SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ ရငွေနှင့် အသုံးစရိတ် မျှတရေး

Friday, 12 January 2018 09:52 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဘဏ္ဍာရေး ကော်မရှင်(၁/၂ဝ၁၈) ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာ ၉ ရက် နံနက်  ၉ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်အစည်းအဝေး ခန်းမ၌ကျင်းပ၍ ၂ဝ၁၈ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃ဝ ရက်အထိ ပြည်ထောင်စု၏အရ အသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေး အတည်ပြုကြသည်။

မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးနှစ်ကို ဧပြီ ၁ ရက်မှမတ် ၃၁ ရက်အထိ သတ်မှတ်ထားရာမှ  ၂ဝ၁၈ -၂ဝ၁၉ ဘဏ္ဍာနှစ်မှစပြီး   အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃ဝ ရက်အထိ ပြောင်းလဲပြင်ဆင် သတ်မှတ်မည် ဖြစ်သဖြင့် ကူးပြောင်းချိန်ကာလဖြစ်သော ၂ဝ၁၈ ခုနှစ် ဧပြီ ၁ ရက်မှစက်တင်ဘာ ၃ဝ ရက်အထိ ခြောက်လတာ ကာလအတွက် ဌာနအဖွဲ့အစည်းများ၏ အရအသုံး ခန့်မှန်းခြေငွေ စာရင်းကို သီးခြားရေးဆွဲ ဆောင်ရွက်ခြင်း ဖြစ်သည်။ တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွက် လိုငွေကို ပြည်ထောင်စုက ဖြည့်ဆည်းပေးရာတွင် ခြောက်လတာကာလအတွက်သာ ဖြစ်သည့် အတွက် မေခရိုစီးပွားရေးညွှန်းကိန်းများကို အသုံးပြုပြီး တွက်ချက်ခြင်း မဟုတ်ဘဲ ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ်၏ ပြည်ထောင်စုမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထောက်ပံ့ပေးခဲ့သည့် ပမာဏ၏ ၅ဝ ရာခိုင်နှုန်းကို ထောက်ပံ့ငွေအဖြစ် သတ်မှတ်ပေးမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ရှင်းလင်းပြောကြားချက်အရ သိရသည်။

ယခုအစည်းအဝေးသို့ တင်သွင်းလာသည့် ၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ  ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်း၌ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ရေးဆွဲတင်ပြလာသည့် အရအသုံးခန့်မှန်းခြေ ငွေစာရင်းမှာ စုစုပေါင်းရငွေကျပ် ၃၇၆ ဒသမ ၇၄၃ ဘီလီယံရှိပြီး စုစုပေါင်း အသုံးစရိတ်ငွေကျပ် ၁၂၃ဝ ဒသမ ၅၃၃ ဘီလီယံနှင့် လိုငွေကျပ် ၈၅၃ ဒသမ ၇၉ဝ ဘီလီယံဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ငွေလုံးငွေရင်း အသုံးစရိတ်များမှ စိစစ်လျှော့ချမှုများမှာ ငွေကျပ် ၃၄ ဒသမ ၇၁၃ ဘီလီယံဖြစ်သဖြင့် ငွေလုံးငွေရင်းအသုံးစရိတ် ငွေကျပ် ၁၁၉၅ ဒသမ ၈၂ဝ ဘီလီယံနှင့် လိုငွေကျပ် ၈၁၉ ဒသမ ဝ၇၇ ဘီလီယံဖြစ်ကြောင်း ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ရှင်းလင်းပြောကြားချက်အရ သိရသည်။  ဘဏ္ဍာရေးကော်မရှင်က ရေးဆွဲထားသော ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်းကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု လွှတ်တော်သို့  တင်သွင်း အတည်ပြုချက် ရယူရဦးမည်ဖြစ်သည်။ အစည်းအဝေးသို့ တက်ရောက်လာကြသော ဘဏ္ဍာရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်များက သက်ဆိုင်ရာ တိုင်းဒေသကြီးများနှင့်  ပြည်နယ်များအလိုက် အခွန်အကောက်ရရှိမှု၊ ရငွေ၊ သုံးငွေနှင့် ဘဏ္ဍာငွေ လိုအပ်ချက်များကို အသီးသီး ရှင်းလင်းတင်ပြကြသည်။

မိသားစုတစ်စုတွင်  ဝင်ငွေနှင့်ထွက်ငွေ မျှတစေရန် မိသားစုဝင်များ ဝိုင်းဝန်းကြိုးစားကြရာတွင်  ဝင်ငွေရအောင်ရှာနိုင်သူက ပို၍ရအောင် ရိုးသားကြိုးစားမှုဖြင့်ရှာဖွေကြရသည်။ ဝင်ငွေရအောင် မရှာဖွေနိုင်သူများက မကုန်သင့်သည်ကို မကုန်စေရန်နှင့် အလေအလွင့်မရှိစေရန် ဝိုင်းဝန်းထိန်းသိမ်းကြရသည်။ ထို့အတူ နိုင်ငံတစ်နိုင်ငံ၏ မေခရိုစီးပွားရေး တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန်နှင့် နိုင်ငံတော်၏ ကြွေးမြီပေးဆပ်နိုင်မှု အခြေအနေတို့ကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်အစိုးရ၏ ရငွေ၊ သုံးငွေစာရင်းရှင်းတမ်းတွင် လိုငွေပြမှု ပမာဏကို  GDP တန်ဖိုး၏ ၅ ရာခိုင်နှုန်းထက် မကျော်လွန်စေရန် ထိန်းသိမ်းဆောင်ရွက်ကြရသည်။ နိုင်ငံတော်အစိုးရတို့သည် မိမိတို့ပြည်တွင်းမှာရှိသော ဝင်ငွေရနိုင်သည့် အရင်းအမြစ်များနှင့် မလုံလောက်သောအခါ ပြည်ပအကူအညီဖြင့် ရငွေ၊ ချေးငွေတို့ကို လက်ခံဆောင်ရွက်ကြရပြီး အချိန်ရောက်လျှင် အတိုးနှင့်အရင်းကို ပြန်လည်ပေးဆပ်ရသည်။ ထို့ကြောင့် မိမိတို့ပြည်တွင်း၌ရှိပြီး နိုင်ငံတော်က ပြဋ္ဌာန်း ထားသော ဥပဒေစည်းမျဉ်းများနှင့် အညီ ဝင်ငွေရနိုင်သည့် အရင်းအမြစ်များကို ရှာဖွေဖော်ထုတ်၍ တစ်နှစ်ထက်တစ်နှစ် နိုင်ငံတော်ရငွေ တိုးတက်ရရှိအောင် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တို့က ကြိုးပမ်းကြရမည်ဖြစ်သည်။

ယခုအချိန်တွင် နိုင်ငံတော်က ကောက်ခံသော အခွန်စနစ်များကိုလည်း ပြောင်းလဲသတ်မှတ်ထားသည့် အတိုင်း ပြည်သူများအနေဖြင့် တာဝန်ကျေပွန်အောင် ပေးဆောင်ကြရမည်ဖြစ်သည်။ နိုင်ငံတော် အစိုးရ အနေဖြင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများနှင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများအပါအဝင် ပြည်သူတို့ထံမှ ရသင့်သော အခွန်ငွေ ရရှိမှသာ ပြည်ထောင်စုနှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ ဘဏ္ဍာငွေအရ အသုံးခွဲဝေမှု (BudgetSharing) အချိုးအစားများကို  ယခုထက် ပိုမိုသင့်တင့်မျှတ လာစေရန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုအစိုးရ၏ အသုံးစရိတ်များအနက်မှ ပညာရေးနှင့် ကျန်းမာရေးကဲ့သို့သော အသုံးစရိတ်များကို လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုအသုံးပြုနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံတော်၏ ရငွေနှင့် အသုံးစရိတ် မျှတရေး နိုင်ငံသားအားလုံးက မိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။   

Read 270 times Last modified on Friday, 12 January 2018 09:57