစားကွဲကုန်ကြပြီဟု တွေး၏။

''မောင်ရင် ကိုငမျိုးမင်းတို့ရဲ့၊ ကြည့်ရှုလည်းလုပ်ကြပါဟဲ့၊ ဟုတ်လည်းအေးအေးချမ်းချမ်း၊ မဟုတ်လည်း အေးအေးချမ်းချမ်းလုပ်ကြမှပေါ့။ ဘာမှမရှိတဲ့ မိန်းမတစ်ယောက်ကို ဓားတွေနဲ့ ဝိုင်းနေကြတာတော့ အရုပ်ဆိုးလွန်းလှပါတယ်...''

လူကြီးတစ်ယောက်က တားဆီးလိုက်သော စကားသည် တစ်ချိန်လုံး   ငြိမ်သက်အံ့အား သင့်နေသော ဆွေဆက်ကိုလှန့်နှိုးလိုက်ဘိသို့ ရှိ၏။ ဆွေဆက် အံ့အားသင့်ရသော အကြောင်းရင်းသည် မျိုးမင်းနှင့် မျိုးမင်းလူများက ခုတ်မည်ထစ်မည်ဟု ဓားကိုယ်စီနှင့် ဝိုင်းနေကြသောကြောင့်မဟုတ်၊ ကုလားဖြူတို့နှင့်တကွ၊ ဟံသာဝတီရန်ကုန်မြို့သားတို့ အံ့အားတသင့် တုန်လှုပ်ကြောက်ရွှံ့ခဲ့ကြရသည့် မျက်နှာဖုံးထားသော ဓားပြဗိုလ်ကြီးသည်...

တင့်လှပေဟန်၊ ဘက်မရန်သော၊ ခြောက်တန်နတ်ရွာ၊ ဘုံကလာသို့၊ ပြာပြာလတ်လတ်၊ မွှတ်မွှတ်ထင်ထင်၊ဖြုတ်ချည်းမြင်က နတ်ပင်ယိုးမှား၊ ဝိုးဝါးတွေးချွတ်၊စိတ်လုံးညွှတ်သည့်၊ ဘုံထွက်ကျသက်ရှင် မြရွက်မှ...လာဖြစ်နေရသောကြောင့်ဖြစ်၏။

ဆွေဆက်သည် မိမိတိတ်တခိုးချစ်နေမိသော မြရွက်လိုမိန်းမမျိုးက ဓားပြဗိုလ်ကြီးဖြစ်နေသောကြောင့် အထင်မသေး၊ မုန်းတီးမသွား ပို၍ဂုဏ်ယူ၏။ ပို၍သဘောကျ၏။ ဇမ္ဗူတွင် တလူမအဖြစ်နှင့် ကြားဖူးရုံမျှပင် ကြားဖူးရန် ခဲယဉ်းလှသော တကယ့်ချီးကျူးဖွယ် မိန်းမပါပေတကားဟု တွေးတောဝမ်းမြောက်၏။ သို့သော် သတိရလာသည်နှင့် မြရွက်က ရှေ့ကဝင်ရပ်လိုက်၏။

''အစ်ကိုဆက် အသာနေ၊ အသာနေ၊ ဘေးဖယ်၊တကယ့်သူရဲကောင်းယောက်ျားကြီးတွေက လက်နက်မဲ့ မိန်းကလေးတစ်ယောက်ကို ဓားနဲ့ဝိုင်းခုတ်ဖို့လုပ်နေကြတာ ဘယ်လောက်ကြည့်ကောင်းသလဲ၊ ဒီလိုယောက်ျားမျိုးကြီးတွေ ရှိနေရက်နဲ့တောင် မြရွက်တို့ တိုင်းပြည်ကိုကုလားဖြူတွေက အနိုင်ကျင့်ရဲကြတယ်ဆိုတာ...''

မြရွက်၏ စကားမဆုံးမီပင် မျိုးမင်း၏ တပည့်သုံးယောက်တို့ အမှတ်မဲ့ဓားဖြင့် ခုန်ဝင်ခုတ်ထစ်ကြ၏။

မြရွက်သည် ကြောင်မကဲ့သို့ လျင်မြန်စွာ ညင်ညင်သာသာ တိမ်းရှောင်လျက် အနီးရှိ မြေအင်တုံငယ်ထဲမှ ရေများဖြင့် သုံးယောက်သားတို့၏ မျက်နှာသို့ ပက်မိအောင်ပက်၏။ ထိုရေသည်  မိန်းမပျိုတို့  ငရုတ်သီး၊ကြက်သွန်များ၊  ချင်းများထောင်းပြီး ငရုတ်ဆုံတို့ကိုဆေးသွန်ထည့်ထားသည့် လက်ဆေးရေဖြစ်၏။

မဏ္ဍပ်တိုင်ကို ခုတ်ထစ်နေမိလျက်သားဖြစ်နေကြသောမျိုးမင်း၏ တပည့်သုံးယောက်တို့သည် မျက်နှာကို လက်ဖြင့် ပိတ်လျက် ခေါင်းတယမ်းယမ်းဖြစ်နေကြ၏။ ထိုစဉ်မြရွက်က လူနှစ်ယောက်လက်မှ ဓားနှစ်လက်ကို အလွယ်လုယူ၏။ ဆွေဆက်ကလည်း ကျန်တစ်ယောက်လက်ထဲရှိဓားကို အလွယ်ဆွဲယူလိုက်သည်။ ထို့နောက် မြရွက်၏

ရှေ့မှဝင်ရပ်လျက် မျိုးမင်းကို ရင်ဆိုင်လိုက်သည်။

''အစ်ကိုတို့ စဉ်းစားပါ။ မြရွက်အစ်ကိုတို့ကို တမင်အရွဲ့တိုက်ပြီး ပြောချင်ရင်ပြောမည်။ ဟုတ်ချင်ရင်လည်းဟုတ်မည်။ သူခိုးဓားပြဟူက ကြောက်ရွံ့သမှုစစ်မဆေးဘဲ ဟုတ်ပါသည်ဟု ပြောလေ့မရှိ၊ ဟုတ်သည်ထားဦး၊အစ်ကိုတို့အခုလုပ်တာ အရုပ်ဆိုးလှသည်။ မြရွက်အတွက်ကျွန်တော်တာဝန်ယူမည်။ ဘယ်မှမပြေးစေရ။ အစ်ကိုတို့မြရွက်ကို ကြိုက်သလိုစွပ်စွဲနိုင်သည်။ မသာကိစ္စပြီးတဲ့အခါ   မြို့ဝန်မင်းရုံးမှာ လျှောက်ထားပြီး စွပ်စွဲဖမ်းဆီးနိုင်သည်။ သည်လိုမဟုတ်ဘဲ အခုလုပ်နည်းမျိုးကိုလုပ်လျှင် အစ်ကို့ဂုဏ်လည်း ထိခိုက်မည်၊ ကျွန်တော်တို့ကလည်း ကြည့်မနေသာ...''

ရန်ကုန်ဘဆွေ

Read 18 times
Rate this item
(0 votes)