SJ WorldNews - шаблон joomla Авто

မြန်မာကိုသိ၍ ကမ္ဘာကိုလည်း သိရမည်

Tuesday, 13 February 2018 08:29 font size decrease font size decrease font size increase font size increase font size

တစ်ခေတ်တစ်ခါက အသံသြဇာနှင့်ပြည့်စုံသည့် အဆိုတော်ဦးမြကြီး သီဆိုသော သီချင်းများမှ ''ငါတို့ဗမာပြည်မှာကွယ်...မိဘတိုင်းကရယ်...ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်''ဟူသော တေးသံကို ယခုတိုင် ကြားနေမိသည်။  ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကို ငယ်စဉ်ကပင် ကြားဖူးသည်မှစ၍ လေးစား မြတ်နိုးတန်ဖိုး ထားခဲ့သော်လည်း သူရဲကောင်း၏ အဓိပ္ပာယ်ကို ယေဘုယျမျှသာ သိခဲ့ရသည်။ သူရဲကောင်းဟူသည်  မှန်ကန်သည်ကို ရဲဝံ့စွန့်စား ဆောင်ရွက်တတ်သူကို ခေါ်ကြောင်း တိကျသော အဓိပ္ပာယ်ကို နောင်မှသိရသည်။

တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းသည် ၁၉၃၈ ခုနှစ် အောက်တိုဘာတွင် တို့ဗမာအစည်းအရုံးသို့ သခင်အဖြစ် စာရင်းသွင်းချိန်၌ ''ဥပဒေတန်း၌ စခန်းကုန်သင်ရန် ကိစ္စကိုလည်းကောင်း၊ ကျွန်ုပ်၏ရှေ့အလား အလာများကိုလည်းကောင်း တစ်ပါတည်းအပြီးသတ် စွန့်လွှတ်လိုက်ကာ ကျွန်ုပ်သည် သြဂုတ်လအတွင်း နှစ်ဝက်ကျောင်းပိတ်ရက် ရသည့်အခါမှစ၍ တက္ကသိုလ်ကျောင်းတော် ကြီးမှ ထွက်ခဲ့၏ဟူ၍ လည်းကောင်း၊ ဥရောပတိုက်တွင် မြူးနစ်အရေး ပေါ်ပေါက်လာခြင်းသည်ပင် ဒုတိယကမ္ဘာစစ်ကြီး မလွဲမသွေဖြစ်ရမည့် အရေးကို ကျွန်ုပ်အဉာဏ်အတွင်း ထင်းကနဲပေါ်စေတော့ ၏။ ကမ္ဘာစစ်ကြီး အမှန်ဖြစ်ချေတော့မည်။ ဗမာ့အခြေကား အသို့နည်း၊ ဗမာတွေ ဘာလုပ်ကြမည်နည်း။  ဤပြဿနာများကား ကျွန်ုပ်ရှေ့တွင် အလျှိုအလျှို တသီကြီး ပေါ်လာလေတော့၏။ တစ်ခုတည်းသော သန္နိဋ္ဌာန်ကို ကျွန်ုပ်ပြုလိုက်၏။ ငါ့အတွက် ဖြစ်လိုရာဖြစ်စေတော့၊ နိုင်ငံရေးဂယက်ဝဲအတွင်းသို့ ခြေစုံပစ်၍ဇွတ်ဆင်းကာ ငါ၏နိုင်ငံ လွတ်လပ်ရေးအတွက် မနေမနားစွန့်စား လုံးပန်းတော့အံ့။ ဤအဓိဋ္ဌာန်ကို သန်သန်ကြီး ပြုလိုက်မိတော့၏။ မည်သူသည် ဤသို့အခါကောင်း အခွင့်ထူး ရွှေလမ်းကြီးဖြူးနေသည့် အခိုက်မျိုးတွင် ကိုယ့်နိုင်ငံအတွက် စွန့်စားရေးကို လက်လွတ်ခံနိုင်ချိမ့်မည်နည်း။ ဟိသစ္စံ ထိုစကားမှန်၏''ဟူ၍ လည်းကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးဂန္ထဝင် ဆောင်းပါးများ၌ တွေ့ရသည်။

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်သည်နှင့် နိုင်ငံလွတ်လပ်ရေးကို မရမနေစွန့်လွှတ်စွန့်စား ကြိုးပမ်းမည်ဟူသော သန္နိဋ္ဌာန်ချထားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် မျိုးချစ်လူငယ်တို့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားပြည်သူတို့သည် လွတ်လပ်ရေးပန်းတိုင်သို့ အရောက်လှမ်းနိုင်ခဲ့ကြသည်။ တိုင်းရင်းသားပြည်သူ အပေါင်းတို့သည် ကမ္ဘာ့ နိုင်ငံများ၏ အခြေအနေကို မျက်ခြည်မပြတ် လေ့ လာစောင့်ကြည့်နေကြရန် လိုကြောင်းကိုလည်း ရန်ကုန်မြို့ရှိအရှေ့အာရှတိုက်လူငယ်များ အစည်းအရုံး ဌာနချုပ်၌ ၁၉၄၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်တွင် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း   တက်ရောက်မိန့်ခွန်း ပြောကြားစဉ်   ထည့်သွင်းပြောကြားခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းပြောကြားရာ၌ ''လောကတစ်ခုလုံးမှာ ဖြစ်ပျက်နေတာတွေဟာ အကြောင်းမဲ့ သက်သက် ဘာမဟုတ်တာက နေပြီး ပေါ်ပေါက်လာတာ မဟုတ်ဘူး။ အဲဒီတော့ကာ ဗမာပြည်ရဲ့အကြောင်း သေသေချာချာ နားလည်ချင်ရင် ကမ္ဘာရဲ့အကြောင်းကို နားလည်ရမယ်။ ကမ္ဘာရဲ့အကြောင်းကို နားမလည်ရင် ဗမာပြည်ရဲ့အကြောင်းကို  နားမလည်နိုင်ဘူး။   အဲဒီလို  ကမ္ဘာနဲ့ ဗမာအဆက်အသွယ် ရှိတယ်ဆိုတာ ထင်ထင်ရှားရှား ပြောပြရမယ်ဆိုရင် ယခုဖြစ်နေတဲ့ စစ်ကြီးဟာ ကမ္ဘာစစ်ကြီးလို့ ခေါ်ရမယ်။ သို့သော်လည်း ဒီစစ်ကြီးစဖြစ်တုန်းက ဗမာပြည်နဲ့ ဘာမှမပတ်သက်ဘူး။ ဗမာပြည်မှာနေတဲ့လူတွေဟာ ကမ္ဘာသူ၊ ကမ္ဘာသားတွေနဲ့ ရန်ဖြစ်တာ မဟုတ်ဘဲနဲ့ နောက်ဆုံး စစ်တလင်းဖြစ်လာရပြီးတော့ ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေစာပင်လို ဖြစ်နေတယ်။ အစတုန်းက ဖြစ်ပျက်တာတွေကို အခုဖြစ်ပျက်တာတွေနဲ့ လိုက်ကြည့်မယ်ဆိုရင် တစ်ခုနဲ့တစ်ခု အဆက်အသွယ်ရှိတယ်''ဟူ၍ ထည့်သွင်း ပြောကြားထားသည်။

ယနေ့အချိန်တွင် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီဖြစ်သည်။ မြန်မာနိုင်ငံလည်း လွတ်လပ်ရေးရပြီး ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းလည်း ဘဝတစ်ပါးသို့ ပြောင်းလဲ သွားပြီဖြစ်သည်။ သို့သော် ကမ္ဘာကြီး မတည်ငြိမ်သကဲ့သို့ မြန်မာနိုင်ငံသည်လည်း တည်ငြိမ်အေးချမ်းမှု အပြည့်အဝ မရှိသဖြင့် ပြည်သူတို့ ဘဝသည်လည်း မျှော်မှန်းသလောက် မဖွံ့ဖြိုးမတိုးတက်သည်ကို အားလုံးသိပြီးဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် ၁ဝ နှစ်ကြာသော ၁၉၅၇ ခုနှစ်တွင် ယခင်ဆိုဗီယက်ပြည်ထောင်စုက ဂြိုဟ်တုတစ်စင်းကို အာကာသအတွင်းသို့ ပထမဆုံးအကြိမ် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်မှစ၍ ကမ္ဘာ့ အခြေအနေသည် အကောင်းရောအဆိုးပါ အရှိန်အဟုန်ဖြင့် ပြောင်းလဲသွားသည်။ ဆိုဗီယက်က ယူရီဂါဂါရင် လိုက်ပါသော ပထမဆုံး အာကာသယာဉ်ကို လွှတ်တင်လိုက်ပြီး ထပ်မံ၍ အမျိုးသမီး အာကာသယာဉ်မှူး ဗလင်တီနာထရက်ရှ်ကိုဗာ လိုက်ပါသွားသော အာကာသယာဉ်ကို လွှတ်တင်လိုက်သည်။ ထို့နောက် အမေရိကန်ပြည်ထောင်စုက ၁၉၆၉ ခုနှစ်တွင် နေးလ်အမ်းစထရောင်းနှင့် အက်ဒွင်ဘက်ဇ်အယ်ဒရင်းတို့ လိုက်ပါသော အပိုလို(၁၁) အာကာသယာဉ်ဖြင့် လကမ္ဘာသို့ခြေချခဲ့သည်။ ဤသို့ အင်အားကြီး နိုင်ငံနှစ်နိုင်ငံ၏ စစ်ရေးအတွက်  အာကာသ စိုးမိုးရေးကြိုးပမ်းမှုတို့သည် မျက်မှောက်ခေတ်တွင် ဂြိုဟ်တုဆက်သွယ်ရေး စနစ်သို့ ရောက်ရှိလာခဲ့ရာမှ ကမ္ဘာ့ပြည်သူများအတွက် ကောင်းကျိုးဆိုးပြစ် တို့ကိုလည်း ကြားသိမြင်တွေ့နေ ကြရပြီဖြစ်သည်။

ထို့ကြောင့် မြန်မာပြည်သူတို့၏ လွတ်လပ်ရေးဗိသုကာ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မှာကြားခဲ့သည့်အတိုင်း ပြောင်းလဲနေသော ခေတ်ကြီးတွင် မြန်မာနိုင်ငံ အကြောင်းကို သိရမည်။ ကမ္ဘာ့နိုင်ငံများ အကြောင်းကိုလည်း သိရမည်။ ယခင်နှင့်ယခု နှိုင်းယှဉ်ကြည့်တတ်ရမည်။ အကြောင်းကြောင့် အကျိုးဖြစ်သည်ကိုလည်း ဆင်ခြင်တုံတရား ရှိရမည်။ သို့မှသာ ဗိုလ်ချုပ်အောင်ဆန်းမြင် လိုတွေ့လိုသော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးနှင့် နိုင်ငံသားတို့ဘဝကို ကျွန်ုပ်တို့ ဖန်တီးနိုင်ကြမည်ဖြစ်ကြောင်း ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း၏ (၁ဝ၃)နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုလျက် မြဝတီက ဆန္ဒပြုလိုက်ရပါသည်။   

Read 127 times Last modified on Tuesday, 13 February 2018 08:31