SJ WorldNews - шаблон joomla Авто

သေသော်မှတည် သြော်ကောင်း၏

Friday, 19 July 2019 11:14 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

မြင်းအပြေးမပြတ်သေးမီ ချက်ချင်းဖုန်းခနဲ လူတစ်ယောက်လိမ့်ကျသွား၏။   ထိုသူ    မည်သူမှန်းမသိရသေးမီပင် မြင်းသည် ကွက်လပ်အပြင်သို့ရောက်သွား၏။ မြင်းပေါ်က အသံထွက်လာ၏။

''ကဲ...ကိုဖား ဒီတစ်ခါ ခင်ဗျားပြေးဖို့အလှည့်...''

ဝိုင်းကြည့်နေကြသော ငဖား၏ အဖော်များသည် အံ့သြလွန်းသောကြောင့် ပွင့်သောပါးစပ်၊  ပြူးသောမျက်လုံး တို့ဖြင့်  မြင်းပေါ်ရှိဆွေဆက်ကို   တိတ်တိတ် ဆိတ်ဆိတ် ငေးကြည့်နေကြ၏။ အားလုံး ထိတ်လန့် မျက်နှာပျက်နေ၏။

ထို့နောက် ကုန်းပြောင်ပြောင်တွင် ယခုအထိ ထမရနိုင် သေးသော ငဖားရှိရာသို့မျက်စိရောက်သွားကြ၏။ လက်ဝှေ့တော်ကြီးသည် ထိတ်လန့်မျက်နှာပျက်နေကြ သော     ငဖား၏အပေါင်းအဖော်များရှေ့မှဖြတ်လျက် ဆွေဆက်ရှိရာသို့ တိမ်ပျံကိုဆွဲယူသွား၏။ ဆွေဆက်သည် မိမိစီးထားသောမြင်းပေါ်၌ထရပ်လျက် တိမ်ပျံပေါ်သို့ လှမ်းကူးလိုက်၏။ ထို့နောက် လက်ဝှေ့တော်ကြီးပစ်ပေး သည့်ဓားလွယ်ကို မတ်ရပ်အတိုင်းပင်ဖမ်းယူလျက် ကိုယ်၌ စလွယ်လွယ်လိုက်၏။

''ကဲ...ယောက်ျားကြီးပဲဗျာ၊ ဒါလောက်နဲ့ ဘာမှမဖြစ် နိုင်ပါဘူး။ ထလိုက်စမ်းပါ...''

ငဖားသည် ပုပ်ပုပ်ညိုညိုမျက်နှာဖြင့် တဖြည်းဖြည်း ထရပ်နေရင်း တစ်ခုခုမရိုးမသားပြုတော့မည်ကဲ့သို့ မြင်နေ

ရ၏။ ဆွေဆက်က တိမ်ပျံကိုခြေဖျားဖြင့်တို့လိုက်ပြီး တိမ်ပျံ ထွက်သွားနေသည်ကိုပင် မသိသကဲ့သို့ ဓားလွယ်မှဓားကို ထုတ်လျက် ဂရုတစိုက်ကြည့်၏။   ထို့နောက်မှ   ဓားကို    ဓားအိမ်သို့ပြန်သွင်းပြီး တိမ်ပျံပေါ်၌ထိုင်ချရင်း  မိမိရှိရာ ဘက်သို့ အမြဲမျက်နှာမူလျက်ရှိနေသည့် ငဖားဘက်သို့ လှည့်လိုက်၏။ တိမ်ပျံသည် ငဖားကိုဆီဆုံလှည့်သကဲ့သို့  အလှမ်းခပ်ကွာကွာမှ  ဖြည်းညင်းစွာဝိုင်းပတ်သွားနေ၏။  ဆွေဆက်က ငဖားကိုကြည့်နေရင်း ပြုံးလာ၏။

''ကိုဖား ခင်ဗျားထားတဲ့ကတိမတည်ချင်ဘူး။ ခင်ဗျား မျက်နှာမှာ ညစ်ချင်ကောက်ချင်တာတွေပေါ်နေတယ်။ ယောက်ျားဆိုတာ ဒီလိုမလုပ်ရဘူး..''

ငဖားက မည်သို့မျှမပြောဘဲ ဝါးရင်းတုတ်ကိုကျစ်ကျစ် ဆုပ်ကိုင်ရင်း ဆွေဆက်ရှိနေရာသို့သာ လူတစ်ကိုယ်လုံး လှည့်ပတ်မျက်နှာမူထား၏။   ဆွေဆက်က   မြင်းကို  အနည်းငယ်အမြန်သွားစေ၏။ ငဖားသည် လူပါလှည့်၍ ဆွေဆက်ကို မျက်ခြည်မပြတ် ရင်ဆိုင် မကြည့်နိုင်တော့ဘဲ မျက်နှာနှင့် လည်ပင်းသာလျှင် လှည့်ပတ် လိုက်ကြည့်နိုင်၏။ ငဖား၏မျက်နှာ၌ ချွေးပေါက် ကြီးများစို့လာ၏။ ငဖား၏လှုပ်ရှားဟန်သည် ထိတ်လန့် ဟန်ပေါ်နေ၏။ ဆွေဆက်က ငဖား၏အဖြစ်ကိုကြည့် လျက်ပြုံး၏။

''အခု ခင်ဗျားလက်ထဲကတုတ်ကြီးကို လက်ကမချဝံ့ တော့ဘူးမှုတ်လား၊ ယောက်ျားဆိုတာ သူများကိုလုပ်ရဲရုံနဲ့ ချည်း မပြည့်စုံသေးဘူး။ ကိုယ်ခံရမယ့်အလှည့်မှာလည်း တည်တည်ငြိမ်ငြိမ် သတ္တိရှိရှိခံရဲရတယ်။ အဲဒါအပြင် ကိုယ်ကနိုင်ရရင်လည်း နိုင်တိုင်းမပြုဘဲ ခွင့်လွှတ်နိုင်ရဲရ တယ်။ အခု ခင်ဗျားလက်ထဲကတုတ်ကြီးဟာ ခင်ဗျား အတွက် ဘယ်လိုမှအသုံးမဝင်ဘူးဆိုတာသိရဲ့လား... အခု ခင်ဗျား ကျွန်တော်လုပ်တိုင်းခံရတော့မယ်၊ ခင်ဗျား ကျွန်တော့်ရှေ့က ငါးလှမ်းပြည့်အောင်မသွားနိုင်တော့ဘူး ခင်ဗျားယုံရဲ့လား။

ထိုစဉ် တိမ်ပျံသည်  သခင်လိုအပ်သလို  အမှတ်မဲ့ ငဖားဘေးမှဖြတ်ပြေးရင်း ငဖားကိုယ်လုံးကြီးကို တင်ပါးနှင့် ရိုက်၏။ ငဖားသည် နှစ်လံခန့်မျှလွင့်မြောက်ပြီး ဝါးရင်းတုတ် တခြား၊ လူတခြားလဲပြိုသွား၏။ ဆွေဆက်သည် မြင်းကိုရပ်လျက် လဲကျနေသောငဖား ကို ငြိမ်သက်စွာကြည့်၏။ ငဖားထိုင်မိသည်နှင့်တစ်ပြိုင် နက် ကွင်း၏တစ်ဖက်သို့ မြင်းကို အသွားကျပြေးစေလျက် မြင်းပေါ်မှ မဆင်းဘဲ ငဖားလွတ်ကျ ထားသည့် ဝါးရင်းတုတ် ကို ခပ်ပေါ့ပေါ့ ကောက်ယူသွား၏။ ထို့နောက် ငဖား၏ရှေ့ မနီးမဝေးတွင် မြင်းကိုရပ်မြဲပြန်ရပ်၏။

ငဖားသည် ဆွေဆက်မျက်နှာကို အထိတ်တလန့် မော့ကြည့်ရင်း အကူအညီရလိုရငြား မိမိအဖော်များရှိရာသို့  အားကိုးတကြီးကြည့်၏။ မိမိအဖော်များသည် မျက်လှည့် ဆရာကို ကြည့်နေရသည်သို့ ဆွေဆက်ကို ငေးစိုက်ကြည့် နေကြ၏။

ဆွေဆက်သည် ငဖားကိုမကြည့်ဘဲ မိမိ၏ဓားလွယ်မှ ဓားကိုထုတ်ယူပြန်၏။ ထို့နောက် မိမိလက်ထဲရှိဝါးရင်းတုတ် ကြီးကို သခွားသီးလှီးချသလို အကွင်းလိုက်၊ အကွင်းလိုက် လှီးချပစ်ရင်း တစ်စုံတစ်ခုစဉ်းစားနေသကဲ့သို့ ငေးစိုက် ငြိမ်သက်၏။ ခဏအတွင်း လက်ထဲရှိဝါးရင်းတုတ်အတိုကို အဝေးသို့ပစ်လိုက်၏။     ဓားကိုဓားအိမ်သို့ပြန်သွင်း၏။ မြင်းပေါ်၌ကျနေသည့်ဝါးချပ်ကလေးများကို စုကောက် လိုက်ပြီးနောက် လက်ခုပ်ထဲသို့ထည့်လျက် ငဖား၏မျက်နှာ ကို ပစ်ပေါက်လိုက်၏။ အထိတ်တလန့် မော့ကြည့်လိုက် သော ငဖား၏ မျက်နှာကို မျက်လုံးချင်း ဆိုင်လျက် ဆွေဆက် က စူးစိုက်ကြည့်၏။

''ကဲ...ကိုဖား ခင်ဗျားနဲ့ကျွန်တော်နဲ့ ဘယ်သူဆရာ လဲ...''

ငဖားသည် ဘာမှပြန်မပြောဘဲငြိမ်နေ၏။ ဆွေဆက် သည် တိမ်ပျံ၏ဇက်ကြိုးကို တုံ့မြှောက်ဆွဲလိုက်၏။ တိမ်ပျံက မြည်ဟည်းသံပြု၍မတ်တတ်ရပ်၏။ ထို့နောက် ရှေ့လက်နှစ်ဖက်တို့သည်  ငဖားကိုပေါက်မည်နင်းမည် ကဲ့သို့ ငဖား၏ဘယ်ဘက်အနီးသို့လည်းကောင်း၊ ငဖား၏ ယာဘက်ဘေးအနီးသို့လည်းကောင်း၊ မြေကြီးများ တဖွားဖွား လွင့်စဉ်ကုန်အောင်ပေါက်၏။ ထို့နောက် ရပ်သည်နှင့် ငဖား၏ရင်ဘတ်ကို တိမ်ပျံက လက်တစ်ဖက်ဖြင့်တွန်းဖိ လှဲ၏။ တိမ်ပျံ၏လက်အောက်၌လဲကျနေသော ငဖား၏ နဖူး၌ ချွေးပေါက်ကြီးများစို့ထွက်နေ၏။

''ကိုဖား... ခင်ဗျားနဲ့ကျွန်တော်နဲ့ ဘယ်သူဆရာ လဲ...''

''ဆ ဆ ဆရာလေးက ဆရာပါ...''

ဆွေဆက်သည် တိမ်ပျံကိုနောက်ဆုတ်စေ၏။

''ထ...ခင်ဗျားလူတွေ အားလုံးစုလိုက်...''

ဆွေဆက်သည် ငဖားတို့လူစုကို ကွက်လပ်ကြီးထဲ၌

အားလုံးစုစေ၏။ လူတွေများသောကြောင့် မီးလောင်ပြီး

ပြာကျစအိမ်မြေနေရာအစပ်အထိ   တိုးချဲ့နေရာယူကြ

ရ၏။    ထို့နောက်   ယူထားသမျှပစ္စည်းအားလုံးတို့ကို

တစ်နေရာတည်း၌စုပုံချထားစေပြီး ဆုံးမစကားပြော၏။

မိမိနှင့်အတူနေကြလျှင်     မိမိပေးသောစည်းကမ်းကို

တစ်သဝေမတိမ်းလိုက်နာရမည်ဟုပြော၏။

''ဓားကောင်းတစ်လက်ရပြီး မြင်းစီးကောင်းရုံနဲ့တော့

ဆရာမတင်နိုင်သေးဘူးကွ...''

      ဆက်လက်ဖော်ပြပါမည်။

ရန်ကုန်ဘဆွေ

Read 19 times
Rate this item
(0 votes)