SJ WorldNews - шаблон joomla Авто

သော်သော်မှတည့် သြော်ကောင်း၏

Saturday, 20 July 2019 13:53 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

တိတ်နေသော လူတွေကြားထဲမှ ပေါ်လာသည့် အသံဖြစ်၏။ အသံရှင်သည် မူးနေဟန် တူ၏။ ဆွေဆက်က အသံရှင်ကို လှမ်းမျှော်ကြည့်၏။

''ရှေ့ကိုကြွခဲ့ပါလား...ခင်ဗျာ....''

တုတ်တုတ်ခိုင်ခိုင် ဂင်တိုတို ကိုယ်လုံးဗြက်ကျယ်ကျယ် လူတစ်ယောက် အင်္ကျီမပါ၊ ဘောင်းဘီအနက်နှင့်ဖြစ်၏။ ဘောင်းဘီကို တစ်ဖက်က ပေါင်ရင်းအထိ လိပ်တင်ထား သောကြောင့် အသားဖြူဖြူတွင် စိမ်းနေသည့်ထိုးကွင်းများ အကွင်းလိုက်ပေါ်နေ၏။ နှုတ်ခမ်းတစ်စုံလုံး ပေရေနီကြန်လျက် သွားများမည်း၏။ နီကြောင်ကြောင် နှုတ်ခမ်း မွေးက ရှည်သော်လည်း ပါး၏။ တစ်ကိုယ်လုံး ဆေးနီဆေးနက် အပြည့်နှင့် ရှမ်းဓား လွယ်တစ်ခု လွယ်ထားသည့်အပြင် ဓားမြှောင်ကိုလည်း ခါး၌ထိုးထားသေး၏။ ထိုလူ သည် ဆွေဆက်နှင့် မျက်နှာချင်းဆိုင်တွင် လက်ဝှေ့သတ်တော့မည့် အသွင်ဖြင့် လာရပ် ၏။ မိုးနဲသားရှမ်းကြီး ဦးနန္ဒဖြစ်၏။ ဦးနန္ဒသည် ဦးမြတ်ထွန်း၏ တပ်ဖွဲ့ကြီးတစ်ခုလုံး၌ နှုတ်အနည်းဆုံး အကျော်ကြားဆုံး လူတစ်ယောက်ဖြစ်၏။

ဦးနန္ဒနှင့်တွေ့လျှင် ငဖားလိုလူမျိုးတွေက ရှောင်သွားရသည် ချည်းဖြစ်၏။ နှုတ်နည်း သလောက် စကားကလည်း တဲ့တိုးကျလှ၏။ တစ်လုံးထွက်လျှင် တစ်လုံး နင့်ခနဲနေ၏။ ပေလည်းပေ၊ ရွတ်လည်းရွတ်၏။ အလွန်ပြီးစီးသည်။ ဓားဖြင့်ကြိတ်လှီး၍ ပင်မရဟု ပြောကြ၏။ ဦးနန္ဒကိုယ်တိုင်ကလည်း အပြီးအစီးအဟန့် အဆောင်ဝါသနာပါ၏။ တစ်ခါ မျှမတွေ့ဖူးသူဖြစ်စေ အပြီးအစီး အဟန့်အဆောင်ကောင်းလျှင် ဦးနန္ဒက ချက်ချင်း တပည့်ခံတတ်၏။ ဦးမြတ်ထွန်းကိုလည်း အဟန့်အတား ကောင်းလှသည်ဟု ယုံသော ကြောင့် ဆရာတင်ထားခြင်းဖြစ်၏။ သို့မဟုတ်က မရလေ ဆွေဆက်သည် ဦးနန္ဒ၏ သွင်ပြင်ကို စိမ်းစိမ်းကြည့်၏။

''ကျွန်တော်  ဦးတို့ကို  ဆရာမလုပ်ဘူး။ ဒါပေမဲ့ ကျွန်တော်နဲ့ အတူနေရင် ကျွန်တော့် စကားနားထောင်ရမယ်''

''အေး မင်းလို ငယ်ငယ်ကောင်လေးကပြောလို့ ငါဘယ်နားထောင်မလဲကွ၊ ငါ့အဖေပြော တာမှ ငါနားမထောင်လို့ ဒီရောက်လာတာပေါ့''

''ဒါဖြင့် နားမထောင်ချင်ရင် ဒီမှာမနေနဲ့ပေါ့ဗျာ ပြန်သွားပေါ့''

''ဒီမှာမနေလို့လည်း ဘယ်ဖြစ်မလဲဟ... ဦးမြတ်ထွန်းက ဒီမှာသွားနေဖို့ ထည့်လိုက် တာပဲ''

''ဒါဖြင့်  ခင်ဗျား  ကျွန်တော်ပြောတဲ့စကားကို နားမထောင်လို့ဘယ်ဖြစ်မလဲ''

''မင်းစကား ဘယ့်နှယ် နားထောင်မတုန်း၊   မင်းကငါ့ထက်လည်းမပြီး မင်းကငါ့ထက် လည်းမမိုက်၊ မင်းက လူလိမ္မာပဲ...တို့လိုလူမိုက်တွေထဲမှာ မင်းထွက်သွားဖို့ ကောင်း တာ''

ဆွေဆက်သည် အကြံရကျပ်နေ၏။ သည်လူကြီး ဘယ့်နှယ်လုပ်ရပါ့မလဲဟု တွေးတော ရင်း အကြံအိုက်အိုက်ဖြင့် ဟိုဟိုသည်သည် ကြည့်၏။ မီးလောင်ပြင်ထဲ၌ ရဲနေသေး သည့်  အလျားတစ်တောင် တစ်မိုက်ခန့် အလုံးသုံးမတ် လုံးခန့်ရှိသော သံတူးရွင်းကြီး တစ်ချောင်းကိုတွေ့၏။

ဆွေဆက်က ဦးနန္ဒ၏ မျက်နှာကို လှမ်းကြည့်လိုက်သည်။ ''ဟုတ်တယ် ကျွန်တော့် အသားတွေက သမန်းရွက် ရှရင်တောင် သွေးထွက်တယ်''

''အေးပ...ဟုတ်မှာပ''

ဦးနန္ဒသည် ပါးစပ်ထဲမှ ကွမ်းသွေးများ ထွက်မည်စိုးသောကြောင့် အောက်နှုတ်ခမ်းကို အတွင်းသို့ ကုပ်လျက်ခပ်ပြုံးပြုံးရယ်၏။ ဆွေဆက်က ဦးနန္ဒရယ်ပြီးသည်အထိ စောင့်နေ ၏။

''ဒါပေမဲ့ ခင်ဗျားကို ကျွန်တော်ပြမယ်လာလာ..'' ဦးနန္ဒသည် ဆွေဆက်ခေါ်ရာသို့ လိုက် သွားလျက် ဆွေဆက်အနီး၌ရပ်၏။

''ဟော ... ဟိုမှာမီးလောင်ထားတဲ့ မယ်နကြီးတွေ့လား.. အဲဒီ မယ်နကြီးနဲ့ ကျွန်တော့် ခေါင်းကိုရိုက်ကြည့်စမ်း''

ဦးနန္ဒက  ဆွေဆက်ပြရာသို့ လှမ်းကြည့်လိုက်ပြီး ရယ်လိုက်ပြန်၏။

''အေး.. အဲဒီသံချောင်းကြီးနဲ့ ယူရိုက်ကြည့်လိုက်ရင် မင်းခေါင်းကြီးကွဲသွားမှာပ။ အခု တော့ ဘယ်ကိုင်လို့ရမလဲ။ မီးတွေရဲနေတာပဲ''

''ဒါဖြင့် ကျွန်တော်ဦးကြီးခေါင်းကိုရိုက်ကြည့်မယ်''

ဆွေဆက်သည် ပြောပြောဆိုဆို  သံချောင်းကြီးကို ဘယ်လက်ဖြင့်ဆုပ်ကိုင်လိုက်ပြီး   ဦးနန္ဒ၏ခေါင်းကို ခပ်ပြင်းပြင်းရိုက်လိုက်၏။ ဦးနန္ဒ လဲသွားသည်ကိုကြည့်ပြီးမှ သံချောင်းကြီးကို မီးလောင်ပြင်ထဲသို့ ပြန်ပစ်ချလိုက်သည်။

ဆံပင်မီးလောင်နံ့များ ညှော်လျက် ဦးနန္ဒ၏ ဦးခေါင်း တစ်လက်မခန့်ကွဲပြီး သွေးများ ယိုစီးကျလာ၏။ ဦးနန္ဒသည် ခေါင်းကို လက်ဝါးဖြင့်အုပ်ရင်း မြေကြီးမှထရပ်၏။ ထို့နောက် မိမိလက်၌ စီးယိုပေကျံလာသော သွေးများကိုကြည့်၏။

''သိပ်များမှာမဟုတ်ပါဘူး။  ဦးကြီးပြီးတယ်ဆိုလို့ ကျွန်တော်နည်းနည်းကလေး ပိုပြင်း အောင်ရိုက်လိုက်တာပဲ''

ဆွေဆက်၏စကားသံကြောင့် ဆွေဆက်မျက်နှာကို လှမ်းကြည့်၏။

''မင်းလက်ပြစမ်း..'' ဆွေဆက်က ဘယ်ဘက်လက်ကိုဖြန့်ပြလိုက်၏။ ရိုးရိုး လောင်ရုံမျှ မဟုတ်။ အရေခွံများ ကျွမ်းလျက် အသားကျက်နေ၏။ ဦးနန္ဒက ဆွေဆက်၏ မျက်နှာကို ထူးထူးဆန်းဆန်း ထပ်ကြည့်၏။       

ရန်ကုန်ဘဆွေ       

ဆက်လက်ဖော်ပြပါမည်။

Read 55 times
Rate this item
(0 votes)
Last modified on Saturday, 20 July 2019 13:55

Latest from ကေတု