SJ WorldNews - шаблон joomla Авто

ကျွန်းစုမြို့နယ် ငမန်းချောင်းတောင် ကျေးရွာ ချောင်းအတွင်း၌ ခရီးသည်တင် စက်လှေတစ်စင်း မီးလောင်မှုဖြစ်ပွား

Thursday, 13 June 2019 10:13 font size decrease font size decrease font size increase font size increase font size

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ကျွန်းစုမြို့နယ် ကံမော်ကျေးရွာအုပ်စု ငမန်းချောင်းတောင် ချောင်းအတွင်းရှိ  တံတား၌ ဇွန် ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်က ဆိုက်ကပ်ထားသည့် ခရီးသည်တင် စက်လှေတစ်စင်း ဝါယာရှော့ခ်ဖြစ်၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း  မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ ကျွန်းစုမြို့နယ် ကံမော်ကျေးရွာ အုပ်စုငမန်းချောင်းတောင် ကျေးရွာနေ ဦးဌေးအောင် ပိုင်ဆိုင်သော အလျား ၅၇ ပေ၊ အနံ၁၅ပေ၊ စောက်ခြောက်ပေ  မစ်ဆူဘီရှီအမျိုးအစားခြောက်လုံးထိုး မြင်းကောင်ရေ ၁၆ဝအား ဝမ်းထိုင် တပ်ဆင်ထားသည့်  အောင်မြတ်မင်း အမည်ရှိ ငမန်းချောင်းတောင်-မြိတ်ပြေးဆွဲနေသော ခရီးသည်တင် စက်လှေသည် ၎င်းကျေးရွာချောင်းအတွင်း ဦးဟန်ဝင်းအောင်၏ နေအိမ်တံတား၌ ဆိုက်ကပ်၍  စက်ဆရာဖြစ်သူ မောင်ကျော်ဇင်ထိုက်နှင့် လှေသားများဖြစ်ကြသော မောင်အေးဇင်၊ မောင်ညီညီဇော်၊ မောင်နိုင်နိုင်တို့နှင့် ဦးဟန်ဝင်းအောင်၏ အလုပ်သမားဖြစ်သူ ဦးမဲတုန်းတို့က ဦးဟန်ဝင်းအောင်ပိုင် ကုန်ပစ္စည်းများအား  စက်လှေပေါ်သို့ တင်နေကြစဉ်   စက်လှေ၏ စက်ခန်းအတွင်းမှ ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းရာ ကျွန်းစုမြို့နယ် မီးသတ်ဦးစီးမှူး ဦးဝင်းဇော်မိုးနှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၂၄ ဦးတို့နှင့်အတူ ကျေးရွာနေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ခြင်းကြောင့် မွန်းလွဲ ၁ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့်  ခရီးသည်တင် စက်လှေ၏ လှေပဲ့ပိုင်းနှင့် မစ်ဆူဘီရှီ ခြောက်လုံးထိုး မြင်းကောင်ရေ ၁၆ဝ အား စက်တစ်လုံး၊ စက်မောင်းဆီ(ဒီဇယ်ဆီ) နှစ်ပီပါခန့် စုစုပေါင်းတန်ဖိုးငွေ ကျပ်သိန်း ၄ဝ ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး လူ၊ တိရစ္ဆာန်ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စက်ဆရာဖြစ်သူ ကျော်ဇင်ထိုက်အား ကံမော်နယ်မြေ ရဲစခန်းက (ပ)အမှတ် ၂၃/၂ဝ၁၉၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ 

Read 24 times Last modified on Thursday, 13 June 2019 10:16