SJ WorldNews - шаблон joomla Авто

အတိတ်သမိုင်းကြောင်းကို မှန်ကန်စွာ ချဉ်းကပ် လေ့လာ

Monday, 14 May 2018 08:25 font size decrease font size decrease font size increase font size increase font size

မြန်မာ့သမိုင်းကို ပြန်ပြောင်းကြည့်ပါလျှင် ထင်ထင်ရှားရှား တွေ့မြင်ရသည်မှာ အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းမင်းတရား ဟူသော မင်းမြတ်သုံးပါးဖြစ်သည်။ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်နှင့် တတိယ မြန်မာနိုင်ငံတော်ဟူ၍ မော်ကွန်းတင်ထားနိုင်ခဲ့သည်မှာ အရည်အချင်း ပြည့်ဝသော ခေါင်းဆောင်၏ ဦးဆောင်မှု၊ ပြည်သူလူထု၏ အားပေးထောက်ခံမှုနှင့် စွမ်းရည်ထက်မြက်ပြီး အင်အားတောင့်တင်းသော စစ်သည်တော်များ ရှိခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ ပြည်တွင်းပြည်ပ ရန်ဟူသမျှကို အောင်မြင်စွာ ချေမှုန်းအနိုင်ယူကာ တိုင်းပြည်အေးချမ်း သာယာအောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။

ခေါင်းဆောင်မှု အရည်အချင်းညံ့ဖျင်းခြင်း၊ စစ်သည်တော်တို့ စွမ်းရည်ကျဆင်းပြီး အင်အားလျော့နည်းခြင်း၊ တိုင်းသူပြည်သားတို့ကို စိတ်နှလုံးအေးချမ်း သာယာအောင် မထားနိုင်ခြင်း စသော မင်းများလက်ထက်တွင် မြန်မာနိုင်ငံသည် ပြိုကွဲခဲ့ရသည်။ ပထမမြန်မာနိုင်ငံတော်သည် နရသီဟပတေ့မင်း လက်ထက်တွင် လည်းကောင်း၊ ဒုတိယ မြန်မာနိုင်ငံတော်သည် ဟံသာဝတီရောက်မင်း လက်ထက်တွင် လည်းကောင်း၊ တတိယမြန်မာနိုင်ငံတော်သည် သီပေါမင်း လက်ထက်တွင် လည်းကောင်း ပျက်စီးဆုံးရှုံး သွားခဲ့ရသည်မှာ အထက်ပါ အချက်များကြောင့် ဖြစ်သည်။

မြန်မာတို့ သူ့ကျွန်ဘဝသို့ မရောက်မီ ရာဇဝင်တွင် အထင်ရှားဆုံးမင်းမှာ အလောင်းမင်းတရားကြီး ဖြစ်သည်။ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသော ဒုတိယမြန်မာနိုင်ငံတော်ကြီးကို အလောင်းမင်း တရားသည် သွေးသောက်ရဲဘော် ခြောက်ကျိပ်ရှစ်ယောက် (၆၈ယောက်)နှင့် အတူ ခက်ခဲပင်ပန်းစွာ ပြန်လည်စုစည်းခဲ့ရသည်။ အလောင်းမင်းတရားသည် သူ့ခေတ်သူ့အခါက ကံဆိုးမိုးမှောင် ကျနေသည့် မြန်မာပြည်ကြီးကို ကယ်တင်ခဲ့သည်။ နှစ်ပေါင်း ၁၃ဝ တည်တံ့ခဲ့သော ကုန်းဘောင်ခေတ်ကြီးကို စတင်ဖွင့်လှစ်ခဲ့သည်။

သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းကို စာရေးဆရာတစ်ဦးက ''သမိုင်းကို ဘာကြောင့်သင်တာလဲ ဆရာ'' ဟုမေးဖူးသည်။ ဒေါက်တာသန်းထွန်း၏ အဖြေက ''မအ အောင်လို့'' ဟူ၍ဖြစ်သည်။ ယနေ့လူငယ်မောင်မယ်များ အနေဖြင့် မိမိတို့နိုင်ငံ၏ သမိုင်းကို ကျေကျေညက်ညက် သိထားသင့်သည်။ အလောင်းမင်းတရားကြီးသည် မြန်မာတစ်နိုင်ငံလုံးကို တစုတစည်းတည်းဖြစ်အောင် ဆောင်ရွက်လျက်ရှိရာ မြို့တစ်မြို့သာ သိမ်းပိုက်ရန် ကျန်နေသော အချိန်ကာလဖြစ်သည်။ တိတိကျကျဆိုရလျှင် ၁၇၅၅ ခုနှစ် သြဂုတ် ၁၇ ရက် ညနေ ၄ နာရီတွင် အလောင်းမင်းတရား၏ နန်းတော်သို့ အင်္ဂလိပ်ကုမ္ပဏီအစိုးရ၏ ကိုယ်စားလှယ်အဖွဲ့  လာရောက်ဂါရဝပြုသည်။ ထိုအခမ်းအနားတွင် အင်္ဂလိပ်သံမှူး ဘေကာနှင့် အလောင်းမင်းတရားကြီးတို့ အပြန်အလှန် အမေးအဖြေ ပြုကြသည်။ ထို့နောက် အင်္ဂလိပ်သံမှူးက ကုမ္ပဏီအစိုးရ၏ စာချွန်တော်ကို ဖတ်ကြားတင်ပြသည်။

ထိုစာ၏တစ်နေရာတွင် ''အကြည်တော် မင်းတရားကြီး၏ ပြည်တွင်းပြည်ပ ရန်သူတော် အားလုံးကို ချေမှုန်းနိုင်စေရန် အရှေ့အိန္ဒိယကုမ္ပဏီမှ လိုအပ်သော ကူညီထောက်ပံ့မှုမျိုးစုံကို ပေးစွမ်းနိုင်ပါသည်။ ဤကုမ္ပဏီ အစိုးရသည် တန်ခိုးအင်အား ကြီးမားသည်ဖြစ်၍ အကြည်တော်နှင့် ရွှေလမ်းငွေလမ်းဖောက်ကာ မဟာမိတ်စာချုပ်များ ပြုလုပ်သင့်လှပေသည်''ဟူ၍ ဖော်ပြပါရှိသည်။

အလောင်းမင်းတရားကြီးသည် ဟက်ဟက်ပက်ပက် ရယ်မောတော်မူပြီး ''ဟား..ဟား.. သင်တို့အကူအညီကို ငါတောင်းခံဖူးသလော။ ငါ၏ ရန်သူတော်များကို နှိမ်နင်းရာတွင် သူတစ်ပါး၏ အထောက်အပံ့ကို လိုလားခဲ့ဖူးသလော။ မည်သူမျှ ဤသို့မထင်မြင်စေလို။ ငါသည် သုံးနှစ်ကြာ ကာလအတွင်း အရပ်လေးမျက်နှာရှိ ရန်သူတော် မျိုးစုံတို့အား သူတစ်ပါးထံမှ သေနတ်တစ်လက်၊ အမြောက်တစ်ခုမျှ အကူအညီမယူဘဲ အောင်တော်မူခဲ့သည် မဟုတ်လော။ နေပြည်တော်မှ သုံးလခရီး ချီတက်ရသော နယ်မြေများသာတည်း။ တစ်နိုင်ငံလုံး ငါ့လက်အောက်သို့ ရောက်ရန် တစ်မြို့သာ ကျန်တော့သည်။ ကူညီထောက်ပံ့ရေး မပြောပါနှင့်။ ငါ့ကိုဘာမျှကူညီရန် မလို။

ငါတို့၏ ဘိုးဘွားအမွေအနှစ် နိုင်ငံတော်တစ်ရပ်လုံးကို အလုံးစုံပြန်လည် သိမ်းပိုက်ရန် တစ်မြို့သာ ကျန်ရှိသောအချိန်၌ ငါသည် သူတစ်ပါးအထောက်အပံ့ကို လိုအံ့လော''ဟူ၍ ပြတ်ပြတ်သားသား မိန့်ကြားခဲ့သည်။

အထက်ပါ အကြောင်းအရာများမှာ ညိုမြ၏ ကုန်းဘောင်ရှာပုံတော် စာအုပ်တွင် ''အလောင်းဘုရားအသံ'' (အင်္ဂလိပ်သံမှူးဘေကာ၏ မှတ်တမ်းမှဘာသာပြန်ယူသည်) ဟူသောအခန်းမှ ကောက်နုတ် ဖော်ပြချက်များ ဖြစ်သည်။ အလောင်းမင်းတရားသည် မြန်မာ့သမိုင်းတွင် တစ်ခေတ်မှာတစ်ယောက် ထွန်းပေါက်ခဲ့သော အာဇာနည် ယောက်ျားဖြစ်သည်။ ထိုခေတ် ထိုအခါကပင် ပြည်ပ စွက်ဖက်မှုများသည် ယင်းတို့၏ အကျိုးအမြတ်ကိုသာ အဓိကထားခဲ့ကြောင်း တွေ့ရသည်။

ရွှေဘိုမြို့ကို ထန်းလုံးတပ် အခိုင်အခံ့ တည်ဆောက်ကာ မြန်မာနိုင်ငံ တစ်ဝန်းလုံး ငြိမ်ဝပ်ပိပြားရေး စတင်ဆောင်ရွက်စဉ်အချိန်အခါက အကူအညီပေးမည့်သူမရှိခဲ့ဘဲ မြို့တစ်မြို့သာ သိမ်းပိုက်ရန် ကျန်သည့်အချိန်ကျမှ အကူအညီပေးမည့်စကားသည် အလောင်းမင်းတရားအတွက် ရယ်စရာဟာသ တစ်ခုဖြစ်နေပေလိမ့်မည်။

သုံးနှစ်လုံးလုံး အကူအညီစကား မပြောခဲ့သော အင်္ဂလိပ်တို့သည် ကုန်းဘောင်အင်ပါယာကြီး တည်ဆောက်ပြီးတော့မည့် အချိန်ကျမှ အကူအညီ စကားပြောခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သံမှူးဘေကာ၏ မှတ်တမ်းတွင် အလောင်းမင်းတရား ဟက်ဟက်ပက်ပက် ရယ်မောသည်ဟု မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။

အာဇာနည်ပုဂ္ဂိုလ်တို့၏ အကြောင်းကို ကြားနာလေ့လာရခြင်းသည် မင်္ဂလာရှိပေသည်။ အမြဲတစေစိတ်အားတက်ကြွစေသည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုတိုးမြင့်အောင် ကြံဆောင်လိုစိတ်များ ဖြစ်ပွားစေသည်။

မိမိတို့၏ဘဝနှင့် တိုင်းပြည်၏ သမိုင်းကို ပိုမိုလေးနက် အဓိပ္ပာယ်ရှိစေသည်။ အနာဂတ်ကို ဖန်တီးတည်ဆောက်ကြမည့် ယနေ့လူငယ်မောင်မယ်များ အနေဖြင့် အတိတ်သမိုင်းကြောင်းကို မှန်ကန်စွာ ချဉ်းကပ် လေ့လာသိရှိသင့်သည်။ သင်ခန်းစာယူသင့်သည်များကို ယူရမည်။ ရှောင်သင့်သည်ကို ရှောင်၍ ဆောင်သင့်သည်ကို ဆောင်ကြရမည်ဖြစ်ကြောင်း မြဝတီက မီးမောင်းထိုးပြ လိုက်ရပေသည်။ 

Read 22 times Last modified on Monday, 14 May 2018 08:26