SJ WorldNews - шаблон joomla Авто

လောကလူသားတို့ စိတ်ခံစားမှု သဘာဝ

Thursday, 08 February 2018 08:24 font size decrease font size decrease font size increase font size increase font size

သက်ရှိသတ္တဝါ အပေါင်းတို့တွင် လူသည် အသိဥာဏ်အရှိဆုံးနှင့် အသိဥာဏ်ကိုအသုံးချ၍ လောကကို အလှဆင်တတ်သူ ဖြစ်သည်ကို ''ဤမှာ မြေပြင်၊ မြစိမ်းဆင်လျက်၊ ကောင်းကင် မိုးဝယ်၊ နီလာခြယ်နှင့်၊ အိုဘယ်လူသား၊ နှစ်ရောင်ကြားဝယ်၊ ခံ့ညားပေစွ၊ ခံ့ပေစွ''ဟူ၍ ကဗျာဆရာ တစ်ဦးက ဖော်ကျူးထားသည်ကို မှတ်သားရဖူးသည်။ အသိဥာဏ် မြင့်မားသော လူသားတို့သည် နှလုံးသားနူးညံ့သည့် စိတ်ခံစားမှု သဘာဝရှိကြသည့် အားလျော်စွာ တစ်ခါတစ်ရံ အတုနှင့် အစစ်ကို ခွဲခြားရန် မေ့လျော့နေတတ်ကြသူများ ဖြစ်ကြောင်းကိုလည်း စာရေးဆရာကြီးတစ်ဦး မျက်မြင်ကိုယ်တွေ့ ရေးပြခဲ့ဖူးသည်။

ဒုတိယကမ္ဘာစစ်ကြီး အတွင်းက မြန်မာနိုင်ငံသို့ ဗမာ့လွတ်လပ်ရေး တပ်မတော်နှင့် ဂျပန်တပ်များအဝင်၊ အင်္ဂလိပ်တို့ အိန္ဒိယသို့ အပြေးတွင် အိန္ဒိယ လူမျိုးတို့လည်း ၎င်းတို့နိုင်ငံသို့ ပြန်ပြေးကြသည်။ စစ်ပြေးဒုက္ခသည်များတွင် ဟိန္ဒူလူမျိုး မိသားစုတစ်စု လိုက်ပါသွားကြသည်။ သူတို့ခရီးစဉ်မှာ ဧရာဝတီ မြစ်ကြောင်းအတိုင်း အထက်မြန်မာပြည်သို့ သင်္ဘောဖြင့် လိုက်ပါသွားပြီး  ထိုမှတစ်ဆင့်  အိန္ဒိယသို့ ခြေကျင်သွားကြရန် ဖြစ်သည်။ ဟိန္ဒူမိသားစု လိုက်ပါသွားသော သင်္ဘောသည် စစ်မိန့်လွှမ်းမိုးသည့် နောက်ဆုံးသင်္ဘောဖြစ်သည်။ အထက် အညာမြို့ကြီး တစ်မြို့သို့ သင်္ဘော ဆိုက်ကပ်ချိန်တွင် ဟိန္ဒူမိသားစုမှ ဖခင်နှင့် သားနှစ်ယောက်တို့ မြို့ပေါ်သို့ ခေတ္တတက်ရောက် လည်ပတ်ကြပြီး လိုအပ်သော စားစရာများ ဝယ်ကြသည်။ သင်္ဘော ဥသြသံကြား၍ သားအဖ သုံးယောက်တို့ သင်္ဘောဆိပ်သို့ အပြေးဆင်းလာ ကြသော်လည်း သင်္ဘောက မြစ်အလယ်သို့ ရောက်နေပြီး ခရီးဆက်သွားသည်။ ဟိန္ဒူမိသားစုမှ မိခင်နှင့် သမီးတို့ သင်္ဘောပေါ် ပါသွားကြပြီး သားအဖ သုံးယောက်တို့ ကုန်းပေါ်မှာ ကျန်ရစ်ခဲ့ကြသည်။ ကုန်းပေါ်မှ ကျန်ရစ်ခဲ့သော သားအဖ သုံးယောက်တွင် အသက် ၁၃ နှစ်မျှသာ ရှိသေးသည့် ချိုတကူးဆိုသူ ကုလားလေးနှင့် သူ့ဖခင်၊ သူ့အစ်ကိုတို့ မည်သို့မျှ မတတ်နိုင်တော့ဘဲ မြေလတ်ပိုင်းရှိ မူလနေထိုင်ရာ မြို့လေးသို့ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ခဲ့ကြပြီး သူ့ဖခင်၏ မူလအလုပ်ဖြစ်သည့် ဆံပင်ညှပ်လုပ်ငန်းဖြင့် အသက်မွေးကြသည်။ သူတို့နေသော မြို့လေးတွင် ကာလဝမ်းရောဂါ ဖြစ်သောအခါ ချိုတကူး၏ ဖခင်နှင့် အစ်ကိုတို့ ရှေ့ဆင့်နောက်ဆင့် ကိစ္စချောသွား ကြသဖြင့် ချိုတကူးအဖို့ တစ်ကောင်ကြွက် မျက်နှာငယ်ဘဝနှင့် ကျန်ခဲ့သည်။ ဤသို့ ကြောက်စရာကောင်းသော လောကဓံ၏ လှည့်စားမှုကို ခံစားနေရသော ချိုတကူးသည် ကြာရှည်စိတ်ညစ်တတ်သူ မဟုတ်သဖြင့် မေ့မေ့ပျောက်ပျောက်နှင့် ပျော်ပျော်နေလိုက်သည်မှာ ဘုရားပွဲနှင့် ပျော်ပွဲရွှင်ပွဲ များတွင် ရွှေပွဲလာ ပရိသတ်များကို မြေလျှောက် မင်းသားအဖြစ် ကပြဖျော်ဖြေတတ်သည်။

ထို့ကြောင့်ပင်လားမသိ အိမ်နီးချင်းများက သူ့အဖြစ်အပျက်ကို ကြားရသောအခါ သနားတော့ သနားကြသော်ငြား မျက်ရည်စို့လောက်အောင် စိတ်ထိခိုက်မှု မရှိဟုဆိုသည်။ တစ်နေ့ ချိုတကူးနေသော မြေလတ်ပိုင်း မြို့လေးတွင် ဒါရိုက်တာ ဦးသုခ၏  ဂုဏ်ရည်မတူ ရုပ်ရှင်ဇာတ်ကား ပြသောအခါ ချိုတကူးနှင့် အိမ်နီးချင်း အမျိုးသမီးကြီး လေးငါးယောက် လာကြည့်ကြရာ ဆရာအောင်သင်းနှင့် တစ်ခုံတည်း ထိုင်ကြည့်ဖြစ်ကြသည်။ ရုပ်ရှင်ဇာတ်လမ်း နောက်ပိုင်း သရုပ်ဆောင်မေသစ် အပူခန်းသို့ ရောက်သောအခါ အမျိုးသမီးကြီး များမှာ မေသစ်ကို သနားလွန်း၍ မျက်ရည်မဆည်နိုင်အောင် ဖြစ်ကြရသည်။ ချိုတကူးမှာလည်း  မျက်ရည်ဝေ့နေသည်ဟု ထင်ရပြီး ဆရာအောင်သင်း ကိုယ်တိုင်မှာလည်း မျက်ရည်မကျ စေကာမူ နှာပိတ်ချင်သလိုလို ဖြစ်လာသည်။ ရုပ်ရှင်ပြီး၍ ရုံထဲက ထွက်လာကြသောအခါ ချိုတကူးက ''ကောင်းထားတာကွာ၊ ငါဖြင့်မျက်ရည်တောင် ကျမိသေးတယ်''ဟု ရယ်မော ပြောသည်။ ဖြစ်ရာဘဝတွင် ပျော်ပျော်ကြီး နေတတ်၍ ကိုယ့်ကိုယ်ကိုယ်ပင် သနားရမှန်း မသိသော ချိုတကူးက သရုပ်ဆောင် မေသစ်ကို သနားနေသည်။ သူ့အိမ်နီးချင်း အမျိုးသမီးကြီး များကလည်း ချိုတကူး၏ ဘဝဖြစ်စဉ်အတွက် မျက်ရည်စမ်းစမ်းမျှပင် မကျခဲ့ဘူးပါလျက် မေသစ်ကိုသနား၍ မျက်ရည်အိုင်ကြရသည်။ ချိုတကူး၏ အဖြစ်သည် တကယ့်ဖြစ်၊ အဟုတ်ဖြစ်၊ စစ်စစ်စစ်မည်နေသော အဖြစ်စစ်ဖြစ်သည်။ မေသစ်၏ အဖြစ်သည် ပိတ်ကားပေါ်က ဘဝဖြစ်စဉ်မျှသာ ဖြစ်သည်။ ချိုတကူး၏ ရာဇဝင်သည် အစစ်၊ မေသစ်၏ ရာဇဝင်သည် အတု၊ သူတို့သည် အစစ်ထက် အတုကို  ပို၍ ကရုဏာ သက်နေကြသည်။ ထို့ကြောင့် အတုနှင့်အစစ်ကို နှိုင်းယှဉ်၍ ကြည့်တတ်ကြရန် ဖြစ်ကြောင်း စာရေးသူ ဆရာအောင်သင်းက တိုက်တွန်းထားသည်ကို မှတ်သားရဖူးသည်။ လူ့အဖွဲ့အစည်း အတွင်း၌ လူအမျိုးမျိုး ရှိကြလေရာ အတုနှင့် အစစ်ကို နှိုင်းယှဉ်ကြည့်တတ်ရန် အရေးကြီး သကဲ့သို့ အမှားနှင့် အမှန်ကိုလည်း ခွဲခြားဝေဖန်တတ်ရန် လိုသည်။ မိမိအတ္တကို ရှေ့တန်းတင်၍ မိမိအရေးကို ဖုံးကွယ်လျက် သူတစ်ပါးကို မလိုမုန်းထားစိတ်ဖြင့် အပြစ်တင် အပြစ်မြင်ခြင်း၊ သူတစ်ပါး မကောင်းကျိုး သက်ရောက်စေလိုသော ရည်ရွယ်ချက်ဖြင့် အပြစ်တင်ခြင်း၊ အမှန်တရားကို မျက်ကွယ်ပြု၍ လူ့အဖွဲ့အစည်း မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်ခြင်းတို့သည် လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးမပြု ဆိုးကျိုးသာ ဖြစ်နိုင်သည်ကို သတိရှိကြရန်လိုသည်။ သို့ဖြစ်၍ လူ့အဖွဲ့အစည်း တည်ငြိမ်အေးချမ်းရေး လိုလားသူတိုင်းသည် အမျက်ထွက်မှုဒေါသ၊ ငြူစူမှုဣဿာ၊ ကောက်ကျစ်စဉ်းလဲသော လှည့်ပတ်မှုမာယာ၊ မဟုတ်မမှန်သော မုသားစကား တို့ကို ရှောင်ကြဉ်ကြမှသာ လူသား အားလုံးတို့၏ စိတ်ခံစားမှု မြင့်မြတ် မှန်ကန်နိုင်မည် ဖြစ်ပေသည်။

Read 188 times Last modified on Thursday, 08 February 2018 08:26