SJ WorldNews - шаблон joomla Авто

သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းခို

Sunday, 07 January 2018 09:01 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက်ဒေသ၌ နေထိုင်ကြပြီး စိုက်ပျိုးရေး လုပ်ငန်းနှင့် ဆက်နွှယ်သော လုပ်ငန်းများဖြင့် ဘဝရပ်တည် နေကြသည်။

ကျေးလက်နေ ပြည်သူများ၏ နေထိုင်စားသောက်ရေးကို သစ်တောကြီးများက အကျိုးပြုလျက် ရှိသည်။ သဘာဝ သစ်တောကြီးများမှ အိမ်သုံးသစ်၊ တိုင်၊ မျော၊ ဝါး၊ ဓနိ၊ သက်ငယ် စသည့် လူတို့နေထိုင်စရာ အဆောက်အအုံသုံး ပစ္စည်းများ ထုတ်လုပ်ပေးသည်။ စားသောက်ဖွယ်ရာအသီး၊ အရွက်၊ သစ်မြစ်၊ သစ်ဥ၊ သစ်ဖုနှင့် ဆေးဖက်ဝင် အပင်များ ထုတ်လုပ်ပေးသည်။

သစ်တောများကို ကာကွယ်ထိန်းသိမ်းပေးခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် လာစေပြီး မြစ်၊ချောင်း၊ အင်း၊ အိုင်များနှင့် ဆည်တမံ စသည့် ရေအရင်းအမြစ်များ ကောမသွားစေရန် ထိန်းညှိပေးသည့် အကျိုးရရှိပြီး ရာသီဥတု ပိုမိုကောင်းမွန် လာစေခြင်း ကြောင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးကို အဓိက အထောက်အကူ ရရှိစေသည်။

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဧရိယာသည် ၂ဝ၁ဝ ပြည့်နှစ် စာရင်းများ၌ ၄၆ ရာခိုင်နှုန်းခန့်သာ ရှိတော့ကြောင်း တွေ့ရသည်။ ယခုအချိန်၌ သစ်တောများ ပြန်လည်ပြုစု ပျိုးထောင်ရေးနှင့် ထိန်းသိမ်းရေးကို အရှိန်မြှင့် ဆောင်ရွက်နေပြီ ဖြစ်သည်။ လုပ်ငန်း ဆောင်ရွက်ချက် များအနေဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် မှစ၍ ပဲခူးရိုးမ ဒေသမှ သစ်ထုတ် လုပ်မှုကို ၁ဝ နှစ် ရပ်ဆိုင်းထားပြီး အခြားဒေသများမှ သစ်ထုတ်လုပ်မှုကို ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ် မှစ၍ နှစ်စဉ်သစ်တောထွက် ပမာဏ သတ်မှတ်ချက် မူဘောင်နှင့်အညီ လျှော့ချ ထုတ်လုပ်ရန် စီမံထားသည်။ နိုင်ငံတော် အစိုးရက သစ်တောများ ပြန်လည် တည်ထောင်ရေး စီမံကိန်းကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှ ၂ဝ၂၆-၂ဝ၂၇ ခုနှစ်အထိ ရေးဆွဲ၍ သစ်တောပြုန်းတီး သွားသည့်နေရာများနှင့် သစ်တော အတန်းအစား ကျဆင်းသွားသော နေရာများ၌ သစ်တော စိုက်ခင်း ပြုစု ထိန်းသိမ်းရေး လုပ်ငန်းများကို ခရိုင် ၈၁ ခရိုင်၌ သစ်တောဦးစီးဌာနက ဆောင်ရွက်နေကြောင်း သိရသည်။

သစ်ပင်သစ်တော များက သက်ရှိတို့အတွက် အကျိုးပြု နေကြရာတွင် သစ်ပင်တစ်ပင်သည် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ကို စုပ်ယူမှုမှာ နေ့စဉ်ပျမ်းမျှ ၅ဝ၂၃ ဂရမ်ရှိပြီး လူသားတို့ အသက်ရှူရန် အောက်ဆီဂျင်ဓာတ်ကို ပြန်လည် ထုတ်လွှတ်ပေးသည်။ အပူပိုင်းဒေသ၌ ပေါက်ရောက်သော သစ်ပင်တစ်ပင်သည် မိုးရေဂါလန် ၅ဝဝ မှ ၇ဝဝ အထိ ထိန်းထားနိုင်ပြီး အရွယ်ရောက် အမြဲစိမ်း သစ်ပင်တစ်ပင်၏ မိုးရေ စုပ်ယူနိုင်မှုမှာ တစ်နှစ်လျှင် ပျမ်းမျှဂါလန် ၄ဝဝဝ အထိ စုပ်ယူနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ သစ်တောများ ပြုန်းတီးရသည့် အကြောင်းရင်းများမှာ တရားမဝင် သစ်ခိုးထုတ်သူများက နည်းလမ်းမျိုးစုံဖြင့် ခိုးထုတ်၍ ကုန်းကြောင်း၊ ရေကြောင်းတို့မှ တရားမဝင် သယ်ယူသွားကြပြီး တစ်ဖက်အိမ်နီးချင်း နိုင်ငံများ၌ ရောင်းချနေကြခြင်းကြောင့် ဖြစ်သည်။ ထင်ရှားသော သာဓက အနေဖြင့် ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ သစ်အချောထည် စက်ရုံဟောင်း ခြံဝင်းအတွင်း ချုံနွယ် ပိတ်ပေါင်းများ ဖုံးအုပ်နေသည့် ဂိုဒေါင် အပြင်ဘက်၌ တရားမဝင်သစ်များ တင်ဆောင် ထားသည့် ၁၂ ဘီးမော်တော်ယာဉ်နှစ်စီး၊ ဂိုဒေါင်အတွင်း၌ တရားမဝင်သစ်များ တင်ဆောင်ထားသည့် ၁၂ ဘီးမော်တော်ယာဉ် သုံးစီးနှင့် ပါဂျဲရိုး မော်တော်ယာဉ် တစ်စီးတို့အား နယ်မြေခံတပ်မှ နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းက ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် ညနေ ၃ နာရီခန့်က တွေ့ရှိသဖြင့် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် မိုးမောက်မြို့နယ် သစ်တောဦးစီး ဌာနသို့ အပ်နှံလိုက်သည်။

တပ်မတော်က နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင် လျက်ရှိရာတွင် နိုင်ငံတော်၏ သယံဇာတ ပစ္စည်းများအား ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ နိုင်ငံတော်၏ ဒီမိုကရေစီ တည်ဆောက်ရေးနှင့် ပြည်သူ့အကျိုး စီးပွား ဖော်ဆောင်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် နယ်မြေဖွံ့ဖြိုး တိုးတက်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည်တို့ကို ပါဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မံဝိန်းကြီး တိုက်နယ် ဒေသအတွင်း KIA အကြမ်းဖက် သောင်းကျန်းသူများက မြန်မာ့အဖိုးတန် သယံဇာတများနှင့် သစ်များကို တစ်ဖက်နိုင်ငံသို့ တရားမဝင်ခိုး ထုတ်သည့် လုပ်ငန်းများ လုပ်ကိုင်နေကြသည်။ ယနေ့အချိန်တွင် KIA အကြမ်းဖက် သောင်းကျန်းသူတို့၏ အဓိက စခန်းများအား တပ်မတော်က သိမ်းပိုက်လိုက်ရာ အခိုင်အမာ တည်ဆောက်ထားသည့် ကတုတ်ကျင်းများ အတွင်းမှ ဆက်ကြေးကောက်ခံရာတွင် အသုံးပြုသည့် ပြေစာဖြတ်ပိုင်းနှင့် လယ်ဂျာစာအုပ်များ၊ လက်နက်ငယ်များနှင့် ခဲယမ်းများ သိမ်းပိုက် ရရှိသည်။ ၄င်းစခန်းများအား သိမ်းပိုက် ရရှိခြင်းအားဖြင့် မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်အတွင်းမှ တရားမဝင် ဖြတ်သန်း၍ မြန်မာ့အဖိုးတန် သယံဇာတများနှင့် သစ်များကို တစ်ဖက်နိုင်ငံသို့ တရားမဝင် ခိုးထုတ်မည့် အဓိကလမ်းကြောင်း နေရာတစ်ခုကို တပ်မတော်က ပိတ်ဆို့ ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။

သစ်ပင်သစ်တော များသည် လူသားအားလုံးနှင့် ဇီဝမျိုးစုံ မျိုးကွဲများအတွက် သဘာဝက ပေးသော လက်ဆောင်ကောင်း တစ်ခုဖြစ်သည်ကို ဒေသခံပြည်သူ အားလုံးတို့ အနေဖြင့် သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းခို ဟူသော ဆိုရိုးစကား နှင့်အညီ ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရ ပါသည်။ ။

Read 174 times Last modified on Sunday, 07 January 2018 09:02