SJ WorldNews - шаблон joomla Авто

သေသော်မှတည့် သြော် ကောင်း၏

Thursday, 22 August 2019 10:05 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

မိမိသည် ရွှေထီးရွှေနန်းရိပ်နှင့် ထိုက်တန်သူမဟုတ်၊ ကုလားဖြူတို့နှင့် တိုက်ခိုက်ရန် အကြေအရပ်နှင့် ထိုက်တန်သူဖြစ်၏။ ရွှံ့နွံဆူးငြောင့်ခလုတ် ကန်သင်းတို့နှင့်သာ ထိုက်တန်သူဖြစ်၏။ မိမိထိုက်တန်ရာသို့သာ မိမိသွားတော့အံ့...     မြင်းနက်ကြီး ရှေ့ဆောင်သော လက်နက်ကိုင်  မြင်းစီးယောက်ျားချည်း ဖြစ်ကြသည့် မြင်းအုပ်စုတစ်စုသည်    နေဝင်ရိုးရီ အချိန်သာသာ၌ နယ်ခြားကျောက်တိုင်အနီးသို့ ရောက်လာ၏။

ထိုမြင်းအုပ်၏ရှေ့မှ  လူတစ်စုဖြုန်းခနဲ ပေါ်လာကြသည်။

''ဟေ့...ဘယ်သူတွေလဲ...နယ်ခြားကိုမဖြတ်ရဘူးနော်...မင်းတရားကြီး အမိန့်ကွ...''

ဆွေဆက်သည် ထိုသူ၏အော်သံကိုမကြား၊ မိမိအတွေးနှင့် မိမိသွားမြဲသွား၏။

''ဟေး...ဟိုရှေ့ကကောင် မကြားဘူးလား...မင်းတရားကြီး အမိန့်နဲ့ပြောနေတာကွ...''

ဆွေဆက်၏လူများက  ကြားလိုက်သလိုလိုရှိသောကြောင့် ဘာမှန်းမှမသိဘဲ တန့်ရပ်လိုက်၏။ ထိုစဉ် ဆွေဆက်သည် မြင်းနက်ကြီး သယ်ဆောင်ရာသို့ ခေါင်းငိုက်စိုက်နှင့် ပါသွား၏။ အော်သူတို့ကအော်၏။ တားသူတို့ကတား၏။ ဆွေဆက်၏ လူအချို့က ဘုရင်တပ်မတော်သား ဆိုသူတို့ရှိရာသို့     ဒေါသတကြီး မြင်းစိုင်းဝင်၏။

ထိုစဉ်...သေနတ်သံတစ်ချက် ပေါ်လာကာ ဆွေဆက်သည် မြင်းနက်ကြီးပေါ်မှ ဦးစောက်ကျသွား၏။

ရှမ်းကြီး ဦးနန္ဒသည် ဓားလွယ်ကို အိမ်မှထုတ်လျက် ထိုလူစုလူအုပ်ရှိရာသို့ မြင်းကိုအပြင်းနှင်၏။ လက်ဝှေ့တော် အဘကြီးက လှမ်းအော်တားဆီး၏။

''မောင်နန္ဒတို့   ငဖားတို့နေကြဦးပ...လေ...သူဟာကျုပ်တို့ အချင်းချင်းတွေပ...''

လက်ဝှေ့တော်အဘကြီးသည် ဤသို့တားဆီးရင်း ဆွေဆက်ကျရာသို့ သွားရောက်ပွေ့ထူ၏။ ဆွေဆက်၏ လူအားလုံး မြင်းပေါ်မှဆင်းကာ ဆွေဆက်ဘေး၌ ဝိုင်းရံနေကြ၏။   ထိုသူတို့အပြင်မှ မင်းတရားကြီး၏ တပ်မတော်မှ ဆိုသူများက ထပ်၍ဝိုင်းရံထား၏။

''နင်တို့အကြေဘက် ကုလားဖြူနယ်ကိုသွားပြီး တိုက်ခိုက်လုယက်ကြမည့်သူတွေ မဟုတ်လား၊ နင်တို့ကြောင့် မင်းတရားကြီးနဲ့ ကုလားဖြူဘုရင်ခံတို့ မသင့်မတင့် ရှိကြတော့မည်ကော''

နယ်ခြားစောင့်တပ်မှ သွေးသောက်ကြီး ဆိုသူသည် မာရေကျောရေရှိလှ၏။ ဆွေဆက်နှင့် အဖော်တစ်စုကို ရာဇဝတ်တော် ကျူးလွန်သူများဟု ဖမ်းမည်ဆီးမည် တကဲကဲပြု၏။

ရှမ်းကြီးဦးနန္ဒနှင့် ငဖားတို့ကလည်း ဤနယ်ခြားစောင့် မြန်မာတပ်သား ဆိုသူများကို နုပ်နုပ်စဉ်းလိုနေလှပြီ။ လက်ဝှေ့တော် အဘကြီးကမူ ဆွေဆက်ကိုပြုစုပွေ့ပိုက်ရင်း  နှစ်ဦးနှစ်ဖက် ကျေရာကျေကြောင်း ပြေပြေလည်လည် ပြော၏။   မိမိတို့မြင်းခင်းပွဲတော်မှ ပြန်လာကြသူများဖြစ်ကြောင်း၊ ယခင်ကတည်းက အကြေအရပ်ရှိ ကုလားနယ်၌ နေကြသူများ ဖြစ်ကြောင်း ရှင်းပြ၏။

''ဒါကြောင့် ခက်တာပေါ့၊  ဘုရင့်ရှေ့မှောက်တော့ သူတော်ကောင်းလုပ်၊ ကွယ်ရာရောက်တာနဲ့ ခိုး၊ ဆိုး၊လုယက်၊ နင်တို့လိုလူတွေ ဖျက်နေလို့ တိုင်းပြည်ပျက်ရတာ...''

သွေးသောက်ကြီး၏ စကားသည် တဖြည်းဖြည်း ပိုမိုရင့်သီးလာ၏။ ကြာသော် ...လက်ဝှေ့တော်အဘကြီးပင်လျှင် မခံနိုင်တော့...

''သည်မှာသွေးသောက်...မြန်မာ့တိုင်းပြည်သုံးပုံနှစ်ပုံ ကုလားဖြူလက်ထဲရောက်တာ နင်တို့လို တစ်ကိုယ်ကောင်း နာမည်ရဖို့ကြည့်ပြီး အမှုထမ်းနေတဲ့ သူရဲဘောကြောင်သူတွေကြောင့် နားလည်ရဲ့လား...နင်တို့ဟာ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာ တကယ်စေတနာမရှိဘဲ ငါဝတ္တရား ကျေပွန်သူဆိုတဲ့ နာမည်ကောင်းလေး တစ်ခုရပြီး ရာထူးအဆင့်ဆင့် တိုးဖို့အတွက် တိုင်းပြည်

ကြီးပျက်ချင်ပျက်ပစေလို့...ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ခိုင်းတဲ့အတိုင်း ဖြစ်ချင်ရာဖြစ် ကုန်းလုပ်နေကြတဲ့ တစ်ဘို့တည်းသမားတွေ။  ဒီမှာ...နင်တို့ကို တို့တကယ် တိုက်မယ်ဆိုရင်   နင်တို့အခုအချိန်မှာ တစ်ယောက်မှမကျန်ဘူး သိရဲ့လား...''

လက်ဝှေ့တော်အဘကြီး ပြောနေဆဲ၌ပင်လျှင် မြင်းတွေစိုင်းလာသည့် အသံကိုကြားကြရပြီး   ချက်ချင်းမြင်းအုပ်ကြီး တစ်အုပ်ရောက်လာ၏။ ထိုမြင်းအုပ်ကြီးထဲ၌ ပင်လျှင် သွေးသောက်ကြီး၏ တပ်မှူးပါလာသည်။

သွေးသောက်ကြီးက တပ်မှူးရှိရာသို့ မိမိ၏ ဆောင်ရွက်ချက်နှင့် ရာဇဝတ်ကောင်များက  မိမိကိုအန်တုပြောဆိုနေကြပုံကို တိုင်ကြားပြောဆို၏။တပ်မှူးသည် သွေးသောက်ကြီးကို ခြေထောက်ဖြင့် ကန်လိုက်၏။

''ဒုက္ခပဲ...အဲဒါမှဒုက္ခပဲ မြို့စားမင်းသမီးကြီး ကိုယ်တိုင်ပါလာတယ် နင်သေဖို့သာပြင်တော့...''

ထိုသို့ တပ်မှူးက ညည်းညူနေဆဲ ဦးမြတ်ထွန်းနှင့် တကွ ပဘာဝတီဘွဲ့ခံ မင်းသမီးကြီး မမြရွက်ရောက်လာ၏။ အကျိုးအကြောင်း သိရသည်နှင့် အလွန်စိုးရိမ်ကြီးစွာ ဣနြေ္ဒသိက္ခာတွေကို မဆယ်တော့ဘဲ ဆွေဆက်ကို ပြေးယူပွေ့၏။ ဆွေဆက်၏ ဒဏ်ရာကိုကြည့်၏။ ပခုံးညှပ်ရိုးအောက်သို့ ထိမှန်သွားခြင်းဖြစ်လျက် သွေးလွန်နေ၏။ အထက်သို့လည်းကောင်း၊  အောက်သို့လည်းကောင်း အနည်းငယ် တိမ်းလွဲသွားပါက အသက်ကိုမှ မီနိုင်ဖွယ်မရှိ။

မြရွက်သည်    ဆွေဆက်ကို လှုပ်ကာလှုပ်ကာ ခေါ်ကြည့်၏။ သို့သော် ...ဆွေဆက်က သဲ့သဲ့မျှ ထူးနိုင်၏။

ဆက်လက်ဖော်ပြပါမည်။

Read 25 times
Rate this item
(0 votes)
Last modified on Thursday, 22 August 2019 10:06

Latest from ကေတု