SJ WorldNews - шаблон joomla Авто

မေတ္တာအရင်းခံ သင်္ကြန်ရေ အေးမြ ကြပါစေ

Thursday, 12 April 2018 09:46 font size decrease font size decrease font size increase font size increase font size

မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် ၁၄ ရက် (စနေနေ့) မြန်မာစံတော်ချိန် နံနက် ၁၁ နာရီ ၉ မိနစ် ၅ စက္ကန့်အချိန်တွင် မဟာသင်္ကြန်ကျသည်။ ယခုနှစ်အတွက် မြန်မာပြက္ခဒိန် အရထူးခြားမှုမှာ မဟာသင်္ကြန်အကြတ်၊ အတက်နှင့် ၁၃၈ဝ ပြည့်နှစ်၏ နှစ်ဆန်း ၁ ရက်တို့သည် ကဆုန်လဆန်းရက်များ ဖြစ်ကြောင်း တွေ့ရသည်။ နိုင်ငံတော် အစိုးရဌာန ဆိုင်ရာရုံးများနှင့် ပုဂ္ဂလိ ကလုပ်ငန်း အားလုံးတို့သည် မဟာသင်္ကြန်အကြိုနေ့ ဖြစ်သော ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ ပိတ်ရက်အဖြစ် သတ်မှတ်ထားသဖြင့် သက် ဆိုင်သူများ မိမိတို့ နေရပ်အသီးသီးသို့ ခေတ္တပြန်ကြ သူများ၊ တရားစခန်းဝင်၍ တရားဘာဝနာ အားထုတ်ကြ သူများ၊ ဒုလ္လဘရဟန်းဝတ်မည့်သူများ၊ မိသားစု အပန်းဖြေ ခရီးထွက်မည့်သူများ၊ ဘုရားဖူးခရီးထွက်မည့် သူများ စသည့်ရည်ရွယ်ချက် အမျိုး မျိုးဖြင့် ခရီးသွားကြမည့်သူများ ရှိကြသည်။

မြန်မာပြက္ခဒိန် ဆယ့်နှစ်လရာသီတွင် ပိတောက်ပန်းများ ပွင့်ချိန်နှင့် မဟာသင်္ကြန်ကျချိန်တို့ တိုက်ဆိုင်သဖြင့် နှစ်သစ်ကူးသည့် တန်ခူးလ၏ သာယာပုံကို ''လတန်ခူးပေမို့၊ အလှထူးပါဘိ၊ မြမြဖူးရယ် တဲ့၊ ခိုင်ရွှေဝါ''ဟူ၍ ရှေးစာဆိုတို့ဖွဲ့ဆိုထားကြသည်။ ပိတောက်ပန်းတို့က မဟာသင်္ကြန်ကို ပို၍တင့်တယ် စေသကဲ့သို့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့ အနေဖြင့် မြန်မာဆန်သော စိတ်ဓာတ်နှင့် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာဖြစ်သော ငွေဖလားနှင့် ရေကစားခြင်း၊ သပြေခက်နှင့် ရေပက်ခြင်းတို့ဖြင့် အလှပေါ် အယဉ်ဆင့်၍ အမြင်တင့်သော သင်္ကြန်အဖြစ် ပျော်ရွှင်စွာ ဆင်နွှဲကြ ရန် ဖြစ်သည်။

အတာရေသဘင် ဆင်နွှဲကြရာတွင် မြန်မာဆန်သော ယဉ်ကျေးမှု တေးဂီတနှင့် အကများဖြင့် ဖျော်ဖြေမည့် မဏ္ဍပ်များ၊ ခေတ်ပေါ်တေးဂီတနှင့် အကများဖြင့် ဖျော်ဖြေမည့် မဏ္ဍပ်များ၊ အလှပြယာဉ်ဖြင့် လှည့်လည်ဖျော် ဖြေခြင်းများ အစဉ်အလာမပျက် ရှိကြမည်ဖြစ်သည့်အပြင် ယခုနှစ်မဟာသင်္ကြန်၏ ထူးခြားမှုမှာ ကျေးလက် နှင့်မြို့ပြများတွင် လမ်းလျှောက် သင်္ကြန်ပွဲဆင်နွှဲရန် စီစဉ်ထားသော သတင်းများလည်း တွေ့ရသည်။ ဖျော် ဖြေရေးအစီအစဉ်များတွင် ခေတ်ကိုပြုပြင်ရန် လိုအပ်ချက်များအား သက်ဆိုင်ရာတို့ သိကြစေခြင်းငှာ စာပေပညာဖြင့် ရေးစပ်ထားသော သံချပ်အတိုင်၊ အဖောက်များလည်း အားခဲထားကြောင်း သိရသည်။ တစ်နှစ်မှာ တစ်ကြိမ်သာ ကြုံကြိုက်သော အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ကြသော သံချပ်ဖြင့် ရင်ဖွင့်သံတို့သည် ယဉ်ကျေးမှုသင်္ကြန်ကို အမနာပပြောပွဲ သို့မဟုတ် ဆဲပွဲအဖြစ်သို့ ပြောင်းလဲမသွားရန်နှင့် ရုန်းရင်းဆန်ခတ်မှု များမဖြစ်စေရန် ဝိုင်းဝန်းထိန်းသိမ်း ကြရမည်ဖြစ်သည်။ တစ်နှစ်မှာတစ်လ၊ တစ်လမှာတစ်ရက်တည်းသာ ပွင့်ရသော ပိတောက်ပန်းတွေဝေသော အတာရေသဘင်ပွဲသို့ သမီးကိုလက်ဆွဲ၊ သားတွဲလွဲနှင့် ကြင်နာဆကဲ ကြသည့် ငယ်ပေါင်းတို့ကလည်း လမ်းလျှောက်သင်္ကြန်မှာ ပျော်မြူးရင်း ဇရာပုံရိပ်ကို ချွေးသိပ်၍ အတိတ်ကို သတိရနေကြပေမည်။

အရှေ့တိုင်းယဉ်ကျေးမှု အစဉ်အလာများတွင် မြန်မာနိုင်ငံသားတို့ မဟာသင်္ကြန်ပွဲ ဆင်နွှဲကြသည့်နည်းတူ အိမ်နီးချင်းနိုင်ငံများ၌ ထိုင်းနိုင်ငံတွင် ဆောင်ခရန်ပွဲ၊ လာအိုနိုင်ငံတွင် ပီမိုင်ပွဲ၊ ကမ္ဘောဒီးယား နိုင်ငံတွင် ချာအူ ချာနမ်သိမိုင်ပွဲတို့သည် အတာရေသဘင် ဆင်နွှဲကြသည့် ပွဲတော်များဖြစ်သည်။

မြန်မာနိုင်ငံ၌ကျင်းပသော မဟာသင်္ကြန်ပွဲတော်သည် ရေသဘင်ပွဲ သက်သက်မျှသာ မဟုတ်ဘဲ သင်္ကြန် ကာလအတွင်း ဥပုသ်သီတင်း ဆောက်တည် ကုသိုလ်ယူကြသူများ၊ ဝိပဿနာတရား ဘာဝနာပွားများ ကုသိုလ် ယူကြသူများ၊ မိဘ၊ ဆရာနှင့် သက်ကြီးရွယ်အိုအဘိုး၊ အဘွားတို့အား ဂါရဝတရားဖြင့်ဝတ်ကြီး ဝတ်ငယ်ပြု ကုသိုလ်ယူကြသူများ၊ ဇီဝိတဒါနပြု ကုသိုလ်ယူကြသူများ စ သည်ဖြင့် ကောင်းမှုကုသိုလ်ပြု၍ အမျှအတန်း ပေးဝေကြသော ပွဲဖြစ်သည်။ ထို့ကြောင့် ဆရာဇော်ဂျီက ''နှစ်သစ်ကူးတဲ့၊ တန်ခူးခါမှာ၊ ဒါနက တဝေဝေ၊ ရေတွေကတရွှဲရွှဲ၊ ပျော်ပွဲကတဝင့်ဝင့်၊ ကဲလို့ သာဆင့်ရော့၊ အရွယ်သင့် အရွယ်ငယ်၊ မြန်မာ တွေထည်လိုက်ကြ''ဟူ၍ သရုပ်ဖော်ရေးဖွဲ့ထားသည်။ ဇီဝိတဒါနပြုကြသည်ကို ''ဝဋ်မကင်းသူကိုဖြင့်၊ လွှတ်ခြင်းမှာ ဝါသနာပါတဲ့၊ ရွှေမြန်မာသည် လူမျိုးမှာလ၊ အကျိုးသည် လိုတူလိုက်ပါ့၊ ရွှေမဉ္ဇူနှုတ်ချိုခွန်းရယ်နဲ့၊ သွန်းလိုက်မိပါ''ဟူ၍ ရေးဖွဲ့တိုက်တွန်းထားသည်။

မဟာသင်္ကြန်အတာ ရေသဘင်ပွဲတော်သည် မြန်မာတို့၏ ယဉ်ကျေးမှု အစဉ်အလာ ပွဲတော်ဖြစ်သည်။ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့ အနေဖြင့် ခေတ်ဆန်ခြင်းနှင့် သရုပ်ပျက်ခြင်းကို ခွဲခြားနားလည်၍ မိမိတို့ ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိန်းသိမ်းကြရမည်ဖြစ်သည်။

အထူးသဖြင့် ဖိုးညိုမြနှင့် မယ်ညိုမြတို့ လူငယ်ဓလေ့ တွေ့လျှင်တွေ့ချင်း ရင်ခုန်သံမြန်နှုန်း မြင့်သွားသော် အယောင်ယောင် အမှားမှားစကားတွေ မပြောမိစေရန် ဆင်ခြင်တုံတရားဖြင့် သတိထား၍ လူလိမ္မာသား ယဉ်ပါးကြရမည်ဖြစ်သည်။ သို့ဖြစ်၍ အတာရေလောင်းခြင်းသည် မောင်ရင်းနှမပမာ မေတ္တာအရင်းခံ၍ အေးမြ စေလိုသောစေတနာဖြင့် လောင်းခြင်းဖြစ်သည်ကို မမေ့အပ်ကြောင်း မြဝတီက ထပ်လောင်းနှိုးဆော် လိုက်ရပါသည်။

Read 105 times Last modified on Thursday, 12 April 2018 09:50