SJ WorldNews - шаблон joomla Авто

သေသော်မှတည့် သြော်ကောင်း၏

Monday, 22 July 2019 09:48 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ကုလားဖြူတို့က ဤသို့ ကျူးကျူးလွန်လွန် ထပ်ဆင့် တောင်းဆိုလာသောကြောင့် အမိန့်တော်မြတ်နာခံရန် ရွှေနန်းတော်ကြီးသို့ မြင်းစေခြေမြန် လွှတ်လိုက်သည်။ ဤအရေး ဤကိစ္စ၌ မိမိထင်မြင်ချက်ကို ပြောရသော်... ...ရွှေနန်းတော်ကြီး၌ မည်မျှနန်းတွင်းရေး ရှုပ်ထွေးနေကြစေဦး...

...ဗမာတို့လက်နက်၊ ရဲမက်မရှိသောကြောင့် ကုလားဖြူတို့နှင့်  ဖက်ပြိုင်တိုက်ခိုက်ရန်  မည်မျှမပြုလို မပြုဝံ့ဘဲဖြစ်နေကြစေဦး...

...ဗမာတို့၏ မျိုးရိုးဇာတိဂုဏ်ကိုထိပါးအောင် ဤမျှ ကျူးကျူးလွန်လွန် စော်ကားလာလျှင် ရှုံးကာမှရှုံးကြစေ ဘဝရှင်မင်းတရားကြီးက တိုက်လိမ့်မည်ထင်သည်...

ထို့ကြောင့်  မိမိက  ဣနြေ္ဒမပျက်စေဘဲ  ရန်ကုန်မြစ်ဆိပ်ကို မသိမသာ ပိတ်ထားနှင့်ရသည်။ ဤအရေး အခင်းကို ဆိုင်ရာ တာဝန်ရှိသူတို့မှတစ်ပါး အပြင်အရပ်သူ၊အရပ်သားများကို အသိမပေးဝံ့သေးဟု ရန်ကုန်မြို့ဝန် မင်းကြီးကပြော၏။

ကုလားဖြူတွေကလည်း မိမိတွေးထင်ထားသကဲ့သို့ ဗမာမင်းက သင်းတို့ကို တိုက်လိမ့်မည်ဟု ကြိုတင်တွက်ဆ ထားပုံရသည်။ သင်းတို့ဝယ်ထားသည့် ကုန်တွေကို သင်္ဘောပေါ်သို့မတင်ဘဲ ကုလားဖြူရပ်ကွက်ရှိ ကုန်လှောင်ရုံ၌သာ ထားသည်။ သင်းတို့ ခဲယမ်းလက်နက် သင်္ဘောကို ယခင်ရန်ကုန်ဆိပ်ကမ်း၌ ထားပစ်ခဲ့ရာမှ ယခု သင်းတို့သင်္ဘောအုပ်စုရှိရာသို့ ပြန်ယူသွားသည်။

ထို့ပြင် နန်းတော်ကြီးမှ အမိန့်တော်ကို မသိရသေးမီ ကုလားဖြူတွေကို မထိပါးကြနှင့်ဦး၊ မိမိတွေးထင်ထား သလိုမဟုတ်ဘဲ ပြီးပြေအောင်ပြုရမည်ဟု အမိန့်တော်ရှိလာလျှင် ပြီးပြေအောင်ပြုရန် ခက်လိမ့်မည်ဟု ရန်ကုန် မြို့ဝန်မင်းကြီးက အမိန့်ရှိ၏။

ရန်ကုန်မြို့ဝန်မင်းကြီးက ဤသို့အမိန့်ရှိလိုက်သဖြင့် ဆွေဆက်တို့အဖို့ အခက်တွေ့ရသည်။ ဆွေဆက်တို့ ဟံသာဝတီ ရန်ကုန်မြို့ပေါ်သို့ တက်လာကြသည့်အရေး ကြီးဆုံးသော အကြောင်းရင်းကား မိမိတို့ရဲမက်တပ်ဖွဲ့အတွက် စားဝတ်ရိက္ခာ၊ လက်နက်ခဲယမ်း စုဆောင်းနိုင်ရန် ကုလားဖြူတို့၏ ကုန်လှောင်ရုံများနှင့်    ကုလားဖြူတို့၏ သင်္ဘောကို စီးနင်းကြရန် အစီအစဉ် ပြုလုပ်ဖို့ရောက်လာကြခြင်းဖြစ်၏။

ယခုမူ ရွှေနန်းတော်ကြီးမှ သတင်းမရမီ၊ ဤအပြုအမူမျိုးကို ပြုလုပ်၍မဖြစ်ဟု သိထားရသဖြင့်  မိမိတို့ကြံစည်လာခဲ့ကြသမျှ အချည်းနှီးဖြစ်သွားကြရ၏။  ထို့ကြောင့် ဆွေဆက်တို့သည် ရွှေနန်းတော်ကြီးမှ သတင်းကို ဦးစွာရရန်နှင့် ဦးမြတ်ထွန်းတို့ကို တွေ့နိုင်ရန် မြင်းစေခြေမြန်များ ထပ်လွှတ်လိုက်ကြ၏။

အအားမနေလိုသည့်အတိုင်း ဆွေဆက်ခေါင်း၌ အသိတစ်ခု ဝင်လာသည်။ မိမိတို့အချင်းချင်း အမြဲဆက်သွယ် နေနိုင်ဖို့လို၏။ လိုအပ်သည့် နေရာကို အရေးရှိသည်ဖြစ်စေ၊  အရေးမရှိသည်ဖြစ်စေ   အလွယ်ပေါက်ရောက်အောင် သွားနိုင်၊ သွားတတ်ကြဖို့ လိုအပ်သည်ဟုတွေး၏။ ဤသို့သွားတတ်လျှင်၊ ဤသို့သွားလမ်းလာလမ်းသိလျှင် မြရွက်သည် မြင်းမိုရ်တောင် တစ်ဖက်သို့ရောက်နေစေကာမူ မြရွက်ရှိရာသို့ အားလပ်တိုင်း ဆွေဆက် ရောက်နေမည်ဖြစ်၏။ ထို့ပြင် ''တွင်း''၌ ပုန်းအောင်းနေသော သတ္တဝါသည် မိမိပတ်ဝန်းကျင်နေရာ အရပ်ရပ်သို့ ဝင်နိုင်ထွက်နိုင်၊ သွားနိုင်လာနိုင်ရန် ''မလွယ်ကယ်ပေါက်'' ထားသကဲ့သို့ မိမိတို့လည်း ''မလွယ်ကယ်ပေါက်''နှင့်တူသော သွားရိုးသွားစဉ် မဟုတ်သည့် ဖြတ်လမ်းများကို သိထား ဖောက်ထားရန် လို၏။

ဆွေဆက်သည် ဟံသာဝတီ ရန်ကုန်၌ လက်ဝှေ့တော်ကြီးကို ထားပစ်ခဲ့ပြီးနောက် ဤကိစ္စ အရပ်ရပ်ကို မိမိကိုယ်တိုင် စီမံ၏။

ဒလသို့ကူးလျက် အနောက်ဘက်သို့ဖြတ်၊ တွံတေးဘက် ချိုးတောင်သို့ဖြတ်၊ ''ငှက်အော်စမ်း'' ဦးရွှေပန်း၏ တပ်သို့ရောက်၊ ဦးရွှေပန်းစခန်းမှ အရှေ့တောင်ယွန်းယွန်း ဖြတ်ဆင်း ကွမ်းခြံကုန်းအနီး တပ်စွဲထားသည့် ဦးမြတ်ထွန်းစခန်းရောက်၊ ထိုမှတစ်ဆင့် အရှေ့မြောက်သို့ အရှေ့ဘက်ယွန်းယွန်း ပြန်တက်၊ သုံးခွဆိုင် ရန်ကုန်မြစ် တစ်ဖက်ကမ်းကူး၊   ကျောက်တန်း  မိမိတို့စခန်းသို့ ရောက် ဤအတိုင်း လမ်းထွင်စေ၏။

ထို့ပြင် ကျောက်တန်းစခန်းမှ သုံးခွဆိုင် ရန်ကုန်မြစ်ကို တည့်တည့်ကူးလျက် အနောက်စူးစူးဖြတ်လျှင် ငှက်အော်စမ်း၊ အနောက်တောင်ကိုဖြတ်လျှင် ဦးမြတ်ထွန်းစခန်း၊အနောက်ဘက်သို့ မြောက်ယွန်းယွန်းဖြတ်လျှင် ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့။ ဤသို့လည်း လမ်းထွင်ထားစေ၏။ ထို့ပြင် ကျောက်တန်းမှ သံလျင်ကိုကျော်၍ မြောက်စူးစူးသို့တက်၊ ပဲခူးချောင်းကူးပြီး အနောက်တောင်ဘက်ရှိ  ရန်ကုန်မြို့သို့ဖြတ်ဆင်း  ဤအတိုင်းလည်း လမ်းရှာ ထား၏။

ဤသို့ လမ်းအသီးသီးကို ရှာထားသိထားပြီးနောက် ကုလားဖြူတို့ အားကိုးတစ်ခုပြုလာသော ရေလမ်းခရီးတို့ကိုလည်း လှည့်ပတ်ကြည့်ရှု၏။ ကုလားဖြူသင်္ဘောများ ဝင်နိုင်သောချောင်း၊ မဝင်နိုင်သောချောင်း၊  ရေတိမ် ရေနက် ရေတက် ရေကျ စသည်တို့ကိုလည်း စူးစမ်း၏။

ထိုသို့စူးစမ်းကြည့်ဆဲ ပင်လယ်ကမ်းခြေ တံငါရွာသူတို့ ပြောချက်အရ  အရှေ့ဘက်ကမ်း တစ်ခွင်တစ်ပြင်၌ ကုလားဖြူသင်္ဘောတို့   အမြောက်အမြား ရှိနေသည်ဟု ကြားရသောကြောင့် မိမိတို့ မည်သည့်အရပ်သို့ ထွက် သွားကြကြောင်းကို လက်ဝှေ့တော်ကြီးတို့အား အကြောင်းကြားစေပြီးလျှင်     အကြပ်ငါးဆယ်၊  သွေးသောက်ကြီး ဆယ်ယောက်၊ တပ်မှူးငါးယောက်၊ တပ်ဗိုလ်တစ်ယောက် ပါသည့် ရဲမက်ငါးရာတို့နှင့် ရန်ကုန်မြို့ဝန်မင်းကြီး ခန့်အပ်သော အမိန့်စာချွန်ကိုပါယူ၍ ရွက်နှစ်လက်တပ် ငါးမန်းလိုက် တံငါလှေနှစ်ဆယ့်ရှစ်စင်းတို့ဖြင့် ရန်ကုန်မြစ်ဝမှ အရှေ့စူးစူးသို့ကူး၏။ မုတ္တမသို့ နေ့ချင်းဆိုက်ကပ်၏။

ဆက်လက်ဖော်ပြပါမည်။

Read 39 times
Rate this item
(0 votes)
Last modified on Monday, 22 July 2019 09:49

Latest from ကေတု