SJ WorldNews - шаблон joomla Авто

သေသော်မှတည့် သြော် ကောင်း၏

Tuesday, 20 August 2019 10:03 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

သို့သော် ဆွေဆက်ကား ထိုသို့မဟုတ် သံပတ်ပေးထားသည့် စက်ရုပ်ကဲ့သို့ အသိကင်းစွာ လှုပ်ရှားနေ၏။

အရပ်အနားမရှိ မြင်းကို တစ်ပတ်ပြီး တစ်ပတ်ပတ်၏။ အသင့်စောင့်ပေးနေသမျှ လှံကိုဆွဲလျက် တစ်ချောင်းပြီး တစ်ချောင်းပစ်စိုက်၏။ အတောင်ခြောက်ဆယ်မြင့်သော စက်ဝန်းအလယ် တည့်တည့်ရှိ အနီဝန်းတစ်ခုလုံး စိုက်သောလှံများဖြင့် ပိတ်စေ၏။

ကောင်းချီးပေးသံများသည် ရပ်နားခြင်းမရှိ တစ်စပ်တည်း မြည်ဟည်းနေ၏။

''လူလေး...လူလေး...မောင်ဆွေဆက် မင်းကို ကောင်းချီးပေးနေကြတယ်လေ...။ နားပြီးမဏ္ဍပ်ရှေ့ကို ခပ်ဖြည်းဖြည်း တစ်ပတ်လောက်ပတ်လိုက်ဦး...''

အတူယှဉ်လိုက်လာသော မြင်းပေါ်မှ လက်ဝှေ့တော်ကြီးက ပြောလိုက်ခြင်းဖြစ်၏။ ဆွေဆက်သည် လက်ဝှေ့တော်ကြီးကိုမျှ လှည့်၍မကြည့်ဘဲ ပြောသည့်အတိုင်း မြင်းကို အပြေးလျှော့လိုက်၏။

နန်းတွင်းသူအပျိုတို့၏ ဦးခေါင်းမှ သဇင်နှင့်တကွသော တော်ဝင်ပန်းတို့သည် ဆွေဆက်၏မြင်းပေါ်သို့ ပန်းမိုးရွာဘိသို့ ကျ၏။ သို့သော်...ဆွေဆက်က တစ်ပွင့်တလေမျှမဖမ်း...

ရွှင်လန်းလှပသော အမရပူရရွှေမြို့တော်သူတို့၏ ပြုံးသောမျက်နှာ၊ ကြည်သောမျက်လုံးတို့ကို မြင်ရသော်လည်း... တုံ့ပြန်ပြုံးရယ်မှုမပြု၊   ကျေးဇူးတင်မှုမပြ...တည်ငြိမ်သော အသိကင်းသည့်မျက်နှာဖြင့်သာ မဏ္ဍပ်တစ်ခုပြီး တစ်ခုလွန်လာခဲ့၏။

မင်းစင်ရှေ့သို့ရောက်သည်နှင့် နန်းမတော်မိဖုရားကြီး ဆင်ဖြူမရှင်က ပခုံး၌တင်သော ပဝါကိုပစ်ပေး၏။

''ငါ့ကျွန် စွမ်းပေသည်၊ တစ်ခုခုပြုပြစမ်းပါဦး...''

ဆွေဆက်သည် မင်းစင်တစ်ခုလုံးကို အသက်ကင်းမဲ့ သူကဲ့သို့ငေးကြည့်၏။ မြရွက်သည် ပျော်ရွှင်မှုအပြည့်ဖြင့် ဝမ်းမြောက်ရွှင်ပျစွာ မိမိအား တုံ့ပြန်ကြည့်နေသော်လည်း  ယခင်က  ရင်းနှီးချစ်ခင်ခဲ့ကြဖူးသည့် မျက်နှာမျိုးကိုမပြ၊  ဣနြေ္ဒသိက္ခာနှင့်  ဝင့်ဝါလှသော အသွင်အပြင်ကို ဆောင်၏။

ဤတွင် နာကြည်းမှုနှင့်အတူ အိပ်ရာမှလှုပ်နှိုးခြင်း ခံလိုက်ရဘိသို့ အားလုံးသတိတရဖြစ်လာ၏။ ထို့နောက်ဆင်ဖြူမရှင် ပေးသနားသည့်ပဝါကို  ရင်၌စည်းလျက် အတောင်ခြောက်ဆယ်မြင့် စက်ဝန်းကို လှံဖြင့်ပစ်စိုက်၏။ ထို့နောက် မြင်းကို ကွင်းတစ်ပတ်ခန့်စိုင်းလျက် စက်ဝန်းတိုင်မှ ကြိုးကိုလှုပ်ပြီးလျှင် မြင်းအစိုင်းမပျက် ကျလာသောလှံကိုဖမ်း၍ ဆင်ဖြူမရှင်ရှိရာသို့ သွားရောက်ဦးညွှတ်၏။

တစ်ကွင်းလုံး သြဘာသံတွေ လျှံတက်လာ၏။

ဆွေဆက်၏ဝမ်းထဲက တစ်ခုပြီးတစ်ခု မောသွားအောင် ပြုလုပ်ပြချင်နေရ၏။ ထိုသို့ပြုလုပ်ပြလိုခြင်းသည်လည်း တစ်ခုတစ်ခုကို အငြိုးနှင့်ပြုလုပ်ပြ လိုနေခြင်းဖြစ်၏။ ထိုအငြိုးကား မိမိရင်၌ဖြစ်ပေါ် စွဲမက်မိခဲ့သော အချစ်။ ဆွေဆက်သည် အိမ်ရှေ့ကိုယ်တော်ကြီး

ပစ်ပေးသည့် ရင်စည်းပဝါကို  လှမ်းယူလိုက်ပြီးနောက် ကွင်းတစ်ပတ်ပတ်ပြီး    နောက်ထပ် လှံတစ်ချောင်းဆွဲယူလာ၏။

ဆွေဆက်၏ဟန်ပန်သည် ယခုမှ အသက်ဝင်လာ၏။ ဆွေဆက်၏ မျက်လုံးများသည် ယခုမှ  အရောင်တောက်လာ၏။ ဆွေဆက်သည် အတောင်ခြောက်ဆယ် စက်ဝန်းကို နောက်တစ်ကြိမ်လှံစွဲစေပြီးနောက် ကွင်းကို တစ်ပတ်ပတ်ပြီးသည်နှင့်  လက်၌ကျန်နေသေးသည့် လှံဖြင့် စက်ဝန်း၌ စွဲသည့်လှံကို   ပစ်ခတ်ပြုတ်စေ၏။

ထို့နောက် ယခင်နည်း ကွင်းတစ်ပတ်ခန့် မြင်းကိုစိုင်းပတ်ပြီးနောက် မြင်းအစိုင်းမရပ်ဘဲ   ပြုတ်ကျလာသည့် လှံနှစ်ချောင်းကို ဖမ်းယူပြီးလျှင် မင်းစင်ရှေ့သို့  သွားရောက်ရပ်၏။

ချီးကျူးသံတွေမစဲမီပင် သမီးတော် ပဘာဝတီ ခေါ် မြရွက်က အိမ်ရှေ့ကိုယ်တော်ကြီး၏ ကိုယ်ရံ လက်စွဲတော်ရှိရာသို့ အဓိပ္ပာယ်ပါပါ မျက်လုံးနှင့် စောင်းငဲ့ကြည့်၏။ ထို့နောက် နှစ်ယောက်သား  ခေါင်းညိတ်၊ လည်ညိတ်ပြုကြပြီးနောက်  ပခုံးထက်ရှိ   ပဝါကို ဆွေဆက်ရှိရာသို့ ပစ်ချပေး၏။

ရင်နင့်နေသော  ဆွေဆက်သည် ကျလာသည့် ပဝါကို မဖမ်းမယူဘဲ မြေသို့ကျစေပြီးမှ လှံဖြင့်ထိုးကောက်၏။ ထို့နောက် မိမိရင်၌ မစည်းမနှောင်ဘဲ မိမိစီးသော မြင်း၏လည်သို့ စည်းနှောင်ပေး၏။

ကနောင်ကိုယ်တော်ကြီးသည်   ဆွေဆက်၏ ယောက်ျားပီသသော  ထီမထင်သည့် အပြုအမူကို လွန်စွာနှစ်သက်၏။

''ယောက်ျားဟူသည်   ရွယ်တူအမျိုးသမီးတို့က မြှောက်ပင့်ချီးကျူးကြတိုင်း ကျေနပ် ဝမ်းမြောက်ရမည်လော...''

မြရွက်ကမူ ထိုသို့မတွေး မိမိပစ်ပေးသည့်ပဝါကို မြေသို့ကျစေပြီးမှ လှံဖြင့်ထိုးကောက်လိုက်ခြင်းအတွက် စိတ်၌ထင့်ခနဲဖြစ်၏။ သူ ဘာအဓိပ္ပာယ်နှင့် ဤသို့ပြုမူရတာလဲဟု တွေးရင်း  ဆွေဆက်၏ မျက်နှာကို စိန်းစိန်းကြည့်မိ၏။  ထို့နောက်မှ ဣနြေ္ဒဆည်လျက် ဘေးပတ်လည်သို့ လှည့်ပြုံး၏။ ထိုစဉ်ဆွေဆက်သည် မြင်းကို ဒုန်းစိုင်းထွက်သွား၏။

ယောက်ျားပီပီ သံချီဝင့်ကြွားသော ကျားဆိုမှကျားသည့် အာဂသူရဲကောင်း တစ်ဦးဟု တစ်ကွင်းလုံးက အသိအမှတ်ပြုထားကြသောကြောင့်   ဆွေဆက် ကွင်းလယ်သို့ ထွက်လာသည်နှင့် သြဘာသံများ ဆူညံလာ၏။

ရွှေမြို့တော်သူတို့၏နှုတ်မှ မလေးတို့မောင်၊ ပျိုတို့မောင်ကြီး၊  ပျို့ဦးရင်၊  ပျို့ကိုရင်၊  ပျို့သူရဲကောင်းဟူသော အသံစာစာကလေးများ ကွင်းလုံးညံလာ၏။

ထိုစဉ်ဆွေဆက်သည် အတောင်ခြောက်ဆယ် စက်ဝန်းကို ယာလက်ဖြင့် ဗဟိုချက်ရှိရာသို့ လှံစွဲစေလျက် ဝဲလက်မှလှံဖြင့် စွဲသောလှံကို ပစ်ခတ်ပြုတ်ကျစေ၏။

လှံနှစ်ချောင်းသည် အတူယှဉ်လျက် အသွားကို ဦးစိုက်ကျ၏။ ဆွေဆက်သည် ကျလာသည့်လှံနှစ်စင်းအနက် လှံတစ်စင်းကို ရင်ဝဖြင့် လည်းကောင်း၊ ကျန်သော လှံတစ်စင်းကို ဖွင့်ထားသည့် ပါးစပ်ဖြင့်လည်းကောင်း မြင်းထက်မှမော့၍ ခံ၏။

ဆက်လက်ဖော်ပြပါမည်။

Read 22 times
Rate this item
(0 votes)
Last modified on Tuesday, 20 August 2019 10:04

Latest from ကေတု