SJ WorldNews - шаблон joomla Авто

သေသော်မှတည့် သြော်ကောင်း၏

Saturday, 13 July 2019 14:46 Written by  font size decrease font size decrease font size increase font size increase font size

ထိုအခါတွင် တရုန်းရုန်းတလှုပ်လှုပ်နှင့် ဝိုင်းကြည့်နေကြသူအားလုံးတို့က    တစ်ယောက်တစ်ပေါက် ဝိုင်းဝန်း ထောက်ခံကြ၏။ လူကြီးတွေကိုယ်တိုင် ဆွေဆက်တို့ရှိရာသို့ တိုးဝင်ရောက်လာကြ၏။ မိန်းမပျိုအချို့နှင့် ပုဇွန်တောင် ရွာငယ်မှ   အပျိုခေါင်းတို့ကလည်း   မြရွက်၏ဘေးသို့ ဝိုင်းလာကြ၏။ အချို့ကလည်း မျိုးမင်းကို အတင်းဆွဲခေါ်လျက် ပြန်ပါရန်ပြောကြ၏။

မျိုးမင်းသည် မငြင်းဆန်နိုင်ဘဲ မိမိလူများကိုခေါ်၏။ ဆွေဆက်က မိမိလက်ထဲရှိဓားကို မြေပြင်သို့ ထိုးစိုက်ပစ်ပေး၏။ မြရွက်ကလည်း ယင်းအတိုင်းပစ်စိုက်၏။ ဓားသုံးချောင်းတို့သည် တစ်တန်းတည်းမြေ၌စိုက်လျက် ဓားရိုးသုံးခုပူး နေကြသည်။

မျိုးမင်းတို့လူစုသည် ဓားများကို နုတ်ယူထွက်သွားကြ၏။ မျိုးမင်းတို့ထွက်သွားကြပြီးသည်အထိ မဏ္ဍပ်အတွင်း၌ လူတွေစုရုံးစုရုံးပြောနေကြ၏။  အချို့က   ခုချိန်မျိုးမှာ ခုလိုဖြစ်ရတဲ့အတွက် စိတ်မကောင်းဟု    မျိုးမင်းတို့က ပြောသွားရမည့်အစား ယင်းတို့ကဝင်ပြောနေကြ၏။

အချို့မိန်းကလေးတို့က    ''သူဌေးသားမျိုးမင်းကို ပြောလိုက်တာ၊ တကယ်လား၊ သိပ်အားကျတာပဲ၊ နောက်တစ်ခါ အဲဒါမျိုးဆိုရင် ကျွန်မပါခေါ်ပါ''ဟု အားတက်သရောပြောကြမေးကြ၏။

မြရွက်က မဟုတ်သလိုလို၊ ဟုတ်သလိုလို တိတိကျကျအဖြေမပေးဘဲ ''မကြာခင် အားလုံးသိလာကြမှာပေါ့...''ဟု ပြော၏။

ဆွေဆက်ပြန်မည်ပြုသောအခါ မျိုးမင်းတို့လူစု စောင့်နေကြမည်စိုးသောကြောင့် ဝိုင်းတားထားကြ၏။ အခွင့်သာသည်နှင့် ဆွေဆက်က မြရွက်ကို ''တကယ်လား...''ဟုမေးသည်။ မြရွက်က ခေါင်းညိတ်ဝန်ခံ၏။

''မိုက်လှချည်လား မြရွက်ရယ်၊ ဟုတ်ရင်လည်း ဘာလို့ပြောရတာတုန်း...'' ''ဘကြီးပေးထားတဲ့ ကြောင်ကျောက်ကလေးကို နှမြောလို့၊  အဲဒါလေးထုတ်ပြအောင်    တမင်ပြောလိုက်တာ၊ပြီးတော့ မြရွက်မှာ  အဘလည်းဆုံးခဲ့ပြီမဟုတ်လား...

အဘကို သေအောင်တိုက်တဲ့ကုလားဖြူတွေကို ဘကြီးနဲ့အတူလိုက်သွားပြီး    သင်းတို့ကိုပြန်တိုက်ရမယ်...သည်မှာနေလို့ ဘာထူးဦးမှာလဲ...''''မြရွက်ရယ်...နင့်နှယ်...''''ဆွေဆက်က ညည်းသာညည်းရသည်။ မြရွက်၏ အစီအစဉ်ကို မဟုတ်ဘူးဟုမဆိုသာ...'' ဆွေဆက်ပြန်လာချိန်၌ အတော်ညဥ့်နက်ခဲ့လေပြီ။

မြရွက်သည် ဆွေဆက်ကိုစိတ်မချသောကြောင့် ဘေးဆီးရန်ကာယူသွားရန် ဓားလွယ်တစ်ချောင်းပေးလိုက်၏။

''အဘသည် ဓားလွယ်ပါမသွားတာနဲ့...ဓားတုံးလွယ်လို့ကျရတာ..''ဟုလည်း နှုတ်မှပြောလိုက်သေး၏။

ဆွေဆက်က မြရွက်သည် တိုက်ပွဲအကြောင်း၊ ဓားခုတ်လှံထိုးအကြောင်း အတော်ချည်းအရည်ဝနေပြီဟု မှတ်ချက်ချလိုက်၏။ ထို့နောက် မြရွက်ကိုနှုတ်ဆက်လျက် ပုဇွန်တောင်ရွာငယ်ထဲမှ ထွက်လာခဲ့သတဲ့။ကောင်းကင်၌ ကြယ်ရောင်မျှရှိသည်။ လဆန်းရက်ဖြစ်သောကြောင့် လဝင်ပြီးနှင့်ပြီဖြစ်၏။ သစ်တောကြီးအတွင်းသို့ဝင်သွားသော မြေဖြူလမ်းကြောင်းကလေးကို မြင်းပေါ်မှရေးရေးမြင်ရသည်။ တိမ်ပျံသည် ဤလမ်းကိုသိ၏။ ဘာမှပူပန်ရန်မလို...

အုံ့အုံ့ဆိုင်းဆိုင်းရှိနေသော မြင့်မားလှသည့် သစ်ပင်အိုကြီးတို့၏ အောက်၌ အလင်းရောင်လုံးဝကင်းမဲ့နေ၏။

မြင့်မားသောသစ်တောကြီး၏အပြင်ဘေးရှိ ချုံပိတ်ပေါင်းတန်းတစ်လျှောက်တွင် ပိုးစုန်းကြူးတို့သည် ဝင်းခနဲဝင်းခနဲ တစ်ချိန်တည်း၊ တညီတည်း မှန်မှန်လင်းနေ၏။ ထိုပိုးစုန်းကြူးအလင်းရောင်တို့ရှေ့မှ မည်းမည်းအရာဝတ္ထုများ ဖြတ်လာနေကြသည်။ မျိုးမင်းတို့တပည့်များဖြစ်ဟန်တူ၏။

ကြိုတင်ရှောင်ရှားလိုသည့်သဘောနှင့် ဆွေဆက်က မြင်းကိုခပ်သုတ်သုတ်နှင်၏။ တစ်ဖက်မှမည်းမည်းများက ဆွေဆက်ရှိရာသို့   ဒုန်းစိုင်းလာကြ၏။   ရန်သူတွေဖြစ်ကြောင်း သေချာသည်နှင့် ဆွေဆက်သည် မြင်းကိုဒုန်းစိုင်း၏။ သစ်တောအုပ်အပြင်သို့ ထွက်သောအစပ်၌ မြင်းချင်းမနီးမဝေးလာဆုံကြ၏။

ရန်သူတို့၏မြင်းသည် ရှစ်ကောင်ရှိ၏။ ဆွေဆက်သည် မြင်းရှစ်ကောင်တို့ ဝိုင်းရံလိုက်သည်ကို ရှေ့မှကြို၍ပြေးလိုက်၊ နောက်သို့လှည့်၍ပြေးလိုက်၊ ယာသို့ပတ်၍ပြေးလိုက်၊   ဝဲသို့ပတ်၍ပြေးလိုက်၊   ပူးချည်ခွာချည်ပြုလိုက် စသည်ဖြင့် မြင်းရှစ်ကောင်တို့ ဖမ်းမမိနိုင်အောင်ပြု၏။

ကြိုလိုက်၊ ဖြတ်လိုက်၊ ပန်းလိုက်ကြသောမြင်းတို့နှင့် မြင်းချင်းဆုံတိုင်း အသင့်ထုတ်ယူထားသော ဓားလွယ်မှဓားဖြင့်   ဓားချင်းဆိုင်၍ခုတ်၏။    ဓားဓားချင်းလည်း ခုတ်ရ၏။   ဓားနှင့်လှံနှင့်လည်းခုတ်ရ၏။ ဓားနှင့်ဆောက်ပုတ်နှင့်လည်း ခုတ်ရ၏။ တစ်ယောက်နှင့်တစ်ယောက်ချင်းလည်း   ခုတ်ရတိုက်ရ၏။ တစ်ယောက်နှင့်နှစ်ယောက်လည်း ခုတ်ရတိုက်ရ၏။    ဤသို့ခုတ်ကြတိုက်ကြရင်း ရန်ပြုသူတို့ဒဏ်ရာရလျက် မြင်းထက်မှကျကြ၏။

နောက်ဆုံး ရန်သူဘက်မှသုံးယောက်သာကျန်တော့၏။ ရန်သူသုံးယောက်တို့သည် သုံးယောက်သားလုံး ပူးလျက်ဆွေဆက်ကို လိုက်ကြ၏။ ဆွေဆက်က သုံးယောက်သားလုံးကို လွတ်အောင်ပြေးရ၏။ သို့သော်...တိမ်ပျံသည်

မောလှပြီဖြစ်ရကား ကောင်းစွာလွတ်အောင်မပြေးနိုင်တော့။

ရင်ဆိုင်မိလျှင် ဆွေဆက်က သုံးယောက်နှင့်တစ်ယောက်တို့ ခုခံတိုက်ခိုက်ရင်း   နောက်သို့တုံ့ပြေးခြင်း၊  ဘေးသို့ဖြတ်ပြေးခြင်း စသည်တို့ကိုပြုလုပ်နေရ၏။

ရောင်နီလာခဲ့လေပြီ။ လိုက်လံတိုက်ခိုက်နေသည့် မြင်းသုံးစီးကိုခုခံရင်း ရန်သူမြင်းတစ်စီးပေါ်မှ တိုက်ခိုက်သူမြင်းပေါ်မှလဲအကျ   ဆွေဆက်က   မြင်းကိုနောက်သို့ တုံ့ပြေး၏။ ထိုစဉ် ဆွေဆက်မျက်နှာမူရာအရပ်မှ မြင်းလေးကောင်ထွက်လာကြ၏။   ဆွေဆက်သည်   မြင်းကို တန့်ရပ်လျက် ဘေးသို့လှည့်ဖြတ်ပြေးမည် ပြု၏။

ထိုစဉ် ဆွေဆက်နောက်မှလိုက်လာသည့် ရန်သူမြင်းနှစ်ကောင်တို့က ဆက်မလိုက်ကြတော့ဘဲ ရပ်ကြည့်၏။

ထို့နောက် နောက်သို့တုံ့ပြန်ပြေး၏။ ဤတွင် ဆွေဆက်က ပြေးမည်ပြုပြီးမှ မိမိမြင်းကိုတုံ့ရပ်လိုက်ပြီး မိမိရှိရာသို့ လာနေကြသောမြင်းလေးကောင်ကို စောင့်ရပ်ကြည့်၏။ မြရွက်နှင့်ယောက်ျားကြီး သုံးယောက်တို့ ဖြစ်နေကြ၏။''အစ်ကိုဆက်ကို ရန်သူတို့ဝိုင်းဝန်းတိုက်ခိုက်နေကြသည်ဟု အိပ်မက်မြင်မက်နေဆဲ၊ ဘကြီးဆီမှ လူများရောက်လာကြသောကြောင့် ခေါ်ဆောင်လိုက်လာခဲ့သည်...''ဟု မြရွက်ကပြော၏။ ဆွေဆက်သည် ရေးရေးမျှမြင်နေရသော မြရွက်၏မျက်နှာကို စိမ်းစိမ်းလဲ့လဲ့ကြည့်၏။

''မြရွက်လိုက်လာတော့ မြန်မြန်သက်သာတာပေါ့လေ မြရွက်လိုက်မလာလည်း သူတို့ကိုတော့ နိုင်အောင်တိုက်မှာပါပဲ၊ မြရွက်ပေးလိုက်တဲ့ဓားပါပေလို့ပေါ့၊ ဓားကလည်း မြရွက်ပြောသလို တကယ်ကောင်းပါတယ်...''

ရန်ကုန်ဘဆွေ

Read 17 times
Rate this item
(0 votes)
Last modified on Saturday, 13 July 2019 14:46