SJ WorldNews - шаблон joomla Авто

မလိကျွန်းအနီးရှိ ပင်လယ်ပြင်အတွင်း မူးယစ်ဆေးဝါး(ICE)များ သိမ်းဆည်း ရမိ

Thursday, 13 June 2019 09:57 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာနေ ဦးသန်းမင်းဦး(ဘ) ဦးအုန်းရီသည် ဇွန် ၁၁ ရက် နံနက် ၇ နာရီခွဲခန့်တွင် ၎င်းထံတွင် မသင်္ကာဖွယ် အထုပ်တစ်ထုပ် ရောက်ရှိနေကြောင်း အကြောင်းကြားလာသဖြင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဝါရောင်ပလတ်စတစ်ဖြင့် ထုပ်ပိုးထားသည့် မက်သာအဖက်တမင်း ဟိုက်ဒရိုကလိုရိုက်(ICE) အမျိုးအစား မူးယစ်ဆေးဝါး ၁ ကီလိုဂရမ်ခန့် အား တွေ့ရှိခဲ့သည်။

မေးမြန်းချက်များအရ ဇရပ်ဆိပ်ကျေးရွာနေ ခင်မောင်ထွေး(ဘ) ဦးလွန်းရွှေနှင့် နေဆန်းအောင်(ဘ) ဦးဉာဏ်ဝင်းတို့သည် ၎င်းတို့၏ တူဖြစ်သူ ကိုဗစ်နှင့်အတူ ဇွန် ၁ဝ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် မလိကျွန်းသို့ သွားရောက်စဉ် ရေတံခွန်ကြီး အော်ရှေ့နေရာသို့ အရောက်၌ ရေတွင်မျောပါလာသော ဆာလာအိတ်တစ်ထုပ်ကို တွေ့ရှိရသဖြင့် လှေပေါ်သို့ ဆွဲတင်၍ ဖွင့်ဖောက်ကြည့်ခဲ့ရာ ဆာလာအိတ်အတွင်းမှ (DAGUANYIN) စာတန်းပါ တရုတ်ကော်ဖီကြော်ငြာတံဆိပ်   ရိုက်နှိပ်ထားသည့် အထုပ်ငယ်များအား တွေ့ရှိခဲ့ပြီး ကျန်အထုပ်ငယ်များအား ရေထဲသို့ ပစ်ချထားခဲ့ပြီး ၎င်းတို့အထဲမှ အထုပ်ငယ် တစ်ထုပ်အား ရွာသို့ ပြန်လည်ယူဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၎င်းအထုပ်ငယ်များ ပစ်ချထားခဲ့သော ရေပြင်တစ်ဝိုက်အား ရှာဖွေရေးဆောင်ရွက်ခဲ့ရာ ညနေပိုင်းတွင် အလားတူ (ICE) အမျိုးအစား မူးယစ် ဆေးဝါးထုပ်များ ၂၇ ဒသမ ၉၁ ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၇ဝဝဝ ခန့်) အား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ပုလောမြို့နယ်၊ ပလရဲကင်းစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 23 times Last modified on Thursday, 13 June 2019 09:58