SJ WorldNews - шаблон joomla Авто

ဖြူစင်မျိုးနွယ်ကျင့်မပယ် ဆင်စွယ်မှန်ငြားပိုးမစား

Saturday, 13 January 2018 09:28 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စု စနစ်ဖြင့်ဖွဲ့စည်း တည်ဆောက်ထားသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော်တွင် တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ နေထိုင်လျက်ရှိပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိသည်။ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ခုနှစ်) အခန်း(၁) နိုင်ငံတော် အခြေခံမူများ ပြဋ္ဌာန်းချက်၌ မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့် နိုင်ငံဖြစ်သည်ဟူ၍ လည်းကောင်း၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်သည်ဟူ၍ လည်းကောင်း အသီးသီးပြဋ္ဌာန်းထားသည်။

ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်ကို တိုင်းဒေသကြီးခုနစ်ခု၊ ပြည်နယ်ခုနစ်ပြည်နယ်နှင့် ပြည်ထောင်စု နယ်မြေများဖြင့် ပိုင်းခြားသတ်မှတ်ထားပြီး စစ်ကိုင်းတိုင်းဒေသကြီး၌ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်နယ်၌ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ''ဝ''ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဟူ၍ အသီးသီးပါဝင် ဖွဲ့စည်းထားသည်။ တိုင်းရင်း သားလူမျိုးပေါင်း ၁၃၅ မျိုး နေထိုင်လျက်ရှိသော မြန်မာနိုင်ငံ၏ တည်နေရာသည် လူဦးရေများပြားသော အိမ်နီးချင်း နိုင်ငံများကြား၌ တည်ရှိသဖြင့် ပထဝီနိုင်ငံရေးအရ အရေးပါသော နေရာဖြစ်သည့်အတွက် သမားရိုးကျ မဟုတ်သော ခြိမ်းခြောက်မှုများတွင် ပါဝင်သည့် လူဦးရေ စိမ့်ဝင်ထိုးဖောက်လာမှုနှင့် လူဦးရေမညီမျှမှု ပြဿနာများကို ရင်ဆိုင် ကျော်လွှားနိုင်ရန် လိုအပ်သည်။

ဤသို့သော ပြဿနာများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် တိုင်းရင်းသား ပြည်သူအားလုံးတို့က မိမိတို့၏ တိုင်းရင်းသား အဖြစ်တည်ရှိမှုနှင့် ပိုင်နက်နယ်မြေ တည်တံ့မှုတို့ကို ပြည်ထောင်စု စိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ထားရှိ ကာကွယ်ကြရမည်ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် နယ်စပ် ဒေသ အသီးသီးမှ တိုင်းရင်းသား၊ တိုင်းရင်းသူများအား ဖိတ်ကြားခေါ်ယူ၍ လေ့လာရေး ခရီး စဉ်များကို နှစ်စဉ်စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယခုနှစ် လေ့လာရေးခရီးစဉ်ကို ဇန်နဝါရီ ၉ ရက်မှ ၁၂ ရက်အထိ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ နယ်စပ်ဒေသ အသီးသီးမှ တိုင်းရင်းသား၊ တိုင်းရင်းသူများအား ဖိတ်ကြားခေါ်ယူ၍ လေ့လာရေးခရီးစဉ်များ စီစဉ်ပေးသည့် ရည်ရွယ်ချက် များမှာ တစ်အူထုံ့ဆင်း ညီရင်းအစ်ကို မောင်ရင်းနှမများပမာ ကောင်းမွန် မှန်ကန်သော ခံယူ ချက်ဖြင့် ပြည်ထောင်စု စိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စိတ်ဓာတ်များ ရှင်သန် ခိုင်မာလာစေရန်၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ဝါး ထင်ထင်လေ့လာတွေ့ရှိပြီး လေ့လာရေး ခရီးစဉ်မှ ရရှိသည့် အတွေ့အကြုံကောင်းများကို မိမိတို့ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိရောက်စွာ ပြန်လည် အသုံးချနိုင်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်သည်။

နယ်စပ်ဒေသ တိုင်းရင်းသား လေ့လာရေးအဖွဲ့ဝင်များမှာ ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ် နှင့် ပူတာအိုမြို့နယ်တို့မှ ဂျိန်ဖော့နှင့် ရဝမ်တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရှင်းလက်ဝဒေသတို့မှ ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး၊ ''ဝ''ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ်မှ ရှမ်း၊ ''ဝ''၊ လားဟူ တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ် တို့မှ ပအိုဝ်းတိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦးတို့ အသီးသီး ပါဝင်ကြသည်။

နေပြည်တော်နှင့် ပတ်ဝန်းကျင် လေ့လာရေးခရီး ရောက်ရှိနေကြသော နယ်စပ်ဒေသ တိုင်းရင်းသား လေ့လာရေး အဖွဲ့ဝင်များအား နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ပြည်ထောင်စု ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ဇန်နဝါရီ ၁ဝ ရက် ညနေပိုင်းတွင် တွေ့ဆုံနှုတ်ဆက်စကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံ နှုတ်ဆက်စကား ပြောကြားရာ၌ အမိနိုင်ငံတော်ကြီးအတွင်း တစ်အူထုံ့ဆင်း ညီရင်းအစ်ကို မောင်ရင်းနှမပမာ ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ အတူတကွ နေထိုင်လာခဲ့ကြသည့် ''မြန်မာ'' တည်းဟူသော တိုင်းရင်းသားများ ဖြစ်ကြသည့်အတွက် မြန်မာစိတ်ဓာတ်ကို အခြေခံ၍ ကောင်းမွန် မှန်ကန်သော ခံယူချက်ဖြင့် ပြည်ထောင်စု စိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စိတ်ဓာတ်များ ရှင်သန်ခိုင်မာလာစေရန်၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု များကို မျက်ဝါးထင်ထင် လေ့လာတွေ့ရှိပြီး လေ့လာရေးခရီးစဉ် အတွေ့အကြုံကောင်းများကို မိမိတို့ ရပ်ရွာဖွံ့ဖြိုးရေးအတွက် ထိရောက်စွာ ပြန်လည် အသုံးချနိုင်ရန်ဖြစ်ကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးသည် အမျိုးသားနိုင်ငံရေး၏ အဓိက အချက်ဖြစ် ကြောင်းဖြင့် ထည့်သွင်း ပြောကြားသည်။

သို့ဖြစ်၍ မြန်မာမှုနယ်ပယ်၌ ဆင်စွယ်မှန်လျှင် ပိုးမစားဟူသော ဆိုရိုးစကားရှိသည်နှင့်အညီ ပြည်ထောင်စု စိတ်ဓာတ် ခိုင်မာစစ်မှန်လျှင် ဘယ်သူတွေ ဖျက်ဖျက် မပျက်နိုင်ကြောင်း မြဝတီက ထပ်လောင်း၍ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။

Read 59 times Last modified on Saturday, 13 January 2018 09:45