SJ WorldNews - шаблон joomla Авто

နည်းပညာဆန်းသစ်မှုနှင့် ကောင်းကျိုးဆိုးပြစ်

Saturday, 07 April 2018 09:52 font size decrease font size decrease font size increase font size increase font size

မြန်မာတို့ ဆိုရိုးစကားတွင် သူ့ဝမ်းထဲမှာအူဘယ်နှခွေရှိသည်ကို ပါးစပ်ဟရုံနှင့် သိထားပြီးဖြစ်သည်ဟု ဆိုကြသည်။ လူမှုဆက်ဆံရေး နယ်ပယ်တွင် အပွေးမြင် အပင်သိသည်ဟု ဆိုကြသည်။ တစ်ဖန် ဆန့်ကျင်ဘက်အားဖြင့် စိန်ကဲရွှေကဲထက် လူကဲခတ် ရန်ခက်သည်ဟု ဆိုကြပြန်သည်။

မျက်မှောက်ကာလ သိပ္ပံနှင့်နည်းပညာထွန်းကားလာသော ၂၁ ရာစုခေတ်တွင် လူတို့တီထွင်သော စက်ကိရိယာက လူတစ်ဦးတစ်ယောက်၏ ကြံစည်တွေးတောမှု ကို သိမြင်နိုင်သည့်အပြင် ထိုသူကြံစည်တွေးတောနေသည့် အကြောင်းအရာ၏ ၉ဝ ရာခိုင်နှုန်းနှင့်အထက်ကို စာလုံးများဖြင့်ပြန်လည် ဖော်ပြနိုင်စွမ်းရှိကြောင်း သိရသည်။

အဆိုပါစက်ကိရိယာ (mind-reading machine)သည် စကားမပြောနိုင်သူများနှင့် ခန္ဓာကိုယ် မလှုပ်ရှားနိုင်သော လူနာများအား ကုသရေးတွင် ကူညီဆောင်ရွက်ပေးနိုင်သည့် အခြေအနေသို့ ရောက်လာမည်ဟု သုတေသီများက မျှော်လင့်ထားကြသည်။ နာ့ဗ်ကြော ဆိုင်ရာသိပ္ပံဂျာနယ်၏ ဖော်ပြချက်အရ ဆိုခဲ့သော စက်ကိရိယာကို အမေရိကန်ပြည် ထောင်စု ကယ်လီဖိုးနီးယားတက္ကသိုလ်က တီထွင်လိုက်ကြောင်းနှင့် လူတစ်ဦး၏ လျှို့ဝှက်ချက်များကို အဆိုပါစက်က အမှုမဲ့ အမှတ်မဲ့ေ ဖ်ာပြလိုက်သော် အခက်ကြီးခက်ရ မည့်အရေး တွေးပူနေသူများ၏ ဝေဖန်သံများ ကြားနေရသည်ဟု ဆိုထားသည်။

သိပ္ပံနှင့်နည်းပညာထွန်းကားလာသောခေတ်တွင် ဆန်းသစ်လာသော စက် ကိရိယာတို့၏ အကူအညီဖြင့် အလုပ်လုပ်နေကြသော လူသားတို့ ကျန်းမာရေးအခြေ အနေကိုလည်း ပညာရှင်များက လေ့လာဆန်းစစ်၍ အန္တရာယ် ကြိုတင်ကာကွယ်နည်းများ ဖော်ထုတ်သတိပေး ထားကြသည်။ လီဗာပူးတက္ကသိုလ်မှ သုတေသီများက အလုပ် ခွင်၌ဖြစ်စေ၊ စာရေးစာဖတ်၍ဖြစ်စေ တစ်နေကုန်ထိုင်နေသူများ အနေဖြင့် ရက် သတ္တနှစ်ပတ်ကြာလာချိန်တွင် ပုံမှန်ကျန်းမာရေး အခြေအနေ ချို့ယွင်းလာပြီး ဆီးချိုသွေးချို ရောဂါ(၂)၊ နှလုံးရောဂါနှင့် လေသင်တုန်း ရောဂါဝေဒနာ ပြင်းထန်စွာခံစားရနိုင် သည့် အခြေအနေရှိသည်ဟု ဖော်ပြထားသည်။ သုတေသီအဖွဲ့ခေါင်းဆောင်  Dr.Daniel Cuthbertson က ကျွန်ုပ်တို့ ဘိုးဘွားများသည် အိမ်မှုကိစ္စများနှင့် အသက်မွေးမှု လုပ်ငန်းများကို ကာယအားဖြင့် ပြုလုပ်ခဲ့ကြသဖြင့် ကျန်းမာရေးကို အထောက်အကူဖြစ် စေခဲ့သော်လည်း ကျွန်ုပ်တို့ခေတ်တွင် အရာရာကို စက်ကိရိယာအသုံးပြုနေကြရာ ဈေးဝယ်သွားသည်ကိုပင် လမ်းလျှောက်မသွားတော့သဖြင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါး သောကြောင့် ကျန်းမာရေးကို အထောက်အကူ မပြုတော့ပါဟု ဆိုသည်။

လီဗာပူး တက္ကသိုလ်မှ သုတေသီများသည် ပျမ်းမျှ အသက် ၃၆ နှစ်အရွယ်ရှိ လူလတ်ပိုင်းတို့မှ အားကစားရုံသို့ မသွားသူနှင့် လှုပ်ရှားသွားလာမှု နည်းပါးသူ ၄၅ ဦး တို့အား လေ့လာခဲ့ကြသည်။ အဆိုပါ လူရွယ်များသည် အလုပ်ခွင်သို့ မော်တော်ကား သို့မဟုတ် ရထားဖြင့်သွားကြပြီး လုပ်ငန်းခွင်သို့ ရောက်သောအခါ ရိုးရိုးလှေကားကို အသုံးမပြုဘဲ စက်လှေကားဖြင့် အတက်အဆင်း ပြုလုပ်ကြသည်။ လုပ်ငန်းခွင် အားလပ်သော ရက်များတွင်လည်း ရုပ်မြင်သံကြား အစီအစဉ်ကြည့်၍ သော်လည်းကောင်း၊ ကွန် ပျူတာဂိမ်းကစားခြင်းဖြင့် သော်လည်းကောင်း အိမ်မှာပင် တစ်နေကုန် အချိန်ဖြုန်းကြသူ များဖြစ်သည်။ ၄င်းလူရွယ်များကို အသေးစိတ် ဆန်းစစ်ကြည့်သောအခါ တစ်နေ့လျှင် ခြေလှမ်းပေါင်း ၁ဝဝဝဝ လမ်းလျှောက်သူများလောက် ကြံ့ခိုင်မှု အခြေအနေမရှိကြောင်း တွေ့ရသည်။ ထို့ကြောင့် ၄င်းလူရွယ်များကိုပင် ၁၄ ရက်ကြာ လှုပ်လှုပ်ရှားရှားနေထိုင် စေပြီး ထပ်မံဆန်းစစ်ကြည့်သောအခါ အများနည်းတူ ကြံ့ခိုင်မှုအခြေအနေသို့ ပြန်လည် ရောက်ရှိလာကြောင်း တွေ့ရသည်။ နေ့စဉ်လှုပ်လှုပ်ရှားရှား နေထိုင်သွားလာခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှု ပုံစံရှိခြင်းတို့သည် ဆီးချိုသွေးချိုရောဂါ(၂) ဖြစ်နိုင်ခြေကို လျှော့ချနိုင်ကြောင်းနှင့် လူလတ်ပိုင်း အရွယ်များသည် ရက်သတ္တပတ်လျှင် ငါးရက်ကြာအောင် တစ်နေ့ မိနစ် ၃ဝ လမ်းလျှောက်သင့်ကြောင်း ပညာရှင်များက တိုက်တွန်းထားကြသည်။

လောကသဘာဝ အကောင်းနှင့် အဆိုးတို့ ဒွန်တွဲလျက်ရှိရာ သိပ္ပံနှင့်နည်းပညာ အံ့မခန်းတိုးတက်လာမှုကြောင့် လူသားတို့၏ ဘဝအတွက် အချိုးအကွေ့၊ အတက် အဆင်းများကို လွယ်ကူချောမွေ့စေသည့် အကျိုးရလဒ်ရှိသကဲ့သို့ ခက်ခဲကြမ်းတမ်း သောအခြေအနေကိုလည်း ရင်ဆိုင်ရဖွယ် ရှိမည်ဖြစ်သည်။ ပညာရှင်များ၏ တီထွင်မှု ကြောင့် စိန်ကဲရွှေကဲထက် ခတ်ရန်ခက်သော လူကဲကို အလွယ်တကူသိနိုင်တော့မည် ဖြစ်ရာမိမိကိုယ်မိမိ လိပ်ပြာသန့်ရန် စိတ်ထားသန့် ရပေမည်။ လီဗာပူးတက္ကသိုလ်မှ သုတေသီများ အကြံပြုထားကြသလို အကျိုးမများသော အလုပ်ဖြင့် အချိန်ကုန်စေခြင်း ကိုလည်း ရှောင်ကြဉ်သင့်ကြောင်း မြဝတီက ထပ်လောင်းနှိုးဆော် လိုက်ရပါသည်။ ။

Read 31 times Last modified on Saturday, 07 April 2018 10:30