SJ WorldNews - шаблон joomla Авто

သေသော်မှတည့် သြော်ကောင်း၏

Tuesday, 16 July 2019 16:09 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ငဖားသည် ဗျပ်ထဲရှိအမဲဟင်းလျာတုံးကို လှံဖြင့်ထိုးယူလိုက်၏။ ထို့နောက် အရက်တစ်ကျိုက်၊ အသား တစ်ကိုက်ကိုက်နေရာမှ မိမိခြေထောက်ကိုနှိပ်ပေးနေသည့် မိန်းမပျိုငယ်၏ မျက်နှာကိုငုံ့ကြည့်၏။ လှံသွား၌ရှိသော အသားတုံးကို မိန်းကလေးပါးစပ်နား အနီးသို့ရောက်အောင် ဖြုန်းခနဲထိုးပေး၏။ မိန်းကလေးက အထိတ်တလန့် မျက်နှာနောက်သို့ တွန့်၏။ ငဖားကသွားတစ်ပြုံလုံးပေါ်အောင် ပါးစပ်ကြီးဖြဲ၍ရယ်၏။

''ရော့...စား...''

မိန်းကလေးကခေါင်းယမ်းလျက် အလွန်ကြောက်ရွံ့စွာနောက်သို့တွန့်၏။ မူးနေသောငဖား၏ မျက်နှာ သည်တင်းမာလာ၏။

''ဟဲ့...စားစမ်း''

မိန်းမပျိုက မိမိပါးစပ်အနီးသို့ ရောက်လာသည့်လှံဖျားကိုကြည့်လျက် လန့်အော်မိတော့မည်ကဲ့သို့ ပါးစပ်ကဟလိုက်သည်။ ''ကဲ...ဟာ..'' အသားတုံးနှင့်တကွသော လှံသွားကို မိန်းမပျိုပါးစပ်ထဲသို့ ထိုးသွင်းလိုက်၏။ ထို့နောက် မျက်နှာကို ခြေထောက်ဖြင့်ကန်လျက် လှံသွားကိုနုတ်၏။ ''ဟေး... ပြေးမယ့်အထဲကို ဒီကောင်မပါ ဆွဲထည့်လိုက်စမ်း'' ငဖား၏ အဖော်တစ်ယောက်က ပါးစပ်မှ သွေးများစီးကျ နေသည့်မိန်းမပျိုကို ရုပ်သေးရုပ်ကိုဆွဲယူသွားဘိသို့ လက်တစ်ဖက်ကို ကိုင်လျက် တရွတ်တိုက် ဆွဲသွား၏။ ငဖားက ထိုင်နေရာမှထလျက် ယစ်သောမျက်လုံးဖြင့် တစ်ဖက်သို့ လှမ်းကြည့်၏။''ဘယ်သူအလှည့်လဲဟေ့...'' ''ငကျား...'' ''အား...ငကျားလား၊ ငကျားဆိုရင် ဘယ်နှကောင်လဲဟေ့'' ''မင်းဆီက ကောင်မပါ ခြောက်ကောင်ကွာ...'' ''ခြောက်ယောက်နည်း တယ်ဟေ့ ခုနစ်ယောက်...'' ''ရရင်မင်းဘာပေးမလဲ...''''ရသာရပါစေကွာ၊ ငါကိုယ်တိုင် အရက်တစ်ခွက် ငှဲ့ပြီး မင်းဆီကိုရိုရိုသေသေလာပေးမယ်...'' ''တကယ်နော် မင်းစကားမြဲမြဲမှတ်ထား..'' ''မှတ်တယ်ကွာ စိန်လိုက်...''''အေးစိန်တယ် မင်းသာရပါစေ...'' ငဖားနှင့်ငကျားတို့ ပြုလုပ်နေကြသည့် အလောင်း အစားကား ဆယ်လံပတ်လည်ခန့်ရှိသော ကွက်လပ်၏ အလယ်သို့ ဖမ်းဆီးထားသည့် ရွာထဲက လူတွေကို ခေါ်ထား၏။ ထို့နောက် ''ပြေးကြ''ဟုအော်၍ အပြေးခိုင်း၏။ ထိုစဉ်အပြင်မှ မိမိအလှည့် ကျရောက်သူက ကွက်လပ်အတွင်းသို့ မြင်းကိုဒုန်းစိုင်းဝင်လာလျက် ကွက်လပ်အတွင်းရှိနေသေးသည့် ပြေးလွှားနေကြသူများကို တစ်ယောက်မှမလွတ်အောင် ထိုးခုတ်ရ၏။ ကွက်လပ်အပြင်သို့ရောက် အောင်ပြေးနိုင်သူကို မထိုးရ၊ မခုတ်ရ၊ လွှတ်၏။ မခုတ်နိုင်၊ မထိုးနိုင်၍တစ်ယောက်၊  နှစ်ယောက် လွတ်ထွက်သွားလျှင် ထိုးခုတ်သူအရှက်ရ၏။ တစ်ယောက်မကျန် ထိုးခုတ်သတ်ဖြတ်နိုင်လျှင် လူတော် ဖြစ်၏။ တစ်ကြိမ်တစ်ကြိမ်လျှင် လူဦးရေအများဆုံး သေကျေပျက်စီးအောင်ခုတ်နိုင်၊ ထိုးနိုင် လေ...ဂုဏ်ရှိလေ...လောင်းကြေးကား လူတစ်ယောက်ပိုခုတ်နိုင်လျှင် ရှုံးသူက အရက်တစ်ခွက် ငှဲ့ပေးရခြင်းပင်ဖြစ်၏။ ယခုလည်း ငကျားသည် လူခုနစ်ယောက်ကို မလွတ်အောင်ခုတ်မည်ဟုဆို၏။ အထိုးအခုတ်ခံကြရမည့် ရွာသားများကို ကွက်လပ်အလယ်သို့ ဆွဲယူသွား၏။ ငကျားက ကွက်လပ် ဘေးတွင်မြင်းစီးလျက် လှံကိုကိုင်လျက်အသင့်စောင့်၏။ ''လွှတ်ပဟေ့..'' ကြိုးဖြေထားသောသူများကို ကွက်လပ်အလယ်တွင် တစ်ပြိုင်နက် လွှတ်ပေးလိုက်ကြပြီး လွှတ်သူတို့က ဘေးသို့ စုရပ်နေ လိုက်ကြ၏။ ငကျားကမြင်းကိုဒုန်းစိုင်းဝင်လာ၏။ အသက်လုပြေးနေကြရသည့် လက်နက်မဲ့လူများကို ငကျားက အတင်းမြင်းနှင့်တိုက်၍ လိုက်လံထိုးခုတ်၏။ အချို့သောပြေးရသူတို့သည်ကွက်လပ် အပြင်သို့ ရောက်အောင် တန်းတန်းမတ်မတ်မပြေးဘဲ တုံ့ကာပြန်ကာ ဝေ့ကာဝိုက်ကာဖြင့် ကွင်းကြီး ထဲတွင် လှည့်ပတ်ပြေးကြ၏။ ငကျားသည် လူငါးယောက်မျှသာလျှင် မလွတ်အောင် ထိုးခုတ်နိုင် သူဖြစ်၏။ ငါးယောက်ကပိုလျှင် အမြဲလွတ်၏။ ယခုမူမပြေးနိုင်သော ဒဏ်ရာနှင့်မိန်းကလေးပါသော ကြောင့် ခြောက်ယောက်ပြေးစေ၏။ ဒါကိုသိသောငဖားက  ခုနစ်ယောက်ဟု အလောင်းအစားပြု လိုက်ခြင်းဖြစ်သည်။ ငကျားမြင်းကို ဒုန်းစိုင်းဝင်ကတည်းက အဖော်အချို့က ''ငကျားကွ''ဟု အသံကုန် အော်ဟစ်အားပေး၏။ ''ပြေးပါတော့လား...လွတ်အောင်ပြေး၊ သေလိမ့်မယ်နော် လာပြီ... လာပြီ၊ အနောက်ဘက်ကိုကွေ့ပြေး၊ ဟိုမသာ ဘာလုပ်နေတာလဲ၊ အခုနေဖြတ်ထွက်ပါလား။ ဟုတ်ပြီ... ဟုတ်ပြီ...လွတ်တော့မယ်၊ ငကျားလိုက် လေကွာ၊ ဟောလွတ်ပြီ တစ်ယောက်၊ ငနွားကွ၊ ငနွား အလကား ငနွား...''     ဆက်လက်ဖော်ပြပါမည်။

Read 14 times
Rate this item
(0 votes)
Last modified on Tuesday, 16 July 2019 16:10