SJ WorldNews - шаблон joomla Авто

သေသော်မှတည် သြော်ကောင်း၏

Sunday, 21 July 2019 10:47 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

''မောင်က...ဘယ်သန်လား''

''မဟုတ်ပါဘူး...ညာသန်ပါ''

ဦးနန္ဒသည် ဆွေဆက်မျက်နှာကို ထူးထူးဆန်းဆန်း ထပ်ကြည့်ရင်း ငိုသလား၊ ရယ် သလား မသိရသော မျက်နှာမျိုးဖြင့် ရယ်၏။

''ဟုတ်တယ်...ဟုတ်တယ်...မောင်ရင်  ကျုပ်ဆရာဖြစ်ပြီ''

ရှမ်းကြီး ဦးနန္ဒသည် မိမိအဖော်များ ဘက်သို့ လှည့်လိုက်၏။

''သူငယ်ချင်းတို့ တို့ဆရာဦးမြတ်ထွန်းက တို့နဲ့တော်တဲ့ ဆရာလေးကို  ပေးလိုက်တာ ပ...ငါတို့ထက် ဥာဏ်ရှိပြီး ငါတို့ထက်မိုက်တာပလေ အို...ဟီး''

ဤသည်မှစ၍ သင်းပင်းဗိုလ်ထု၊ ညီညာစု၊ ပြည်ကြီးအတွင်း လူခပင်းကို အတင်းပြု၊ ခိုးလု တိုက်ဖျက် နေကြသောလူ ၁ဝဝဝ တို့ ဆွေဆက်ကို ကြောက်ရွံ့ လေးခန့် လာကုန် ကြ၏။

ဆွေဆက်သည် ထိုလူတို့ လုယက်ထားကြသော ပစ္စည်းများကို ထိုလူတို့၏ အဖမ်းခံ နေ ရသော ရွာသားတို့အား ပြန်အပ် ထားခဲ့၍ ထိုသူတို့ အားလုံးတို့ကို စုရုံး ခေါ်ငင်သွား၏။

မိမိစခန်းသို့ ရောက်သည်နှင့် အထက်အောက် အမိန့်နာခံရသော ဗမာ့တပ်မတော် ဖွဲ့ရိုး ဖွဲ့စဉ် အတိုင်း...''

ငါးယောက်ကို တစ်အိုးစားဖွဲ့စေ၏။ တစ်အိုးစားလျှင် တင်းတိမ်စောင်ကြီး တစ်၊ သံစို့ လေးချောင်း၊ ကြေးအိုးကြီးတစ်လုံး၊  ဓားမ တစ်၊ ပုဆိန် တစ်၊ တူးရွင်းဆောက် တစ်၊ ဆောက်ခုံး၊ ဆောက်ပြား၊ စူး၊ လွန်၊ လက်ရိုက် တစ်စီပါစေ ရှိစေ၏။

နှစ်အိုးစား တစ်စု၌ အကြပ်တစ်ယောက် ခန့်အပ်ထား၏။ အကြပ်ကို စစ်အဆောင် အ ယောင် အဖြစ် အောင်းလှံနှင့် မောင်းတစ်လုံး ကိုင်စွဲစေ၏။

ငါးကြပ်၏ အထက်တွင် သွေးသောက်ကြီး တစ်ယောက်ကို အုပ်ချုပ်စေ၏။

သွေးသောက်နှစ်ယောက် အထက်က တပ်မှူးတစ်ယောက် အုပ်ချုပ်စေ၏။

တပ်မှူးငါးယောက်ကို ဗိုလ်တစ်ယောက်က အုပ်ချုပ်စေ၏။ ဗိုလ်နှစ်ယောက် အပေါ်ကမှ စစ်နာခံ၊ တပ်ရင်း၊ တပ်ထောက်တို့နှင့် တွဲလျက် ဆွေဆက်က အုပ်ချုပ်၏။

တပ်သား၊ အကြပ်၊ သွေးသောက်၊ တပ်မှူး၊ တပ်ဗိုလ်တို့နှင့် တကွ ဆွေဆက် အပါအဝင် တပ်သားအားလုံး လူတစ်ကိုယ်လျှင် နှစ်ပြည်ဝင်ဆန်စလွယ် အိတ်ရှည် တစ်၊  ဆား ကျည်တောင့် ငယ်ဝါးဘူးနှင့် တစ်၊ ဆူးထွင်အပ် သုံးချောင်း၊ သောက်ရေဘူးခါး တစ်၊ လွှာဖိနပ် တစ်၊ ခါးချပ်ဓားမြှောင်တစ် နှင့် သက်ဆိုင်ရာ တပ်ဖွဲ့ကိုင် လက်နက်တို့ ပါရှိ စေရ၏။

သေနတ်ကိုင် ရဲမက်တစ်ယောက်လျှင် အရှည် ခုနစ်တောင်ရှိ ကျင်ပြန့်ဖွေးကြိုး သုံးလွန်း၊ နားခွက်ဆေးချိန် တစ်ဆယ်သား၊ ယမ်းတစ်ပိဿာ၊ ခဲသီးကျည် လုံးရေ တစ် ရာ၊ မီးကျောက်ပြား ငါး၊ ဒုံးကုလား ကျောက်ထပ်ပြား တစ် နှင့် အုန်းဆံခွံ ထုထောင်း သင်ပြီးများ ပါစေ၏။

ဆွေဆက်သည် မိမိတပ်အလုံး ဤသို့ အုပ်စီး ကွပ်အုပ် ခန့်ထားပြီး...။

တပ်နှင့် သက်ဆိုင်သည့် ပစ္စည်းများကို စုဆောင်း၏။ တပ်ပါရဲမက် အားလုံးကို အခုန် အလွှား၊ ဓားရေး၊ လှံရေး၊ အဖမ်းအရုံး၊ အရှောင်အတိုက်၊ လက်ဝှေ့ လက်ကျင်မျိုး တို့ကို ဆရာ အဆင့်ဆင့် ခန့်အပ်လေ့ကျင့်စေ၏။

သို့သော်...ရဲမက်သားတို့ လုယက်တိုက်ခိုက်ခြင်း မပြုကြရသောကြောင့် အနေအစား ဆင်းရဲ ပင်ပန်း ကြ၏။

ထိုအထဲ တပ်အပြည့် ဖြစ်စေလိုသောကြောင့် တပ်စွဲရာ အရာရှိ၊ စိတ်ကြိုက်သသူ ကရင် ရဲမက်များ၊ တလိုင်း ရဲမက်များကို ထပ်ဖြည့်ထားသဖြင့် ဗိုလ်အကြပ် ရဲမက်အားလုံး ၁၁၃၆ ယောက် ရှိနေ၏။

ဆွေဆက်သည် မိမိတို့တပ်သား ရဲမက်အားလုံးအတွက် အနေအစား ဆင်းရဲ ပင်ပန်းမှုမှ ကင်းလွတ်ရန် တပ်မှူးဆယ်ယောက်၊ တပ်ဗိုလ်နှစ်ယောက်၊ နာခံတပ်ရေး၊ တပ်ထောက် တို့နှင့် တိုင်ပင်ဆွေးနွေး ပြီးလျှင် လက်ဝှေ့တော် တပ်ထောက်ကြီးနှင့် တကွ တပ်မှူး သုံးယောက် တို့ကို ခေါ်၍ ဟံသာဝတီ ရန်ကုန်မြို့သို့ တက်ခဲ့၏။

ရန်ကုန်မြို့သူ မြို့သားတို့သည်   ကုလားဖြူတို့က အကောက်ဆိပ် တစ်ခုလုံးကို  အ မြောက်ဖြင့်  ပစ်ခတ်ဖျက်ဆီး ခဲ့သည်မှာ ရက်အတော်အတန်ကြာ သွားပြီးသောကြောင့် အားလုံး မေ့မေ့ပျောက်ပျောက် ဖြစ်ကုန်ကြလျက် ယခင်အတိုင်း ရောင်းရေးဝယ်တာ ကောင်းမွန် စည်ကား တပျော်တပါး ဖြစ်နေကြပြန်၏။

ရန်ကုန်မြို့ဝန်မင်းကြီး သတိုးမင်းကြီး မဟာမင်းခေါင်ကျော်သည် ဆွေဆက်တို့ ရောက် လာသောကြောင့် သားငယ်ပြန်လာဘိသို့ ဝမ်းသာ၏။ ဆွေဆက်၌ လူထောင့်တစ်ရာ ကျော် ပါဝင်သော တပ်ကြီး ဖွဲ့စည်းပြီးနှင့် ပြီဆိုသောကြောင့် အားရ ဝမ်းမြောက်၏။

''အိမ်း...မင်းဆီက သတင်းက ဝမ်းမြောက်အားရ စရာပေပ၊ ငါ့ဆီက သတင်း ကတော့ မလှပေဘူး...''

မြို့ဝန်မင်းကြီးပြောချက်အရ မိမိတို့သည် ရွှေနန်းတော်ကြီးမှ အမိန့်အတိုင်း ကုလားဖြူ တို့၏ တောင်းဆိုချက် မှန်သမျှကို အလုံးစုံ ကျေပွန်အောင် လိုက်လျော ပေးပါလျက် ကုလားဖြူ တို့က သင်းတို့ ယူသွားကြသည့် ရေနန်းယာဉ်သာ သင်္ဘောကို ယခုအထိ ပြန်မပေး ကြဟု သိရ၏။

ကုလားဖြူ တို့သည် ဗမာတို့က စစ်မဖြစ်ဝံ့၊ စစ်မဖြစ်လိုကြ၍ အစစလိုက် လျောပေး နေ သည်ဟု ယုံကြည်သိရှိ လာသောအခါ နောက်တစ်ကြိမ် ကွေ့လည် ဆန်းပြား စကား ပိုလာ ကြပြန်သည် ဆို၏။ ကုလားဖြူ ရေတပ် ဗိုလ်လင်းဘက်က...။

၁။ ယခုမိမိတို့ ချီတက် လာခဲ့သဖြင့် ကုန်ကျရသည့် စရိတ်ငွေ တစ်သန်းကို မိမိ သင်္ဘော ရှိရာသို့ အရောက် ရန်ကုန်မြို့ဝန်က လာပို့ရမည်။

၂။ မိမိဗိုလ်ငယ်များ ရန်ကုန်မြို့ဝန်အိမ်သို့ သွားရာ၌ မြို့ဝန်က အတွေ့မခံ လိုက်သော ကြောင့် အရှက်ရခဲ့သည်မှာ မပြေလည်သေး။ ထို့ကြောင့် ရန်ကုန်မြို့ဝန် ကိုယ်တိုင် အင်္ဂလိပ် စစ်သင်္ဘော ရှိရာသို့ လာရောက်၍ အင်္ဂလိပ် စစ်ဗိုလ်လေးများ ကျေနပ် လေ အောင် တောင်းပန် ဝန်ချရမည်။

ဤအချက် နှစ်ချက်ကို လိုက်လျောမှ မိမိတို့က ဗမာတို့၏ ရေနန်းယာဉ်သာ သင်္ဘောကို ဗမာတို့အား ပြန်ပေး၍ မိမိတို့ ရေတပ်ကိုလည်း ရုပ်သိမ်း၍ ပြန်မည်ဟု တစ်ဆင့် တက်၍ တောင်းလာ သည်ဆို၏။ ဆက်လက် ဖော်ပြပါမည်။

Read 13 times
Rate this item
(0 votes)
Last modified on Sunday, 21 July 2019 11:12

Latest from ကေတု