SJ WorldNews - шаблон joomla Авто

သေသော်မှတည့် သြော် ကောင်း၏

Wednesday, 17 July 2019 09:23 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ကွက်လပ်ထဲ၌ လေးယောက်ခန့် မိလိုက်သည့် ငကျားသည် မိမိညံ့ဖျင်းသည်ကို လက်နက်မဲ့ပြေးသူတို့ အပေါ်၌ အငြိုးထားကာ မပြေးနိုင်မည့်သူကို ရက်ရက်စက်စက် ပြုကျင့်၏။ မျက်နှာတစ်ခုလုံး သွေးအလူးလူးနှင့် မပြေးနိုင်ရှာသော မိန်းကလေးသည်  လဲပြိုလိုက် ထလိုက်ဖြစ်နေ၏။

ငကျားသည် ထိုမိန်းမငယ်၏ ရင်ညွန့်ဆီသို့ လှံမဖြင့်ချိန်လျက် မြင်းကို ဒုန်းစိုင်းဝင်လာ၏။ ထိုစဉ်မြင်းတစ်စီးသည် ကွက်လပ်ထဲသို့ ပြေးဝင်လာကာ ငကျား၏လှံရိုးကို ဓားဖြင့်ဖြတ်ချ၏။ ငကျားလည်းအရှိန်လွန်လျက် ကျွမ်းပြန် ကျသွားရသည်။

အားလုံး ရုတ်ရုတ်သဲသဲဖြစ်လျက် လက်နက်ကိုယ်စီ အသင့်ဖြင့် နေရာမှထရပ်ကြ၏။

''ကဲ...ကျွန်တော်ရှည်ရှည်ဝေးဝေး မမေးဘူး။ အခုခင်ဗျားတို့ လာကြတဲ့အထဲမှာ ဘယ်သူခေါင်းဆောင်လဲ''

အားလုံးက    ရုတ်ခြည်းရောက်လာမေးနေသော ဆွေဆက်ကိုကြည့်နေရာမှ ငဖား၏ မျက်နှာဘက်သို့လှည့်ကြည့်လိုက်၏။ ငဖားသည် မူးယစ်သောရီဝေဝေ မျက်လုံးဖြင့်   ရန်လုပ်တော့မည် ကဲ့သို့  ဆွေဆက်ကိုကြည့်၏။

ဆွေဆက်က  မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး  ငဖားရှိရာသို့ ရှေးရှုသွား၏။

''ကြာတယ်ဗျာ ကိုဖား၊ ခင်ဗျားခေါင်းဆောင်ပဲ မှုတ်လား ခင်ဗျားတို့ကို ကျုပ်ဘာပြောထားသလဲ...''

ငဖားသည် ဆွေဆက်ကို မခိုးမခန့်ကြည့်လျက်ပြုံး၏။

''နေပါဦး ဗိုလ်မှူးလေးရဲ့၊ နို့အပ်စော်မှ မပျောက်သေးတဲ့ ဗိုလ်မှူးကလေးပြောတာကို ကျုပ်တို့နားထောင်ပါ့မယ်လို့ ဘယ်တုန်းက ဝန်ခံထားလို့လဲ...မှုတ်ဘူးလားကွာ သူငယ်ချင်းတို့ရာ...''

ငဖားသည် ခပ်သောသောကလေး ပြောလျက် ဘေးပတ်လည်ရှိ မိမိအဖော်များဘက်သို့ ပြောင်ပြက်ပြက် လှည့်မေး၏။ ထို့နောက် တဟားဟားရယ်၏။ ငဖား၏ အဖော်များကလည်း ဝိုင်းရယ်ကြ၏။ အဲဒါပဲဟူသော အမူအရာဖြင့် ဆွေဆက်ကို မျက်လုံးပြူးပြ၏။

''ဒီမှာ...ဗိုလ်မှူးလေးက ကလေးရှိပါသေးတယ်။ ကျုပ်က ကျုပ်ဆရာက လိုက်သွားဆိုလို့ လိုက်လာခဲ့တာ၊ ဗိုလ်မှူးကလေး သိကောင်းလောက်တယ်။ ကျုပ်လိုတိုက်ပွဲပေါင်းစုံနဲ့ တွေ့လာတဲ့ ဝါရင့်ယောက်ျားကြီး တစ်ယောက်က ရှင်လူထွက်ကလေး တစ်ယောက်ကို ဆရာတင်နေရမယ် ဆိုတာ သူငယ်ချင်းတို့ရေ၊ ကြည့်လုပ်ကြပါဦးဟရို့ရဲ့...''

''ဟုတ်တယ်ဗိုလ်ဖား၊ ဟုတ်တာပ၊ အားလုံးကလည်း သည်အတိုင်းပဲပ...''

''အေးဟုတ်တယ်၊ သူငယ်ချင်းတို့တော်တယ်၊ ဒီမှာ မိုးပေါ်သိကြား၊ လူ့ပြည်ငဖားတဲ့ လောကမှာဗိုလ်ဖားကို သြဇာပေးနိုင်တဲ့လူဟာ ဆရာဦးမြတ်ထွန်း တစ်ယောက်ထဲ ရှိတယ်။ အဲဒီတော့ နားမလည်ရင် အေးအေးဘေးက ထိုင်ကြည့်နေ၊ ဗိုလ်ဖားတို့ပေးတာ အသာယူထား၊ ဟောဟိုမှာ အရက်သောက်ချင်သွားသောက် ရော့ခွက်...''

''ဒီမှာကိုဖား ခင်ဗျားနဲ့ကျွန်တော်နဲ့ ဘယ်သူ့စကား ဘယ်သူနားထောင်ရမယ်ဆိုတာ အခုသိအောင် လုပ်ရမှာပဲ၊ ခင်ဗျားဟာ အသက်ကြီးနေပေမယ့် ခင်ဗျားလုပ်တဲ့ အလုပ်တွေဟာ ဆင်ခြင်မှုမပါဘဲ စာနာမှုကင်းတယ်။

ကိုယ်က စောင့်ရှောက်ပေးရမယ့် ကိုယ့်တိုင်းပြည်သားတွေကို လက်နက်အားကိုး၊ ကိုယ်ကအရင်ဦးအောင် နှိပ်စက်ပြနေတယ်။ ကဲလေ ဒါတွေဖယ်လိုက်ပါ။ ခင်ဗျားနဲ့ ကျွန်တော် ဘယ်သူကဆရာဆိုတာ ကျွန်တော်တို့အခု ရွေးကြတာပေါ့။ ခင်ဗျားလည်း သဘောကျမှာပါပဲ။

ဒီလိုလုပ် ဒီကွက်လပ်ကြီး အလယ်မှာ ကျွန်တော်က လက်နက်မပါဘဲ လူချည်းသွားရပ်နေမယ်။

အဲဒီတော့   စောစောက ရွာသားတွေကိုလုပ်ကြတဲ့ အတိုင်း ခင်ဗျားကမြင်းစီးပြီး   ကြိုက်ရာဓားတို့လှံတို့နဲ့ ကျွန်တော့်ကိုတိုက်ပေါ့။ 

အဲဒီအခါ ကျွန်တော်ကကွက်လပ် အပြင်ရောက်အောင် လွတ်အောင်ပြေးနိုင်ရင် နောက်တစ်လှည့် ခင်ဗျားလွတ်အောင် ပြေးကြည့်ပေါ့။ ခင်ဗျားလည်း ကျွန်တော့်လိုပဲ လွတ်အောင်ပြေးနိုင်မယ်ဆိုရင် ခင်ဗျားက ကျွန်တော့်ဆရာပဲ ဟုတ်လား''

ငဖားသည် ဆွေဆက်၏ မယုံကြည်စရာကောင်းသော ယှဉ်ပြိုင်မှုကို ဝမ်းထဲ၌ တအံ့တသြဖြစ်နေ၏။ သည်ကောင်လေး သူပြောတာ သူမှသိရဲ့လားဟု မျက်မှောင်ကြုတ်ကြည့်၏။

''ဘယ်လို ဗိုလ်မင်းက ဟိုကွက်လပ်ကြီးထဲမှာ ရပ်မယ်။ ကျုပ်က မြင်းနဲ့လိုက်ရမယ်။ ဗိုလ်မင်းက လွတ်အောင်ထွက်သွားနိုင်ရင် ကျုပ်ကလည်း ဗိုလ်မင်းလိုပဲ ကွက်လပ်ကြီးထဲမှာ သွားရပ်ရမယ်။ ဗိုလ်မင်းလွတ်အောင် ပြေးနိုင်သလို ကျုပ်ကလွတ်အောင် ပြေးနိုင်တယ်ဆိုရင်ပဲ ကျုပ်ကို ဆရာတင်ဦးမယ် ဟုတ်လား''

''ဟုတ်တယ် အဲဒီအတိုင်းပဲ''

ငဖားက အားရပါးရ ကျယ်ကျယ်လောင်လောင် ရယ်၏။ ထို့နောက် မိမိအဖော်များကို ရှင်းပြရင်း ထပ်ရယ်၏။

''သည်မှာ စဉ်းစားပါဦးလေ။ ကျုပ်လို တိုက်ရည်ဝနေတဲ့ လူကြီးတစ်ယောက်က နို့အနံ့မပျောက်သေးတဲ့ ဗိုလ်မှူးကလေးကို မြင်းနဲ့လိုက်တိုက်ပြီးတဲ့နောက် ကျုပ်က တစ်လှည့်ကွင်းထဲမှာ ရပ်ပေးတော့ ဘယ်သူက ကျုပ်ကို လာတိုက်မလဲ။ ကျုပ်ရပ်ပေးဖို့ အလှည့်ကို မရှိနိုင်တော့ဘူး။ ပြန်စဉ်းစားပါဦး''

ဆွေဆက်သည် ငဖား၏ မျက်နှာကို စူးစူးစိုက်စိုက် ကြည့်၏။

''ကိုဖား ခင်ဗျား စကားမပြောနဲ့ လက်တွေ့လုပ်ပြစမ်းပါ''

ဆွေဆက်က မိမိကိုယ်၌ လွယ်ထားသည့် ဓားလွယ်ကိုဖြုတ်၍ လက်ဝှေ့တော်ကြီးဘက်သို့ ပစ်ပေး၏။ထို့နောက် ကွက်လပ်၏ အလယ်ဆီသို့ ဖြည်းဖြည်းလျှောက်သွား၏။

''ခက်တာပဲ တော်တော်ကြာ ငါ့ဆရာက အပြစ်တင်စရာ ဖြစ်ကုန်တော့မှာပဲ၊ ဒါပေမဲ့ မတတ်နိုင်ပါဘူးလေ။

ကဲ ဝါးရင်းတုတ်တစ်ချောင်းလောက် ပေးကြစမ်းပါကွာ၊ ဓားတွေ လှံတွေနဲ့ဆိုရင် မတော်ပွဲချင်းပြီး သေသွားမှဖြင့်...''

ငဖားက ညည်းညည်းညူညူ ပြောလိုက်ရာ ငဖား၏ အဖော်များက ပွဲကျသွား၏။ ထို့နောက်ချက်ချင်းငဖားရှိရာသို့ ဝါးရင်းတုတ်တစ်ချောင်း ရောက်လာ၏။ ဝါးရင်းတုတ်သည် ခပ်တုတ်တုတ် ခပ်လေးလေးဖြစ်၏။

ဆက်လက်ဖော်ပြပါမည်။

Read 13 times
Rate this item
(0 votes)
Last modified on Wednesday, 17 July 2019 09:24

Latest from ကေတု