Print this page

မူးယစ်ဆေးဝါးများနှင့် ငွေစက္ကူ အတုများ သိမ်းဆည်း ရမိ

Thursday, 16 August 2018 10:32 font size decrease font size decrease font size increase font size increase font size

ရေဦး သြဂုတ် ၁၅

စစ်ကိုင်းတိုင်း ဒေသကြီး ရေဦးမြို့ အောင်ချမ်းသာရပ်ကွက်၌ ယမန်နေ့ နံနက် ၉ နာရီက မူးယစ်ဆေးဝါး များနှင့် ငွေစက္ကူအတုများ သိမ်းဆည်း ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ခင်မောင်ဦး၊ ခင်ဦးမြို့နယ် ညောင်ပင်ကြီး စုရဲကင်း စခန်းမှူး ရဲအုပ်ကျော်ကျော်မင်း၊ ရေဦးမြို့မရဲစခန်းမှ ဒုတိယ ရဲအုပ်နေမျိုးအောင် တို့ပါဝင်သော အဖွဲ့သည် သတင်းအရ ရေဦးမြို့ အောင်ချမ်းသာရပ်ကွက်နေ မျိုးမင်းထွန်း (ခ) ဖိုးထောင် ၃၃ နှစ်၏နေအိမ်ကို ဝင်ရောက် ရှာဖွေရာ ၄င်းနှင့်အတူ တစ်ရပ်ကွက်တည်းနေ အောင်နိုင်ဌေး(ခ) အောင်နိုင် ၃၉ နှစ်နှင့် ဇော်ရဲအောင် ၂၄ နှစ်တို့နှစ်ဦးကို တွေ့ရှိပြီး နေအိမ်အတွင်းမှ ဆပ်ပြာခွက်၊ ပလတ်စတစ်ဘူး၊ အချိုရည် ပုလင်းတို့ဖြင့် ထည့်ထားသော ဘိန်းဖြူ ၄၃ ဒသမ ၁ ဂရမ်၊ ဆေးလိပ်ဘူးခွံဖြင့် ထည့်သော ပန်းရောင်စိတ်ကြွဆေးပြား ၄၁၄ ပြား၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ငွေစက္ကူ ရောရာ ငွေကျပ် ၁ဝ သိန်းနှင့် သံသေတ္တာ အတွင်းမှ တစ်သောင်းတန် ငွေစက္ကူအတု ၅၁ ရွက်တို့ကို သိမ်းဆည်း ရမိသည်။

ထိုသို့ သိမ်းဆည်း ရမိသဖြင့် စစ်ဆေး မေးမြန်းရာ မူးယစ်ဆေးဝါးများမှာ ညောင်ပင်ကြီးစု ကျေးရွာနေ သီဟဇော် ၂၇ နှစ်က လာရောက် ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မျိုးမင်းထွန်း(ခ) ဖိုးထောင်ပါ လေးဦးကို ရေဦးမြို့မရဲစခန်းက မူးယစ်(ပ) အမှတ် ၅/၂ဝ၁၈၊ မူး/စိတ်ဥပဒေ ပုဒ်မ၁၉(က)/၂ဝ(က)/၂၁ အရလည်းကောင်း၊ မျိုးမင်းထွန်း(ခ) ဖိုးထောင်ကို (ပ)အမှတ် ၁၉၈/၂ဝ၁၈၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၁ဝ၅/၁ဝ၆ အရလည်းကောင်း အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

Read 180 times Last modified on Thursday, 16 August 2018 10:32