SJ WorldNews - шаблон joomla Авто

ခြောက်သွေ့ရာသီနှင့် သင့်လေးသင့် ခွန်းဆင့် သတိပေး

Thursday, 11 January 2018 09:49 font size decrease font size decrease font size increase font size increase font size

ခြောက်သွေ့ရာသီသို့ ကူးပြောင်းရောက်ရှိသည်နှင့် သာမန်ထက်ပို၍ သတိထားရမည့် မီးဘေးအန္တရာယ် ကြုံတွေ့ရသည့် သတင်းကို စတွေ့ရသည်။စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ စက်မှုဇုန်ရပ်ကွက် ၄၁ လမ်း နယ်မြေ(၁)ရှိ ဝါဂွမ်းဖြတ်စညှပ်စများ သိုလှောင်ထားသော ပစ္စည်းသိုလှောင်ရုံ အတွင်း၌ နှစ်ပေမီးချောင်းချုပ်နှင့် ဂွမ်းဖြတ်စတို့ နီးနီးကပ်ကပ် ထားရာမှ ဇန်နဝါရီ ၅ ရက် ညနေ ၅ နာရီခွဲတွင် အပူလွန်ကဲပြီး ဂွမ်းစကို မီးစွဲတောက်လောင်သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုဖြစ်ပွားရာသို့ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်နှင့်ကျေးရွာတို့မှ မီးသတ်ကား စုစုပေါင်း ၁ဝ စီး၊ ရေသယ်ယာဉ်နှစ်စီးနှင့် မီးသတ်အင်အား ၁ဝဝ ကျော်တို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၅ မိနစ်အတွင်း  မီးငြှိမ်းသတ်နိုင်လိုက်ကြောင်းနှင့် မုံရွာမြို့၌ ယခုမီးလောင်မှုသည် ၂ဝ၁၈ ခုနှစ်အတွင်း ပထမဆုံးအကြိမ် မီးလောင်မှုဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်  အမှတ်(၃၃)ရပ်ကွက် နီလာလမ်းရှိ ဖိနပ်လုပ်ငန်း လုပ်ကိုင်သည့်အိမ်၌  ဆီမီးပူဇော်ထားသော ဖယောင်းတိုင်သည် ဘုရားစင်အောက်ရှိ ဆီပုံးပေါ်ပြုတ်ကျရာမှ မီးစတင်လောင်ကျွမ်းပြီး လူနေအိမ်သုံးလုံးသို့ ကူးစက်လောင်ကျွမ်း သွားသည့်အပြင် အခြားနေအိမ်နှစ်လုံးမှာ တစ်ခြမ်းစီ မီးကူးစက်လောင်ကျွမ်းသွားသည်။ မီးလောင် မှုဖြစ်စဉ်ကြောင့် မီးစလောင်သော အိမ်မှ အမျိုးသားတစ်ဦးမှာ စိုးရိမ်ရသည့် အနေအထားရှိသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသမှု ခံယူနေကြောင်း သိရသည်။ မီးလောင်မှုဖြစ်စဉ်၌ မီးငြှိမ်းသတ်ယာဉ် ၁၁ စီး၊ အုပ်ချုပ်မှုယာဉ် သုံးစီးနှင့် အထောက်အကူပြု ယာဉ်သုံးစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၆ဝ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၃ဝ ဦးနှင့် သီးသန့်မီးသတ် တပ်ဖွဲ့ဝင် ၁၅ ဦးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ကြသည်။

အထက်ပါဖြစ်စဉ်များ အပါအဝင်   မီးစတင်လောင်ရသည့် အကြောင်းရင်းများမှာ   မီးအသုံးပြုသူတို့၏ ပေါ့ဆမှု၊ ရာသီဥတုပူပြင်းမှု၊ မီးလောင်လွယ်သော အိမ်ဆောက်ပစ္စည်းများ အသုံးပြုမှု၊ လူနေရပ်ကွက်အတွင်း  အိမ်တွင်းစက်မှုလုပ်ငန်းများ ရောထွေးနေမှု၊ လူနေရပ်ကွက်အတွင်း၌ လောင်စာဆီနှင့် မီးလောင်လွယ်သော ပစ္စည်းများ သိုလှောင်ထားရှိမှု တို့ကြောင့်ဖြစ်ကြောင်း တွေ့ရသည်။ မီးလောင်ခြင်းဆိုသည်မှာ အပူနှင့်အလင်းတို့မှ ထွက်ပေါ်လာသည့် ဓာတ်ပြုမှုဖြစ်ပြီး   မီးလောင်ရန် အခြေခံအချက်များမှာ လောင်စာ၊ အောက်ဆီဂျင်နှင့် အပူရှိန်ဟူသော အချက် သုံးချက်ဖြစ်သည်။ ၎င်းတို့အနက်မှ တစ်ခုခုကို ဖယ်ရှားလိုက်လျှင် မီးလောင်မှု ရပ်ဆိုင်းသွားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန   ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနကဖြန့်ဝေသော မီးဘေးပညာပေး စာစောင်၌ ဖော်ပြထားသည်။ နှစ်စဉ် မီးဘေးဖြစ်ပွားလေ့ရှိပြီး ဆုံးရှုံးမှုအနည်းအများသည် မြန်မြန်ဆန်ဆန် မီးငြှိမ်းသတ်နိုင်မှု၊ အဆောက်အအုံများ၏ မီးလောင်နိုင်မှုအခြေအနေ၊ မီးလောင်သည့်နေရာနှင့် လူနေအိမ်ခြေ အစိပ်အကျဲတို့ပေါ် မူတည်သည်။

မီးဘေးအန္တရာယ် မကြုံရစေရန် သတိပြုရမည့် အချက်များမှာ  မီးဖို၊ မီးကြွင်းမီးကျန် မရှိအောင် သတိပြုကြရန်၊ မီးလောင်လွယ်သော ပစ္စည်းများနှင့် လောင်စာဆီများကို မီးဖိုနှင့် လျှပ်စစ်မီးကြိုးများ အနီးတွင်မထားဘဲ ဝေးဝေးထားရန်၊ အိုမင်းမစွမ်းသူများနှင့် ကလေးသူငယ်များ အနေဖြင့် မီးမွှေးခြင်း၊ ထမင်းချက်ခြင်း မပြုရန်၊  ကလေးများအား  မီးခြစ်၊ ဖယောင်းတိုင် စသော မီးလောင်လွယ်သည့် ပစ္စည်းများနှင့်   ဆော့ကစားခြင်း မပြုရန်၊ လူမရှိချိန်တွင် ဖယောင်းတိုင်နှင့် မီးခွက် ထွန်းမထားရန်၊ အိပ်ရာ၊ ခြင်ထောင်၊ နံရံ စသည့် မီးလောင်လွယ်သော နေရာများအနီးတွင် ဖယောင်းတိုင်နှင့် မီးခွက်တို့ကို မထွန်းစေရန်တို့ဖြစ်သည်။

တစ်ဦးချင်းနှင့်မိသားစုများ မိမိတို့အိမ်အတွင်း၌ သတိပြုရမည့် အထက်ပါအချက်များအပြင် ပတ်ဝန်းကျင်နှင့် စပ်လျဉ်း၍  သတိပြုရမည့် အချက်များမှာ အိမ်ပတ်ဝန်းကျင်တွင် အမှိုက်များ ရှင်းလင်းထားရန်၊ လမ်းလျှောက်ရင်း ဆေးလိပ်မသောက်ရန်၊ မီးမငြှိမ်းရသေးသော ဆေးလိပ်များကို စည်းကမ်းမဲ့မပစ်ရန်၊ ဂက်စ်မီးဖို အသုံးပြုချိန်တွင် လေဝင်လေထွက် ကောင်းစေရန်အတွက် ပြတင်းပေါက်များ ဖွင့်ထားရန်တို့ဖြစ်သည်။ လျှပ်စစ်မီး သုံးစွဲရာတွင် လျှပ်စစ်မီးကြိုး အပေါက်အပြဲများကို ကျွမ်းကျင်သူနှင့် ပြင်ဆင်ရန်၊ လျှပ်စစ်မီးပျက်လျှင် လျှပ်စစ်မီးခလုတ်အားလုံးကို ပိတ်ထားရန်၊ အိမ်သုံးလျှပ်စစ်ပစ္စည်း သုံးပါက ခလုတ်ဖွင့်ပြီး ပစ်မသွားရန်တို့ကို သတိရှိကြရမည်ဖြစ်သည်။

မီးဘေးအန္တရာယ်သည် ဥတုသုံးလီ ကြုံတွေ့ရတတ်သဖြင့် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနသည် လူအသင့်၊ ယာဉ်အသင့်၊ ရေအသင့်၊ ဆီအသင့်ဟူသော သင့်လေးသင့်ဖြင့် အမြဲအသင့် ရှိသည့် တိုင်အောင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အတွက်  သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများနှင့်  ပြည်သူများ၏ ပူးပေါင်းပါဝင်မှု လိုအပ်ခြင်းကြောင့်  အားလုံးသတိဝီရိယ ရှိရေး အမြဲစေ့ဆော်ရန် လိုအပ်မည်ဖြစ်ပါသည်။  

Read 231 times Last modified on Thursday, 11 January 2018 09:51