SJ WorldNews - шаблон joomla Авто

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ဝိုင်းဝန်းကြိုးပမ်း

Tuesday, 09 January 2018 08:48 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ ပွင့်လင်းရာသီသို့ ရောက်ချိန်၌ ခရီးသွားလုပ်ငန်းများနှင့် သက်ဆိုင်သော သတင်းများ တွေ့ရသည်တွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ရန်ကင်းစံရာကျေးရွာ ဧရာဝတီမြစ် ကမ်းဘေးရှိ ညောင်ချောင်းသာ အပန်းဖြေစခန်းသို့ ယခုရက်ပိုင်းအတွင်း ပြည်တွင်းပြည်ပ ခရီးသွားများဖြင့် စည်ကားနေကြောင်း သိရသည်။ ညောင်ချောင်းသာ အပန်းဖြေစခန်းသည် လွန်ခဲ့သော ငါးနှစ်ခန့်မှစ၍ ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်တို့ ဆုံတွေ့ကြရာ၌ ပွင့်လင်းရာသီတွင် သဘာဝအလျောက် ဖြစ်ပေါ်လာသည့် သဲသောင်ပြင်နှင့်မြစ်တို့၏ မာယာအတိုင်း ကွေ့ကောက်စီးဆင်းနေသော သဘာဝရှုခင်းများက ဧည့်သည်တို့အတွက် ကြည်နူးဖွယ်ဖြစ်သဖြင့် သင်္ကြန်ရက်များတွင် လာရောက် အပန်းဖြေကြသူများကြောင်း သိရသည်။

ညောင်ချောင်းသာကမ်းခြေသို့ လာရောက်ကြသော ပြည်တွင်းခရီးသွားများမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှပြည်သူများ နေ့ချင်းပြန် လာရောက် လည်ပတ်ကြသူများ ဖြစ်သည်။ ၂ဝ၁၆ ခုနှစ်က အပန်းဖြေစခန်းတွင် ဈေးဆိုင်ခန်းများ ဆောက်လုပ်ပြီး နေရာချထားပေးခြင်းနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများ ကြီးကြပ်ခွင့်ပြုပေးခြင်းတို့အတွက် ရန်ပုံငွေကျပ်သိန်း ၁၁ဝဝ ကျော်ရရှိခဲ့ပြီး ယခုနှစ်တွင် ဝန်ဆောင်မှု လုပ်ငန်းများကို ယခင်နှစ်ကထက် ပိုမိုခွင့်ပြုပေးထားသဖြင့် ရန်ပုံငွေကျပ်သိန်းပေါင်း ၁၂၅ဝကျော်ရရှိထားကြောင်း ညောင်တုန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အလားတူ ချင်းပြည်နယ်အတွင်းရှိ အမှတ်တရ နေရာများသို့ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ လာရောက်လေ့လာ လည်ပတ်လျက်ရှိကြရာ ၂ဝ၁၆ ခုနှစ်တွင် ပြည်ပခရီးသွားဧည့်သည် ၁၈ဝဝ ကျော်နှင့် ပြည်တွင်းခရီးသွား ဧည့်သည် ၅ဝဝဝ ကျော် လာရောက်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် ပြည်ပခရီးသွား ဧည့်သည် ၂ဝဝဝ ကျော်နှင့် ပြည်တွင်းခရီးသွား ဧည့်သည် ၇ဝဝဝ ကျော် လာရောက်လည်ပတ်ကြောင်း သိရသည်။ ပြည်ပခရီးသွား ဧည့်သည်အများစုသည် မကွေးတိုင်းဒေသကြီး ဂန့်ဂေါ-ကျောက်ထုလမ်းဘက်မှ ချင်းပြည်နယ်သို့ ဝင်ရောက်လာသူများနှင့်  စစ်ကိုင်းတိုင်း ဒေသကြီး  ကလေးဘက်မှ ဝင်ရောက်လာကြခြင်း ဖြစ်သည်။ ပြည်ပခရီးသွား ဧည့်သည်များသည် ချင်းပြည်နယ်၏ အထင်ကရနေရာဖြစ်သော အသည်းနှလုံး ပုံသဏ္ဌာန်ရှိသည့် ရိဒ်ရေကန်နှင့် ဝိတိုရိယတောင်ဟုခေါ်သော ခေါနူးစုမ်တောင်၊ နတ်မတောင် အမျိုးသားဥယျာဉ်နှင့် ဘုံတလာရေတံခွန်တို့သို့ သွားရောက် လေ့လာကြသည်။ ထို့ပြင် ကန်ပက်လက်မြို့နယ် အတွင်းရှိ ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်လျက်ရှိသော ဆော်လော်ကျေးရွာသို့ ခရီးသွားဧည့်သည် အလာများကြောင်း သိရသည်။

ယနေ့အချိန်တွင် ကျေးရွာအခြေပြု ဆော်လော်ကျေးရွာ ခရီးသွားလုပ်ငန်းအပြင် နယ်ချဲ့တော်လှန်ရေး ဆင်နွှဲခဲ့သော ချင်းတိုင်းရင်းသား ခေါင်းဆောင်ဗိုလ်ဆွန်ပက်၏ ကျေးရွာဖြစ်သည့် ဖလမ်းမြို့နယ်မှ တာရွှန်းကျေးရွာနှင့် တီးတိန်မြို့နယ် လိုင်လိုးကျေးရွာ တို့ကိုလည်း ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်နေပြီဖြစ်သည်။ ခရီးသွားဧည့်သည်များသည် ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်နေသော ကျေးရွာရှိ ပြည်သူများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ဝတ်စားဆင်ယင်မှု၊ နေထိုင်စားသောက်မှုနှင့် အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတို့ကို အထူးစိတ်ဝင်တစား လေ့လာကြသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမှ ၂ဝ၁၇ ခုနှစ်အတွင်း ပြည်တွင်းခရီးစဉ်များ အနက်  ပြည်တွင်းပြည်ပ ခရီးသွားအများဆုံး သွားရောက်ကြသည့် နေရာသည် ပုဂံရှေးဟောင်း ယဉ်ကျေး မှုနယ်မြေဖြစ်ကြောင်း သိရပြီး အခြား ခရီးစဉ်များမှာ ကလော၊ တောင်ကြီး၊ အင်းလေး၊ ဘားအံ၊ ငွေဆောင်၊ သံတောင်ကြီး၊ သီပေါ၊ ချောင်းသာ၊ ငပလီ၊ ဂေါ်ရန်ဂျီကျွန်း၊ လွိုင်ကော်၊ မန္တလေးနှင့်ပြင်ဦးလွင်တို့ဖြစ်သည်။ အဆိုပါခရီးစဉ်များ၌ ပြည်ပခရီးသွား ဧည့်သည်များမှာ သဘာဝခရီးသွား ဧည့်သည်၊ သမိုင်းယဉ်ကျေးမှု သုတေသီ ဧည့်သည်နှင့် အခြားစီးပွားရေး၊ လူမှုရေးဆိုင်ရာ လေ့လာရေးဧည့်သည်တို့ ပါဝင်ကြပြီး ပြည်တွင်းခရီးသွားများမှာ ဘုရားဖူးဧည့်သည်နှင့် ဒေသန္တရဗဟုသုတအဖြစ် လေ့လာလည်ပတ်ကြသူများဖြစ်သည်။

ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များအား ဆွဲဆောင်မှုရှိသော သဘာဝလိုဏ်ဂူတစ်ခုကို ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်မှ ၁၂ မိုင်အကွာရှိ လင်းဝေးရွာတွင်   ယခုရက်ပိုင်းအတွင်း တွေ့ရှိထားကြောင်း သိရသည်။ အသစ်တွေ့ရှိထားသော သဘာဝလိုဏ်ဂူသည် အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် တွေ့ရှိပြီးသော သဘာဝလိုဏ်ဂူများနည်းတူ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအား ဆွဲဆောင်မှုရှိမည့်အပြင် မြန်မာတို့၏သမိုင်းနှင့် ယဉ်ကျေးမှုတန်ဖိုးကိုပါ မြှင့်တင်ပေးနိုင်မည်ဖြစ်သဖြင့် ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်း ကြရမည်ဖြစ်သည်။

သို့ဖြစ်၍ မြန်မာနိုင်ငံ၏ အတိတ်သမိုင်းနှင့် မျက်မှောက်ခေတ်ကို ကမ္ဘာကသိအောင် လူသတင်းလူချင်းဆောင်သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကို အားလုံးဝိုင်းဝန်း ကြိုးပမ်းကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ ။

Read 126 times Last modified on Tuesday, 09 January 2018 08:49