SJ WorldNews - шаблон joomla Авто

သေသော်မှတည့် သြော် ကောင်း၏

Monday, 15 July 2019 10:14 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ထို့ထက်ဆိုးသည်ကား တပ်သားတို့သည် မိမိတို့စခန်းချရာ၌ ငြိမ်ငြိမ်ဝပ်ဝပ်မနေ၊ အနီးအနား ရွာငယ်ကလေးများကို သွားရောက်မွှေနှောက်ကြ၏။ တလိုင်းမကလေး၊ ကရင်မ ကလေးများနှင့် တကွ၊ ဗမာမ ကလေးတို့ကိုလည်း ချမ်းသာမပေးဘဲ အတင်းသွားရောက် ဆွဲကြလွဲကြ၏။

တပ်သားတို့ ဤသို့ရမ်းကားနေသည်ကို ရွာသားတို့ကလည်း ငြိမ်သက်ခံနေကြသည်မဟုတ်။ သင်းတို့တစ်တွေကို ဓား၊ လှံ၊ တုတ်၊ လေး၊ ဝါးချွန် စသည်တို့ဖြင့် ခုခံရိုက်ပုတ် ထိုးခုတ်ပစ်ခတ် လွှတ်ကြ၏။ ထိုအခါ သင်းတို့က လူစုလူဝေးဖြင့် သွား၍ ရွာလုံးခြေပစ်ကြ၏။ ကလေးမိန်းမမကျန် တုပ်နှောင်သတ်ဖြတ်လျက် ရွာလုံးမီးတိုက်ပစ်ကြ၏။

မိမိတို့ပြောင်းလာကြ၍ တစ်ပတ်မှမပြည့်သေးမီ ရွာငယ်နှစ်ရွာ မီးတိုက်ပြီးနေ၏။ ထိုအပြုအမူကို ခေါင်းဆောင်ပြုလုပ်သူကား...မိမိကိုယ်မိမိ ဗိုလ်ဖားဟုခေါ်သော ငဖား ဖြစ်လေသည်။

ငဖားသည် သာယာဝတီ နတ်တလင်းမြို့ အနောက်တာပွန် ရွာသားဖြစ်၏။ အရပ်ငါးတောင် နီးပါးရှိ၏။ အရပ်ရှည်သလောက် လူကောင်လည်း ကြီးထွား၏။ အရပ်ရှည် လူကောင်ကြီးရုံမျှမဟုတ်၊ တုတ်၊ ဓား၊ မီးပေါက်ပြီးသည်ဟုလည်း တစ်တပ်လုံး၌ ကျော်ကြား၏။

ငဖားတို့ စိတ်ထလာပြီဆိုလျှင် ''မိုးပေါ်သိကြား၊ လူ့ပြည် ငဖားတဲ့ကွ၊ ငဖားတဲ့ကွ...''ဟု ကြိမ်းဝါးအော်ဟစ်လျက်၊ ဝါးပိုးလုံးကိုပင် ကွဲကြေကုန်အောင် လက်သီးဆုပ်ကြီးဖြင့် ထုခြေပစ်တတ်သည်ဟု ဆို၏။

ဆွေဆက်သည် ငဖားနှင့်တကွ မိမိတပ် တစ်တပ်လုံးကို စုရုံးလျက်၊ မိမိတို့ ကျေးရွာ ဆင်းရဲသားများကို မိမိတို့ကပြန်၍ မဖျက်ဆီးကြဖို့ နားဝင်အောင် တားမြစ်၏။

မိမိတို့ကိုယ်တိုင်လည်း ဤကဲ့သို့သော ကျေးရွာများမှ ယခုကဲ့သို့ စုပေါင်း ရောက်ရှိနေကြသူများဖြစ်ရာ၊ မိမိတို့က ယခုကဲ့သို့ မစုမိကြဘဲ မိမိတို့ကျေးရွာတို့၌ နေထိုင်တုန်း အခြားသူတို့က ယခုမိမိတို့ကဲ့သို့ လာရောက်ဖျက်ဆီးကြ မည်ဆိုလျှင် မိမိတို့စိတ်၌ မည်သို့နေကြမလဲ...ဟုမေး၏။

ထို့ပြင် မည်သူကိုမဆို ကြောက်ရွံ့နေကြသော ဆင်းရဲရိုးသား၍ သနားချစ်ခင်ဖွယ်ကောင်းသည့် မိမိတို့အမျိုးသား အချင်းချင်း မိမိတို့က ပြန်၍ စော်ကားပြကြဦးမည်ဆိုလျှင် အခြားသော တိုင်းတစ်ပါးသားတို့သည် မိမိတို့ထက်ပင် ပို၍စော်ကားကြပေလိမ့်မည်...။

မိမိတို့ ယခုကဲ့သို့ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်လာအောင် ဖွဲ့စည်းထားကြသည့် မူလရည်ရွယ်ချက်သည် သနားခင်မင်ဖွယ်ကောင်းသော မိမိတို့ကျေးရွာသားများကို စော်ကားညှဉ်းဆဲရန် မဟုတ်၊ မိမိတို့ကျေးရွာသားများကို  စော်ကားညှဉ်းဆဲရန်  ရောက်လာကြမည့် တိုင်းတစ်ပါးသားတို့ကို တိုက်ခိုက်ထုတ်ပစ်ရန် စုစည်းထားကြသည့် အဖွဲ့ဖြစ်၏။ ယခုကုလားဖြူတို့သည် ဗမာကျေးရွာသားများနှင့် တကွ ဗမာနိုင်ငံကိုပါ ကျူးကျော်ရန်စလာပြီဖြစ်ကြောင်း အားလုံးအသိဖြစ်၏။ သည်လိုအချိန်မျိုးတွင် အနိုင်မခံ အရှုံးမပေးဘဲ ကုလားဖြူတွေကို တိုက်ရန်ဖွဲ့စည်းထားသည့် ဗမာတပ်တွေက ကုလားဖြူတွေကို မတိုက်ဘဲ လုပ်တိုင်းခံကြရမည့် ဗမာတွေကို အချင်းချင်း အနိုင်ကျင့် နှိပ်စက်နေကြသည်ဆိုခြင်းမှာ...ရှက်စရာကောင်းလှ၏။ထို့ကြောင့် နောက်တစ်ကြိမ် ဤသို့ပြုလျှင် လုံးဝသည်းမခံတော့ဟု ဆွေဆက်က ပြောထား၏။

ဤသို့ပြောထားပြီး၍မျှ မကြာသေးမီ ငဖားတို့လူစုသည် ကုန်းရိုးတန်းပေါ်ရှိ ရွာတစ်ရွာကို မီးတိုက်နေကြပြီဟူသော သတင်းရောက်လာ၏။ ဆွေဆက်သည် စိတ်လည်းပျက်၏။ ဒေါသလည်း ထွက်၏။ သည်လူတွေနှင့် ဖြစ်ပါတော့မလားဟုလည်း တွေး၏။

''ကဲ...အဘရေ...ဒီနေ့ကျွန်တော်တို့တော့ ကိုယ့်အချင်းချင်း တစ်ပွဲတစ်လမ်း အကဲစမ်းကြရတော့မှာပဲ''

လက်ဝှေ့တော်ကြီးက မထီတရီ ပြုံးယောင်ယောင် ဖြစ်လာရာမှ ပါးစပ်ထဲရှိ ဆေးရွက်ဖတ်ကြီးကို တစ်ချက်နှစ်ချက်လှိမ့်ဝါးရင်း ဆေးရည်ကို ''ဗျစ်''ကနဲထွေးထုတ်လိုက်၏။

''အပျင်းပြေသပ လူလေးရာ။ ဒါမှလည်း နောက်ကို တို့ပြောရင် အလွယ်တကူနဲ့ နားထောင်လာကြမပ''

လက်ဝှေ့တော်ကြီးနှင့် ဆွေဆက်တို့ အချိန်မီပင် အချင်းဖြစ်ပွားရာ ရွာထဲသို့ မြင်းကိုယ်စီဖြင့် ရောက်လာ၏။

ရွာထဲက ငဖားတို့ ဖမ်းဆီးခေါ်ဆောင်ထားသူများမှ တစ်ပါး အခြားရပ်သူရွာသားများ မရှိကြတော့။

အိမ်တွေအတွင်းမှ ဆွဲယူမွှေနှောက်ယူထားသော ပစ္စည်းတို့သည် ရွာလမ်းမပေါ်၌ ဖရိုမရဲပြန့်ကျဲနေ၏။

အချို့နေရာများ၌ ပြာပုံများ၊ မီးလောင်တိုင်ငုတ်များမှ မီးခိုးငွေ့တလူလူ ထွက်နေ၏။  အချို့နေရာရှိ အိမ်ကြီးအိမ်ကောင်းတို့သည် မီးဟုန်းဟုန်းတောက်လျက် ဖြန်းဖြန်းဖြောင်းဖြောင်း မြည်နေ၏။ ရွာ၏အထက်၌ မီးခိုးလုံးကြီးများ မှောင်လျက် ထိုမီးခိုးလုံးတွေအကြားတွင် ငှက်၊ စွန်တို့ကလည်း ဝဲနေကြ၏။ လူသူကင်းသော အိမ်ပေါ်အိမ်

အောက်တို့၌ ငဖား၏ အပေါင်းအသင်းတို့သည် အထုပ်အပိုးကြီးများ လွယ်၍လည်းကောင်း၊ ကြက်များ၊ ဘဲများကိုဆွဲ၍လည်းကောင်း၊ ကျွဲများ၊ နွားများကိုဆွဲ၍လည်းကောင်း၊ ဝက်များကိုတုပ်၍၊ ထမ်း၍၊ ဆိတ်များကိုဆွဲ၍ လည်းကောင်း၊ တစ်နေရာမှ တစ်နေရာသို့ ကူးသန်းသွားလာနေကြ၏။

ကွမ်းစားလိုသောသူသည် ကွမ်းသီးတစ်လုံး လိုကာမျှဖြင့်လည်း ကွမ်းသီးပင်ကို ခုတ်လှဲချ၍ မိမိလိုသော ကွမ်းသီးကိုဆွတ်၏။ အရက်နှင့် စားသောက်ရန် အမြည်းစားလိုသူကလည်း ချည်ထားသော  နွား၏ပေါင်သားကို အရှင်လတ်လတ် လှီးယူလျက် ထင်းမီးရစေရန်အတွက် အိမ်တစ်ဆောင်လုံးကို မီးတင်ရှို့၍ ထိုမီးဖြင့် အသားကိုဖုတ်၏။

ငဖားနှင့် အကျော်အမော် မိုက်ဖက်တို့သည် ရွာလယ်၌ ပျော်ပွဲကြီး ကျင်းပနေကြ၏။  သူတို့သည်  သစ်ပင်ကြီးများ အုပ်ဆိုင်းနေသော  ကျယ်ဝန်းလှသည့် မြေကွက်လပ်ကြီးပေါ်၌ ဖြဲဖြဲကားကား ခြေဆင်းလဲလူထိုင်နေကြ၏။

သူတို့လက်ထဲ၌ အရက်ခွက်များကို ကိုယ်စီရှိ၏။

သူတို့၏ရှေ့၌  စားမည့် ဟင်းလျာများကို ဗျပ်ကြီးဖြင့်ထည့်၍ သုံးချောင်းထောက်ပေါ်၌ တင်ထား၏။

ငယ်နုနုမိန်းမပျိုကလေးများသည် ငဖားတို့၏ ဖြဲကားထားသော ခြေထောက်ကြီးများကို တုန်လှုပ်သော လက်ကလေးများဖြင့် ဆုပ်နယ်ပေးနေကြ၏။ မည်သူမျှ မျက်လွှာမပင့်ဝံ့၊ ထိတ်သောရင်တုန်လှုပ်သော ကိုယ်လက်မျက်နှာတို့ဖြင့် အမြဲတမ်း မျက်လွှာချထားကြ၏။

ဆက်လက်ဖော်ပြပါမည်။

Read 61 times
Rate this item
(0 votes)
Last modified on Monday, 15 July 2019 10:16