SJ WorldNews - шаблон joomla Авто

သေသော်မှတည့် သြော်ကောင်း၏

Thursday, 18 July 2019 09:50 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ကွက်လပ်ကြီးဘေး၌ လူတွေ တဖြည်းဖြည်းများလာ၏။ အချို့က ဤသို့ပြုလုပ် ပြိုင်ဆိုင်ကြမည်ကို မသိသောကြောင့် အမှတ်မထင်နေကြသူတို့အား အပြေးအလွှား သွားခေါ်လိုက်ကြသေး၏။

''ငါချည်းပဲကြည့်ရပြီး မင်းတို့မမြင်လိုက်ရမှာ စိုးလို့ဟ...တကယ့် ပွဲကြီးပွဲကောင်းဟေ့''ဟု အမောတကော ပြောကြ၏။

ငဖားသည် ဝါးရင်းတုတ်ကို လက်ထဲ၌ ဆဆကြည့်ပြီးနောက် မနီးမဝေး စားခွက်၌ ချည်ထားသောနွားကြီးရှိရာသို့ ဟန်ပန်တကျ လျှောက်သွား၏။ ထို့နောက် နွားကြီး၏ ထိပ်လယ်ကို တစ်ချက်တည်း ရိုက်ချလိုက်ရာ နွားကြီး ''တုံး''ခနဲလဲ၏။

ငဖားက ဆွေဆက်ရှိရာသို့ လှည့်ကြည့်ပြုံးပြ၏။

ငဖား၏လူများ ရယ်လိုက်သံ ပေါ်ထွက်လာ၏။ နွားကြီးသည် တစ်ချက်တည်းနှင့်ပင် ထမလာတော့ဘဲ ဆန့်ငင်ဆန့်ငင် ဖြစ်လျက်သေ၏။

''မတတ်နိုင်ဘူးလေ..ဓားနဲ့လှံနဲ့ ခုတ်ရ၊ ထိုးရမယ်ဆိုရင်...မတော်သေသွားမှာစိုးတော့ တုတ်နဲ့ပဲရိုက်ရတော့မှာပ''

ငဖား၏လူများက ငဖား၏ပြက်လုံးကို သဘောကျရယ်မောကြ၏။ ငဖားသည် မိမိစီးရန်ယူလာသော မြင်းပေါ်သို့ ဖြည်းဖြည်းဆေးဆေး တက်ရင်း ကြိတ်ကြိတ်တိုး ဝိုင်းအုံနေကြသည့်  မိမိလူများဘက်သို့  လှည့်ပတ် လှမ်းမျှော်ကြည့်၏။

''ဟေ့...ဘယ်သူလောင်းကြဦးမလဲ၊ တို့ရဲ့ဗိုလ်ပေါက်စလေးကို ဟောဒီမြင်းနဲ့ ငါလိုက်လို့ မိ၊ မမိ လောင်းကြဦးမလား...''

''လောင်းမယ်...လောင်းမယ်...လောင်းမယ်''

အသံတွေဆင့်ကာဆင့်ကာ    ဟိန်းထွက်လာ၏။

မြင်းကြီးပေါ်သို့ ရောက်နေပြီးသော ငဖားက အလွန်ကျေနပ်နှစ်သိမ့်စွာ လက်ကာပြလိုက်မှ အသံတွေရပ်သွား၏။

''လောင်းကြမယ့် လူတွေက တယ်များတာကိုး...ကွ၊ ဒီလိုဆိုရင် ကြေးသိပ်ရတော့မှာ မဟုတ်ပါဘူး။

မင်းတို့လောင်းမှာ...မိတဲ့ဘက်လား မမိတဲ့ဘက်ကလား''

''သေမယ့်ဘက်က...သေမယ့်ဘက်က''

မိမိလူများနှင့်မိမိ အပေးအယူ သိပ်ညီနေသောကြောင့် ငဖားက တဟားဟား ရယ်မောသဘောကျ၏။ ထို့နောက် ''ဘယ့်နှယ်လဲကွ''ဟူသည် မျက်နှာမျိုးဖြင့် ဆွေဆက်ကို

လှမ်းကြည့်၏။ ဆွေဆက်၏မျက်နှာသည် တည်တည်ငြိမ်ငြိမ်နှင့် ငဖားကို စူးစိုက်ကြည့်နေ၏။ ငဖားက မိမိကိုယ်ကိုပြင်ထိုင်၏။ ဝါးရင်းတုတ်ကိုပြင်ကိုင်၏။

''ကဲ...ပြေးတော့ဟေ့''

ငဖား၏လူများက ''ဝေးဟေးဟေး''ဟု လက်ခုပ်လက်ဝါးတီးလျက် ငြာသံဝိုင်းပေး၏။ ငဖားရှေ့သို့ ထွက်လာပြီးမှ ငဖား၏မြင်းသည် ခုန်ဆွခုန်ဆွနှင့် တန့်ရပ်သွား၏။

ဆွေဆက်က မည်သို့မျှ မလှုပ်ရှားဘဲ နေရာ၌ငြိမ်သက်နေသောကြောင့်ဖြစ်၏။ ငဖားသည် မိမိနေရာသို့ မိမိမြင်းကို နေရာပြန်ယူ၏။

''ဘယ့်နှယ် ကျုပ်တို့ဗိုလ်မှူးလေ...ပြေးလေ..မပြေးဝံ့ဘူးလား ...''

''ခင်ဗျား မြင်းမစီးတတ်ဘူးလား ...ခင်ဗျားအလုပ်ကို ခင်ဗျားလုပ်ပါ...ကျွန်တော့်အလုပ် ကျွန်တော်သိတယ်''

''အေး ဟုတ်တယ် အခုသိမှာပဲ ကဲပြေး''

ငဖားက အော်အော်ဟစ်ဟစ် ဆွေဆက်ရှိရာသို့ မြင်းကိုဒုန်းစိုင်း၏။ ဝိုင်းဝန်းငြာသံ ပေးလိုက်ကြသော ငဖား၏အပေါင်းအဖော်များ အသံတို့သည် ဆူညံလာပြန်၏။ ဆွေဆက်က နေရာမှမရွေ့။

ငဖားက ဝါးရင်းတုတ်ကို အားဖြင့်လွှဲလိုက်၏။ ဆွေဆက်သည် ဘယ်ခြေတစ်ကွက်မျှ ဆုတ်လိုက်ပြီး ခါးနွဲ့လိုက်၏။

ဝိုင်းအော်နေကြသည့် ငြာသံများ ရုတ်ခြည်းရပ်လျက် ''ဟယ်''ဟူသော အံ့အားသင့်သံတို့ ပေါ်လာ၏။ ဝါးရင်းတုတ်ရော မြင်းပါ  ဆွေဆက်ကို မထိမတိုက်မိဘဲ အနီးသို့ ကပ်၍ လွတ်သွား၏။ ဝါးရင်းတုတ်ကြီးလေထဲမှ ဖြတ်သွားသည့်အသံကို ဘေးမှ ဝိုင်းရံကြည့်နေသူတို့ပင် ကြားကြ၏။

ဆွေဆက်သည် ဣနြေ္ဒမပျက်၊ လှုပ်ရှားမှုသိပ်မရှိ၊ ငဖားရှိရာသို့ မျက်နှာမူလျက် အသင့်ရပ်မြဲရပ်နေ၏။

ငဖား၏စိတ်၌ ဇဝေဇဝါဖြစ်သွား၏။ ငါသိပ်မူးနေလို့ များလားဟု တွေး၏။ ယက်ကန်ယက်ကန်နှင့် ဇက်မငြိမ်သေးသည့် မြင်းကိုအသေအချာ တာစူလိုက်၏။ ကြည့်နေသော ငဖား၏လူများသည်   ငြာသံမပေးနိုင်တော့ဘဲ တစ်ယောက်တစ်ပေါက် ဆူညံပြောဆို ထင်မြင်ချက်ပေးနေကြရာမှ တိတ်သွား၏။ ငဖားသည် ဝါးရင်းတုတ်ကို အသင့်ချိန်ရွယ် မြှောက်ကိုင်ထား၏။ မြင်းကို ဆွေဆက်ရှိရာသို့ တည့်တည့်ဦးတည်၏။ မြင်းကိုဖနောင့်ဖြင့် တို့လိုက်ပြီး အားသွန်ဒုန်းစိုင်း ပြေးစေ၏။

ဆွေဆက်က နေရာမှမရွေ့ ရပ်မြဲရပ်နေ၏။ ကြည့်နေသည့် လက်ဝှေ့တော်ကြီးသည် ဆေးဖတ်ဝါးခြင်းကို ရပ်လိုက်၏။ ငဖား၏ အဖော်များလည်း အသက်ရှူရပ်သွားကြ၏။ ဝါးရင်းတုတ်သည် ဆွေဆက်ခေါင်းထက်မှ သီသီကလေးလွတ်လျက်  မြင်းနှင့်ဆွေဆက်တို့  ထွေးခနဲဖြစ်သွား၏။ မြေကြီးပေါ်၌ ဆွေဆက် မရှိတော့။

      ဆက်လက်ဖော်ပြပါမည်။

Read 18 times
Rate this item
(0 votes)
Last modified on Thursday, 18 July 2019 09:52

Latest from ကေတု