SJ WorldNews - шаблон joomla Авто

သစ်မျိုးစုံ တရားမဝင် သယ်ဆောင်လာသော မော်တော်ယာဉ်ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

Thursday, 13 June 2019 10:01 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သစ်တော ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍  တရားမဝင် သစ်များ ခိုးယူခြင်း၊ ခုတ်လှဲခြင်း၊ သယ်ဆောင်ခြင်း လုပ်ငန်းများကို တားဆီးကာကွယ် ဖော်ထုတ်ဖမ်းဆီး အရေးယူလျက်ရှိရာ ဇွန် ၁၁ ရက်က  တရားမဝင်သစ်မျိုးစုံ  ၃ တန်ကျော် သယ်ဆောင်လာသော မော်တော်ယာဉ်ကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ခရိုင်စစ်ကြောင်း အဖွဲ့မှ တောအုပ်စောဦးနှင့် ဝန်ထမ်းများ၊  ပုလဲမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ထောင်ကုန်းနှင့် ဝန်ထမ်းများ၊ သစ်တောရဲတပ်ဖွဲ့ တပ်ကြပ်ကြီးမြင့်လွင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊   လဲကန်ရဲစခန်းမှ တပ်ကြပ်သိန်းနိုင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ခင်အေးကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးတို့ ပူးပေါင်းပါဝင်သော အဖွဲ့သည်  ပုလဲမြို့နယ်  ခင်အေးကျေးရွာ၏ အနောက်ဘက်တစ်မိုင်ခန့် အကွာ  ပုလဲ-ဂန့်ဂေါကားလမ်း မိုင်တိုင်အမှတ် (၆၄/၃)နှင့် (၆၄/၄)အကြားတွင်   ရပ်တန့်ထားသော အနီရောင် A6  အမျိုးအစား ယာဉ်အမှတ် MDY-7C/---- မော်တော်ယာဉ်ပေါ်သို့ သတင်းအရ တက်ရောက် ရှာဖွေရာ တရားမဝင် ကျွန်းသစ်တစ်တုံး(သုည ဒသမ ၂၂၅၆ တန်)၊ ပျဉ်းကတိုးသစ် ၁၆ တုံး (၂ ဒသမ ၃၇၈ဝ တန်)နှင့် အင်ကြင်းသစ်  ၉ တုံး (၁ ဒသမ၁၄၄၂ တန်)စုစုပေါင်း တရားမဝင်သစ်မျိုးစုံ ၂၆ တုံး (၃ဒသမ ၇၄၇၈ တန်)ကို  ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။   

အဆိုပါ  ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သော တရားမဝင် သစ်မျိုးစုံ ၂၆ တုံး(၃ဒသမ ၇၄၇၈ တန်)နှင့် အနီရောင်မော်တော်ယာဉ်ကို ပုလဲမြို့နယ် ခင်အေးဘိနယ် (၅၉)မိုင် သစ်တောစခန်းသို့   သယ်ဆောင်၍ ထိန်းသိမ်း ထားရှိခဲ့ကြောင်းနှင့် ပိုင်ရှင်အား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး စုံစမ်းလျက်ရှိကြောင်း သိရသည်။

Read 10 times Last modified on Thursday, 13 June 2019 10:02