SJ WorldNews - шаблон joomla Авто

လူသားတို့၏ မျက်စိဖြင့် မြင်နိုင်သော အရာတို့သည်  မှန်တကယ် လိုအပ်သော အရာများမဟုတ်ဘဲ နှလုံးသားနှင့် ပိုင်းခြားဝေဖန်တတ်မှသာ အမှန်တကယ် လိုအပ်သော အရာများကို သိမြင်နိုင်မည်ဖြစ်ကြောင်း အဆိုအမိန့်ရှိခဲ့ဖူးသည်။

နေ့စဉ်သတင်းများတွင် ရွှေအတု၊ ငွေစက္ကူအတု၊ စာရွက်စာတမ်းအတုတို့ဖြင့် လိမ်လည်မှုများ၊ ဝန်ထမ်း အတုဖြင့် စာနာမှုကင်းသော လှည့်ဖျားမှုများ ပြုလုပ်ကြကြောင်း တွေ့ရသည်။ ရန်ကုန်တိုင်းဒေသကြီး ဒလ မြို့နယ်သို့ မြေဂရန်အတု၊ ပါမစ်အတုများ လာရောက်ရောင်းချ သူများအား စက်တင်ဘာ ၁၂ ရက်တွင် ဖမ်းဆီး ရမိရာ ၄င်းတို့ထံမှ မော်တော်ယာဉ် နှစ်စီးနှင့်အတူ နှစ် ၆ဝ မြေဂရန်အတုများ၊ ပါမစ်အတုများနှင့် အတုပြု လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများကိုပါ သိမ်းဆည်းရမိကြောင်း သိရသည်။ အဆိုပါ အတုပြုလုပ် ရောင်းချသူများသည် မြေကွက်အလွတ်များကို လိုက်လံကြည့်ရှုပြီး  ချုံထူနေသော မြေကွက်များ၏ အနီးအနားတွင် ပိုင်ရှင်မရှိဟု ယူဆကြသည်။ ထို့နောက် ယင်းမြေကွက်၏ ဇာစ်မြစ်နှင့် မြေကွက်နံပါတ်ကို စုံစမ်း၍ ပုံစံတူ ပါမစ်ထုတ်ကာ ကာလပေါက်ဈေးထက် လျှော့ရောင်းပြီး စရန်ငွေရသည်နှင့် ၄င်းတို့ ပျောက်သွားကြသည်။ ဒလ မြို့နယ်အတွင်း အိမ်ခြံမြေဈေးမှာ ပေ ၅ဝ ပတ်လည် မြေကွက်တစ်ကွက်လျှင် ယခင်က ငွေကျပ်သိန်း ၈ဝဝ၊ ၉ဝဝ ရှိရာမှ ယခုအချိန်တွင် ငွေကျပ်သိန်း ၆ဝဝ ကျော်သာရှိနေသည့် အချိန် ယခင်လအတွင်းက စာရွက်စာတမ်း အတုဖြင့် ရောင်းချသူများ ဒလသို့ရောက်လာပြီး မြေကွက်တစ်ကွက်ကို ငွေကျပ်သိန်း ၄ဝဝ ဖြင့် အပြီးငွေချေရန် ပြောဆို ရယူသွား ခဲ့ဖူးသည်။ ၄င်းအဖွဲ့သည် လှိုင်သာယာ၊ ပဲခူးနှင့် မန္တလေးမြို့တို့တွင်လည်း အလားတူ စာရွက်စာတမ်း အတုများဖြင့် လိမ်လည် ရောင်းချခဲ့ဖူးကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အောင်လံမြို့မှ မီးသွေးကုန်သည် တစ်ဦးသည် မီးသွေးများကို သက်ဆိုင်ရာခွင့်ပြု မျှောစာဖြင့် အောင်လံမှ ရန်ကုန်သို့တင်ပို့လျက်ရှိရာ အောင်လံမြို့တွင် နေထိုင်သူငါးဦးက ၄င်းတို့သည် ပြည်သူ့ဝန်ထမ်း၊ မှုခင်းသတင်းထောက်များ၊ မှုခင်းသတင်း တပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့တို့မှ ဖြစ်ကြောင်းပြောဆိုပြီး သတင်းထောက်ကတ်ပြားကို ထုတ်ပြကြသည်။ ထို့နောက် မီးသွေးအရောင်းအဝယ် လုပ်ကိုင်ခြင်းသည် အများ ပြည်သူနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်သည့် ဥပဒေ(၃)အရနှင့် ဥပဒေများအရ ထောင် ၁ဝ နှစ်ကျနိုင် ကြောင်း၊ ၄င်းတို့အဖွဲ့က အရေးယူလျှင် ဒုက္ခရောက်သွားနိုင်ကြောင်း၊ လစဉ်ဆက်ကြေးပေးလျှင် တိုင်တန်းမှုမပြု လုပ်ကြောင်း ခြောက်လှန့်ပြောဆိုကြသဖြင့် မီးသွေးကုန်သည်က ၄င်းတို့အား တစ်လလျှင် တစ်ကြိမ် ငွေကျပ် ၅ဝဝဝဝ စီပေးခဲ့ကြောင်း၊ သြဂုတ် ၃ဝ ရက် နေ့လယ်ပိုင်းတွင် မီးသွေးကုန်သည်သည် စက်ရုံရပ်ကွက် ပြည်လမ်းရှိ လက်ဖက်ရည်ဆိုင်၌ မိတ်ဆွေအလုပ်သမားအချို့နှင့်အတူ လက်ဖက်ရည်သောက်နေစဉ် ၄င်းတို့ ထဲမှ လေးဦးရောက်လာပြီး ယခင်အတိုင်း ခြောက်လှန့်ပြော ဆို၍ ငွေကျပ် ၁၂ဝဝဝဝ ကို အမြန်အဆင်ပြေ အောင်လုပ်ပေးရန် ပြောသဖြင့် ပေးလိုက်ရကြောင်း၊ ထို့နောက် အသိမိတ်ဆွေများအား မေးမြန်းရာမှ ၄င်းတို့ သည် ပြည်သူ့ဝန်ထမ်းများ မဟုတ်သဖြင့် ဆောင်ရွက်ခွင့် မရှိကြောင်း သိရပြီး အောင်လံမြို့မ ရဲစခန်းသို့ စက်တင်ဘာ ၆ ရက် ည ၆ နာရီတွင် လာရောက်တိုင်တန်းကြောင်း သိရသည်။ ထို့ကြောင့် ပြည်သူ့ဝန်ထမ်း အယောင်ဆောင်ပြီး သတင်းထောက်ကတ် ထုတ်ပြခြိမ်းခြောက် ငွေတောင်းခံခဲ့သည် ဆိုသော လူငါးဦးတို့အား အောင်လံမြို့မရဲစခန်းက အမှုဖွင့်၍ ပုဒ်မ ၃၈၉၊ ၁၁၄၊ ၁၇ဝ တို့ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် လမ်းတံတား တည်ဆောက်ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော လမ်းအဖွဲ့များ၊ တာဝန်ရှိသူများနှင့် ဌာနအကြီးအကဲများ အတွက် အရေအတွက် အကန့်အသတ်ဖြင့် ထုတ်ပေးထားသည့် လမ်းတံတား အသုံးပြုခွင့်ကတ်များကို အတုပြုလုပ်၍ အွန်လိုင်းမှ တစ်ဆင့်ရောင်းချနေကြောင်း သိရသည်။ ထို့ကြောင့် လမ်းတံတား အသုံးပြုခွင့် ကတ်အတု လက်ဝယ်ရှိသူများ အနေဖြင့် လက်ဝယ် ရှိသော ကတ်အတုများကို အမြန်ဆုံးဖျက်ဆီးကြရန်နှင့် လက်ဝယ်တွေ့ရှိပါက နီးစပ်ရာရဲစခန်းသို့ခေါ်ဆောင် ၍ တည်ဆဲဥပဒေ များအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်ကြေညာ အသိပေးထားကြောင်း သိရသည်။ ထို့ပြင် မန္တလေးမြို့ရှိ စီးပွား ရေးလုပ်ငန်းရှင်များနှင့် ပြည်သူများအနေဖြင့် စည်ပင်ဝန်ထမ်းများ၏ တရားမဝင် ငွေကြေးတောင်းခံမှုနှင့် အယောင်ဆောင် ဝန်ထမ်းများကို တွေ့ရှိပါက မြို့နယ်အလိုက် အခွန်ဌာနမှူးများထံသို့ တိုက်ရိုက်ဆက်သွယ် အကြောင်းကြားနိုင်သည့် တယ်လီဖုန်း နံပါတ်များကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက မီဒီယာများ၌ ဖော်ပြထားကြောင်း တွေ့ရသည်။

ထို့ကြောင့် လူသားတို့၏ မျက်စိဖြင့် မြင်နိုင်သော အရာခပ်သိမ်းသည် အမှန်တကယ် လိုအပ်သောအရာ များမဟုတ်သကဲ့သို့ နားဖြင့်ကြားရသော အသံအားလုံးသည်လည်း အမှန်ဖြစ်သည်ဟု ယုံကြည်မှတ်ယူကြရန် မဟုတ်ဘဲ နှလုံးသားရှိသောလူသားတိုင်း ပိုင်းခြားဝေဖန်တတ်ကြဖို့ လိုအပ်ကြောင်း နည်းလမ်းကောင်းကို မြဝတီက ထပ်လောင်းဖော်ပြ လိုက်ရပါသည်။

Page 1 of 29