SJ WorldNews - шаблон joomla Авто

ဒီမိုကရေစီ မြိုင်ဆိုင်စေမည့် နှစ်ပွင့်တစ်ခိုင်

Saturday, 10 March 2018 08:47 font size decrease font size decrease font size increase font size increase font size

မြန်မာ နိုင်ငံတွင် ၂ဝ၁၁ ခုနှစ်မှစတင်၍ အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက်လျက်ရှိသော ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများမှ စီးပွားရေးနှင့် လူမှုရေးပြုပြင် ပြောင်းလဲမှုအတွက် အခြေခံ မူဘောင်များ ချမှတ်ခဲ့ရာ

အစိုးရစနစ်နှင့် ပွင့်လင်းမြင်သာမှုရှိရေး၊ မိုဘိုင်းလ် ဖုန်းသုံးစွဲမှုနှင့် အင်တာနက်စနစ် တိုးတက်ဖြစ်ပေါ်ရေး၊ ထိရောက်ထက်မြက်သည့် အစိုးရစနစ် ဖြစ်ပေါ်ရေးတို့ ပါဝင်သည်။

ထိရောက်ထက်မြက်သည့် အစိုးရစနစ် ဖြစ်ပေါ်ရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဟူသော မဏ္ဍိုင်ကြီး(၃)ရပ်နှင့် စတုတ္ထမဏ္ဍိုင် သတင်းမီဒီယာတို့ ဟန်ချက်ညီ ကြိုးပမ်းနေကြသည်။ သတင်းမီဒီယာသည် ဒီမိုကရေစီကျန်းမာ သန်စွမ်းရေးအတွက် ဆေးတစ်ခွက် (Good Journalism is like good medicine for Democracy) ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော် အစိုးရ၏ြ ပုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု အားကောင်းရန် သတင်းမီဒီယာများက တစ်တပ်တစ်အား ပါဝင် ထမ်းဆောင်နေကြသည်။ သတင်းမီဒီယာ၏ တန်ဖိုးသည် လူမျိုးစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲတို့ ကင်းရှင်းကြမှသာ ဒီမိုကရေစီ ကျန်းမာ သန်စွမ်းရေးကို ကုစားပေးနိုင်မည် ဖြစ်သည်။ မိုဘိုင်းလ်ဖုန်း သုံးစွဲမှုနှင့် အင်တာနက်စနစ် တိုးတက်ဖြစ်ပေါ်ရေးကို နိုင်ငံတော်အစိုးရက ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ နိုင်ငံသား များအတွက် အခွင့်အလမ်းများစွာ ရရှိနေကြသည်။ မိုဘိုင်းလ်ဖုန်း အသုံးပြုမှုနှင့် အင်တာနက် စနစ်တို့သည် မြို့ပြနှင့် ကျေးလက်တစ်ပြေးညီ အသုံးပြုနေကြရာ မိုဘိုင်းလ်ဖုန်း အသုံးပြုသူတိုင်း သတင်းသမားပမာ ဖြစ်နေကြသည်။ သတင်းသဘော သဘာဝနှင့် သတင်းသမား ကျင့်ဝတ်တို့ကို မသိနားမလည်သူများနှင့် မသိကျိုးကျွန်ပြုသူ အချို့ကြောင့် သတင်းမီဒီယာ တန်ဖိုးကျဆင်းခြင်းနှင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်နေရသည်။

ဝါရင့်စာနယ်ဇင်း ဆရာကြီးများက သိတိုင်းမရေးနှင့်၊ ရေးတတ်တိုင်း မရေးနှင့်၊ ရေးသင့်မှ ရေးဟုမှာ ထားကြသည်မှာ ကလောင်တစ်ချောင်းပိုင်သည် ဟူသော မာန်မတက်ကြရန် ဖြစ်သည်။ ထို့အတူ လက်ကိုင်တယ်လီ ဖုန်းတစ်လုံးပိုင်သည်၊ တစ်ကိုယ်ရေ သုံးကွန်ပျူတာ တစ်လုံးပိုင်သည်ဟူသော မာန်မတက်ကြရန် လိုသည်။

သတင်းမီဒီယာ သမားတို့သည် သတင်းမီဒီယာ ဥပဒေကျင့်ဝတ်ကို စောင့်ထိန်း ကြရသကဲ့သို့ နိုင်ငံတော်က ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်း တို့ကိုလည်း လိုက်နာ ကြရသည်။ သတင်းမီဒီယာ ကျင့်ဝတ်ဆိုရာတွင် လုပ်ငန်းသဘာဝအရ လိုက်နာ စောင့်ထိန်းရသော ကျင့်ဝတ်နှင့် ပြည်သူ့နီတိအရ လိုက်နာစောင့် ထိန်းရသော ကျင့်ဝတ်ဟူ၍ နှစ်မျိုးရှိကြောင်း ဝါရင့်သတင်း စာဆရာကြီးများ အလျဉ်းသင့်တိုင်း သြဝါဒပေးကြသည်။

နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ ပြည်သူနှင့် တပ်မတော်တို့ လက်တွဲကြိုးပမ်း နေကြချိန်တွင် ဒီမိုကရေစီ ကျန်းမာသန်စွမ်း ရေးအတွက် ဆေးတစ်ခွက်ဖြစ်သော သတင်းမီဒီယာ စတုတ္ထမဏ္ဍိုင်နှင့် တပ်မတော်တို့ နီးနီးကပ်ကပ် ဆက်သွယ် ဆောင်ရွက်နေကြသည်။ ဤသို့ နှစ်ဦးနှစ်ဖက် အပြန်အလှန် ထိတွေ့ဆက်ဆံမှုနှင့် ယုံကြည်မှု တည်ဆောက်သည့်အနေဖြင့် တပ်မတော်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့ ပူးပေါင်းပြုလုပ်သည့် ပဉ္စမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို မတ် ၇ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် မိုးကောင်းလမ်းရှိ မြဝတီစာပေတိုက်၌ ကျင်းပသည်။ အလုပ်ရုံ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဦးအုန်းကြိုင်နှင့် ဒေါက်တာမျိုးသန့်တင်၊ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဗိုလ်ချုပ်ထွန်းထွန်းညီနှင့် တပ်မတော်အရာရှိကြီးများတက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲ၌ တပ်မတော်အရာရှိများက တပ်မတော်ဆိုင်ရာ တရားဝင် Online Media Page ၊Account များအကြောင်းနှင့် Page အတု၊ Account အတုများအကြောင်း၊ တပ်မတော်နှင့် သတင်းမီဒီယာ ဆက်ဆံရေးအခြေအနေ၊ မီဒီယာများနှင့် လူမှုမီဒီယာ ကွန်ရက်များတွင် အခြေအမြစ်မရှိသော သတင်းများ၊ မဟုတ်မမှန်လိုရာဆွဲ၍ ဖော်ပြနေမှုများ အကြောင်းအပါအဝင် တပ်ပိုင်းဆိုင်ရာ သိသင့်သိထိုက်သည့် ကိစ္စရပ်များနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် တပ်မတော်က လက်တွေ့ဆောင်ရွက် နေမှုများအား ရှင်းလင်း ပြောကြားသည်။

သတင်းမီဒီယာ ကောင်စီဝင်များကလည်း သိလိုသည်များ မေးမြန်း၍ ရင်းရင်းနှီးနှီး အပြန်အလှန် ဆွေးနွေးကြသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ(၁)ဦးအုန်းကြိုင်က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ယနေ့ပဉ္စမအကြိမ်မြောက် အလုပ်ရုံ ဆွေးနွေးပွဲ၌ ဆွေးနွေးကြသည့် အကြောင်းအရာ များမှာ ယခင်ကထက် ပိုမိုပြည့်စုံလာကြောင်း ပြောကြားပြီး ယခုဆွေးနွေးမှု များနှင့် မဏ္ဍိုင်ကြီး(၄)ရပ် အလုပ်ရုံ ဆွေးနွေးပွဲများမှ ရရှိသည့် အတွေ့အကြုံများနှင့် မီဒီယာကဏ္ဍ၏ အားသာချက်၊ အားနည်းချက် များကိုလည်း သတင်းမီဒီယာ လောကသားများအား သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

တပ်မတော်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီတို့၏ ပဉ္စမအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲသည် အမျိုးသားအရေးကို တစ်သွေးတစ်သားတည်း ရှုမြင်ဆွေးနွေးကြရာ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးနေသည့် တပ်မတော်နှင့် သတင်းမီဒီယာ စတုတ္ထမဏ္ဍိုင်တို့ နှစ်ပွင့်တစ်ခိုင် ဝေဆာသည် နှင့်အမျှ ဒီမိုကရေစီပို ၍မြိုင်ဆိုင်မည်ဟု မြဝတီက ယုံကြည်ထားပါသည်။ ။

Read 230 times Last modified on Saturday, 10 March 2018 08:48