SJ WorldNews - шаблон joomla Авто

ရေနီမြို့ ၌ ယာဉ်တိုက်မှုနှင့် တိမ်းမှောက်မှု တစ်ရက်တည်း နှစ်မှုဖြစ်ပွား

Monday, 27 May 2019 09:44 font size decrease font size decrease font size increase font size increase font size

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရေနီမြို့၌ မေ ၂၅ ရက် ည ၉ နာရီခန့်က ရန်ကုန်-မန္တလေးကားလမ်းအတိုင်း မောင်းနှင်လာသည့် ၂၂ ဘီးယာဉ်အား ရပ်ကွက်လမ်းကြားမှ ကားလမ်းပေါ် မောင်းတက်လာသော ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိရာ ဆိုယ်ကယ်မောင်းနှင်သူ သေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၂ဝ၁/ဝ) နှင့် (၂ဝ၁/၁) အကြား ရေတာရှည်မြို့နယ် ရေနီမြို့ ကားလမ်းအနောက်ဘက်ရှိ ရပ်ကွက်အတွင်းမှ ရေနီမြို့ အမှတ် (၄) ရပ်ကွက်နေ မြင့်ဦး ၄ဝ နှစ်မောင်းနှင်ပြီး ပျဉ်းမနားမြို့ကိုးတစ်ရွာမ ကျေးရွာနေ မျိုးဝင်း ၄၅ နှစ် လိုက်ပါစီးနင်းလာသည့် ကမ်ဘို ၁၂၅ ဆိုင်ကယ်သည် ရန်ကုန်-မန္တလေး ကားလမ်းပေါ်သို့ ဖြတ်တက်စဉ် ကားလမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာသည့် ၂၂ ဘီးယာဉ်၏ရှေ့ပိုင်းကို ဝင်ရောက်တိုက်မိခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် မြင့်ဦးမှာ ရရှိသည့် ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးပြီး မျိုးဝင်းမှာ စိုးရိမ်ရဒဏ်ရာများ ရရှိသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရေနီမြို့တောင်ဘက်အဝင် ရန်ကုန်-မန္တလေးကားလမ်း ကွေ့တံတားပေါ်၌ မေ ၂၅ ရက်မွန်းလွဲ ၁၂ နာရီခွဲခန့်က ၂၂ ဘီးကုန်တင်ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်ပြီး ယာဉ်ပေါ်ပါ ကုန်ပစ္စည်းများ လွင့်စဉ်ကျ၍ ဆိုင်ကယ်စီးနင်း လိုက်ပါလာသူ အမျိုးသမီး သေဆုံးမှု ဖြစ်ပွားသည်။

ဖြစ်စဉ်မှာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ရေနီနယ်မြေရဲစခန်းမှ တာဝန်မှူး ဒုတိယရဲအုပ် ထက်နေအောင် ဦးစီးအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း တောင်မှမြောက်သို့ ချမ်းမြသာစည်မြို့နယ်နေကောင်းမြတ်သူ ၃၁ နှစ် မောင်းနှင်လာသည့် ယာဉ်အမှတ် 9N^---- FOTON ၂၂ ဘီး ယာဉ်သည် အခင်းဖြစ်ပွားသည့် နေရာ အရောက်၌ အရှိန်လွန်ကာ တိမ်းမှောက်ခြင်း ဖြစ်သည်။

ထိုသို့ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားစဉ် ယာဉ်ပေါ်တွင် တင်ဆောင်လာသော သားရေတုံးများ လွင့်စဉ်ကျခဲ့သဖြင့် ကားလမ်းအတိုင်း လမ်းကြောင်းတူ တောင်မှမြောက်သို့ ဆတ်သေ(တောင်)ရွာနေ မြင့်ဆောင် ၃၉ နှစ် မောင်းနှင်ပြီး မကြူကြူ ၃၆ နှစ်လိုက်ပါလာသည့် နံပါတ်မပါ ကမ်ဘို ၁၁ဝ ဆိုင်ကယ်နှင့် ကားလမ်းနံဘေး သစ်ပင်အောက်၌ ထိုင်နေသည့် အမှတ် (၁ )ရပ်ကွက် ရေနီမြို့နေ ဝင်းဇော် ၄၅ နှစ် တို့အား ပိမိသွားရာ မကြူကြူမှာ ရရှိသည့် ဒဏ်ရာများဖြင့် နေရာတွင်သေဆုံး၍ ဆိုင်ကယ်မောင်းနှင်သူ မြင့်ဆောင်မှာ (စိုးရိမ်ရ) ဒဏ်ရာများ၊ ယာဉ်မောင်း ကောင်းမြတ်သူနှင့်သစ်ပင်အောက်တွင် ထိုင်နေသူ ဝင်းဇော်တို့မှာ(မစိုးရိမ်ရ) ဒဏ်ရာများ ရရှိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ရေနီနယ်မြေရဲစခန်းက မြင့်ဦးအား ယာဉ်(ပ)၁၃/၂ဝ၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈ ဖြင့်လည်းကောင်း၊ ယာဉ်မောင်း ကောင်းမြတ်သူအား ယာဉ်(ပ)၄/၂ဝ၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ဝ၄-က/၃၃၇/၃၃၈ ဖြင့် လည်းကောင်း အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

Read 37 times Last modified on Monday, 27 May 2019 09:45