SJ WorldNews - шаблон joomla Авто

ပဋိညာဉ်အပြား အင်ငါးပါးနှင့် စကားအဖြည့်

Saturday, 12 May 2018 10:32 font size decrease font size decrease font size increase font size increase font size

''အထွေအထွေ၊ ခွဲဝေကြောင်းခြာ၊ နှီးသို့ဖြာမျှ၊ နည်းနာစီလျဉ်၊ ထုံးပုံယှဉ်လျက်၊ ပဋိညာဉ်အပြား၊ အင်ငါး ပါးနှင့်စကားအဖြည့်၊ ပြည့်စုံသွေးသွေး''ဟူ၍ ရှင်မဟာသီလဝံသ အကျော်စပ် ဆိုတော်မူသော ပါရမီတော်ခန်းပျို့အပိုဒ် ၁၂၄ ၌ တွေ့ရသည်။ ပါရမီတော်ခန်းပျို့ဋီကာ ဆရာကဆိုခဲ့သော အပိုဒ်ကိုဖွင့်ဆိုရာ၌ ပညာရှင်တစ်ယောက်သည် အကြောင်းအရေး ကိစ္စပေါ်ပေါက်လာခဲ့လျှင် အထွေထွေသော အကြောင်းခြင်းရာတို့ကို နှီးဖြာသကဲ့သို့ ခွဲခြမ်းဝေဖန်၍ နည်းနာတို့ကို စီစီစဉ်စဉ် ထုံးပုံယှဉ်လျက် ပြောတတ်ဆိုတတ်၏။ ပဋိညာဉ်စသော အပြားငါးပါးနှင့်စကားကို ပြည့်ပြည့်စုံစုံ ဖြည့်စွက်နှီးနှောနိုင်သည်ဟု အဓိပ္ပာယ်ပြန်ဆိုထားသည်။

ပဋိညာဉ်အပြား၊ အင်ငါးပါးနှင့်စကားအဖြည့်ဟူသည် ပညာရှိတို့ပြောကြားအပ်သော စကား၏အင်္ဂါအစိတ် အပိုင်းငါးမျိုးကို ကောက်ယူရန်ဖြစ်သည်။ စကား၏ အင်္ဂါအစိတ် အပိုင်းငါးမျိုးမှာ ဝန်ခံစကားပြောကြားခြင်း (ပဋိညာဉ်)၊ ဥပမာဆောင်၍ ထင်ရှားအောင် ပြောကြားခြင်း(ဥပမာ)၊ အကြောင်းအထောက်အထား လုံလောက်စွာ ပြောကြားခြင်း(ဟေတု)၊ ပုံစံသက်သေထုတ်ပြပြောကြားခြင်း(ဥဒါဟရဏ)၊ မိမိအစပြုချီလာသောစကားကို အစအနသေသပ်အောင် နိဂုံးချုပ်ခြင်း(နိဂမ)တို့ဖြစ်သည်။

မြန်မာနိုင်ငံအပေါ် ကမ္ဘာ့နိုင်ငံများက အာရုံစိုက်နေကြသော ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်းဒေသနှင့် စပ်လျဉ်းသည့်ကိစ္စကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကုလသမဂ္ဂလုံခြုံ ရေးကောင်စီမှ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ဝင်များသည် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာအစည်းအဝေး ခန်းမ၌ ဧပြီ ၃ဝ ရက် ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပဋိညာဉ်စကားပြောကြားရာ၌ ''မိမိတို့တပ်မ တော်သည် မြန်မာနိုင်ငံကို ကိုယ်စားပြုသည့် တပ်မတော်ဖြစ်ပြီး မိမိကိုယ်တိုင်မှာလည်း တပ်မတော်၏ အကြီးအကဲ တစ်ဦးဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် နိုင်ငံ၏ ခေါင်းဆောင် သမ္မတရှိပါကြောင်း၊ မိမိတို့ တပ်မတော်အနေ ဖြင့် သမ္မတ၏ ခေါင်းဆောင်မှု အောက်တွင်သာ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့တပ်မတော်သည် မြန်မာနိုင်ငံအစိုးရ၏ ဦးဆောင်မှုအောက်တွင်သာ ရှိသည်ဟု ပြောကြားလိုပါကြောင်း၊ မိမိတို့ တပ်မတော်အနေဖြင့် ဥပဒေကပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အရ လုပ်ကိုင်ဆောင်ရွက်နေခြင်း သာရှိပြီး ဥပဒေကို ကျော်လွန်၍ မည်သည့် အရာကိုမျှ လုပ်ကိုင်ဆောင်ရွက်ခွင့် မရှိပါကြောင်း၊ သို့ရာတွင် မိမိတို့တပ်မတော်အပေါ် အများစုက နားလည်မှု လွဲမှားနေသည်ကို တွေ့ရှိနေရပါကြောင်း'' အလေးအနက် ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှုအခင်းများနှင့် ပတ်သက်ပြီး ဥပမာဆောင်၍ ထင်ရှားအောင် ပြောကြားရာ၌ ''မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် အဓမ္မ ပြုကျင့်မှု၊ အထူးသဖြင့် အမျိုးသမီးများ အပေါ် ကျူးလွန်သည့် အမှုများနှင့် ပတ်သက်၍ မည်သို့ မျှခွင့်မလွှတ်သည့် နိုင်ငံလည်းဖြစ်ကြောင်း၊ မိမိတို့ ကောက်ယူထားသည့် မှတ်တမ်းများအရ ၂ဝ၁၆ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ အရပ်ဘက်နှင့်စစ်ဘက်တို့တွင်ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်မှုစုစုပေါင်း ၁၁၁၆ မှုဖြစ်ပွားခဲ့ပြီး အဆိုပါအမှု များတွင် တပ်မတော်မှ ၁၆ မှုဖြစ်ပွားခဲ့ကာ အရပ်ဘက်မှ ၁၁ဝဝ မှုဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော် အနေဖြင့် စစ်ဘက်မှ အဓမ္မပြုကျင့်ခဲ့သူများကို ထောင်ဒဏ် နှစ် ၂ဝ အထိချမှတ်ခဲ့ပါကြောင်း၊ ထို့ပြင် ၂ဝ၁၇ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ တရားရုံးတွင် တိုင်တန်းခဲ့သည့် အဓမ္မပြုကျင့်မှု စုစုပေါင်း ၁၄၂၂ မှုဖြစ်ပွားခဲ့ပြီး စစ်ဘက်မှ ၁၇ မှု ပါဝင်ခဲ့ရာ အဆိုပါ ကျူးလွန်သူများကိုလည်း ထောင်ဒဏ် ၂ဝ နှစ် ချမှတ်၍ အပြစ်ပေးခဲ့ပြီးဖြစ်ကြောင်း'' ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  အကြောင်း အထောက်အထား လုံလောက်စွာ ပြောကြားခြင်းနှင့်ပုံစံ သက်သေထုတ်ပြပြောကြားရာ၌ ''မိမိတို့ အနေဖြင့် နိုင်ငံတကာကို အပြည့်အစုံ ထုတ်ပြန်ကြေညာခဲ့သော်လည်း အချို့သောထုတ်ပြန်ချက်များကို သတင်းအမှောင်ချ ထားခြင်းခံခဲ့ရသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ သို့ဖြစ်၍ မိမိတို့ထုတ်ပြန်သည့် သတင်း အချက်အလက်များကို နိုင်ငံတကာမှ ရရှိခဲ့ခြင်း မရှိပါကြောင်း၊ ရခိုင်ပြည်နယ်တွင် အရေးယူသည့် ကိစ္စနှင့် ပတ်သက်၍ အမှု ၃ ခုသာရှိသည့်အတွက် မိမိတို့ လုပ်ကိုင်ဆောင်ရွက်မှု နည်းပါးလျက်ရှိ သည်ဟု ပြောကြားချက်နှင့်ပတ်သက်၍ မိမိတို့အနေဖြင့် စုံစမ်းစစ်ဆေး၍ ဖော်ထုတ်နိုင်သည့် ပြစ်မှုအားလုံးကို အရေးယူ ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့အရေးယူခဲ့သည့် နောက်ဆုံးပြစ်မှုမှာ လူသတ်မှုဖြစ်ပြီး ကျူးလွန်ခဲ့သူ ၇ ဦးကိုလည်း ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခဲ့ပြီးဖြစ်ပါကြောင်း'' ရှင်းလင်းပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိဂုံးချုပ်စကားပြောကြားရာ၌ ''မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိ ပက္ခများ၊ ဆူပူအကြမ်းဖက်မှုပြဿနာများ၊ ငြင်းခုံနေသည့် ပြဿနာများအား ဖြေရှင်းဆောင်ရွက်ပြီး အိမ်နီးချင်း နိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ နေထိုင်သွားလိုပါကြောင်း၊ မိမိတို့ လျှောက်လှမ်းနေသည့် နိုင်ငံရေးလမ်းကြောင်းပေါ်တွင် အေးချမ်းမှုရှိပြီး ပြည်သူများမှ စိတ်ချမ်းသာစွာဖြင့် တိုင်းပြည်အတွက် ကောင်း မွန်အောင်လုပ်ဆောင်သည့်ကိစ္စရပ်များအား မိမိတို့ တပ်မတော်အနေဖြင့် များစွာလိုလားပါသည်''ဟု တပ်မတော်၏ အရင်းခံ စေတနာစကား ပြောကြားပါသည်။

သို့ဖြစ်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ဝင်များ ဧပြီ ၃ဝ ရက်က တွေ့ဆုံဆွေးနွေးစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပဋိညာဉ် အပြားအင်ငါးပါးနှင့် အညီ ပြောစကားတို့သည် အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံရေး၏ နွေးထွေးမှုကို ဖော်ညွှန်းလျက် အမျိုးသားရေး အင်အားစု တပ်မတော်၏ ရပ်တည်ချက်နှင့် အရင်းခံ စေတနာတို့ကို တွေ့မြင်နိုင်ကြောင်း မြဝတီက ဖြည့်စွက်ဖော်ပြ အပ်ပါသည်။

Read 90 times Last modified on Saturday, 12 May 2018 10:40