မိုးကောင်း ဧပြီ ၁၁
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာအဝင် ချောင်းတံတားအနီး၌ ယမန်နေ့က လမ်းလျှောက်လာသူ တစ်ဦးထံမှ ငွေကျပ်သိန်း ၃ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစိတ်မှ ရဲအုပ်အောင်ကျော်ဦးနှင့် တပ်ဖွဲ့ဝင်များသည် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာအဝင် ချောင်းတံတားအနီး ကြိုတင် စောင့်ဆိုင်းနေစဉ် ယင်းလမ်းအတိုင်း တောင်မှမြောက်သို့ လမ်းလျှောက်လာသည့် မိုးညှင်းမြို့နယ်နေသူ ကျော်ဝင်းအား စစ်ဆေးရာ ၎င်းဆွဲလာသည့် အနက်ရောင် ကြွပ်ကြွပ်အိတ်အတွင်း မာမားခေါက်ဆွဲခြောက်ဖာထဲမှ ရောင်စုံ ဆပ်ပြာခွက် ၁၇ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူမှုန့် အလေးချိန် ၁၇ဝ ဂရမ် ကာလတန်ဖိုး ငွေကျပ် ၁၃၆ သိန်း၊ အပြာရောင် ကပ်ခွာအိတ် ၁၅အိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၃ဝဝဝ ပြား ကာလတန်ဖိုး ငွေကျပ်သိန်း ၉ဝ၊ အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ် ၁ဝ အိတ်အတွင်းမှ 88/1 စာတန်းပါ စိတ်ကြွဆေးပြား ၂ဝဝဝ ပြား ကာလတန်ဖိုး ငွေကျပ် သိန်း၁ဝဝ တို့ကို ရှာဖွေသိမ်းဆည်း ရမိသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် ကျော်ဝင်းကို မိုးကောင်းမြို့မ ရဲတပ်ဖွဲ့စခန်းက မယ(ပ)၁၁/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂ဝ(က)အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။