SJ WorldNews - шаблон joomla Авто

အိပ်ချင်ရင် အိပ်လိုက်ပါ မငိုက်မိပါစေနှင့်

Wednesday, 16 May 2018 08:42 font size decrease font size decrease font size increase font size increase font size

ခေတ်မီတိုးတက်သော နိုင်ငံတော်ဖြစ်သည်နှင့်အညီ ယာဉ်သွားလာမှုသည် လမ်းတိုင်းတွင် အချိန်နှင့်အမျှ ရှိနေသည်။ ကွန်ရက်သဖွယ် ဖောက်လုပ်ခဲ့သော လမ်းတံတားများကြောင့် တစ်နေရာနှင့်တစ်နေရာ တစ်မြို့နှင့်တစ်မြို့ သွားလာရေး လွယ်ကူလျက်ရှိသည်။ ယခင်က ရန်ကုန်နှင့်မန္တလေးကို ညအိပ်ခရီးဖြင့် သွားလာခဲ့ရသော်လည်း ယခုအခါ နာရီပိုင်းအချိန်အတွင်း ရောက်ရှိနေသည်။ ထို့ကြောင့်လည်း မိသားစုအလိုက်သော် လည်းကောင်း၊ အသင်းအဖွဲ့အလိုက်သော် လည်းကောင်း လေ့လာရေး ခရီးသွားခြင်း၊ ဘုရားဖူး ခရီးသွားခြင်းများစဉ်ဆက်မပြတ် ရှိနေသည်။

ထိုသို့ခရီးသွားလာရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာသူများရှိသလို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သူများလည်း ရှိနေသည်။ အသက်ကိုဉာဏ်စောင့်၊ ဥစ္စာကံစောင့် ဆိုစကားကဲ့သို့ ဉာဏ်နှင့်မဆင်ခြင်သော အမှားများကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရသော သတင်းများ မကြာခဏ ကြားသိနေရသည်မှာ ဝမ်းနည်းဖွယ်ဖြစ်ပေသည်။ ယာဉ်မောင်း အိပ်ငိုက်ခြင်းကြောင့် ယာဉ်တိမ်းမှောက်ကာ လူ့အသက်ဆုံးရှုံးခြင်း၊ ပစ္စည်းဥစ္စာများ ဆုံးရှုံးခြင်းသည် နေ့စဉ်ဖြစ်ပေါ်လျက်ရှိသည်။

ယာဉ်အန္တရာယ် ဖြစ်ပေါ်လိုက်ပြီဆိုသည်နှင့် အဓိက တာဝန်ရှိသူမှာ ယာဉ်မောင်းဖြစ်ပေသည်။ ယာဉ်မောင်းတစ်ဦးသည် ခရီးစဉ် အစမှအဆုံးသို့ ရောက်သည်အထိ ခရီးသည်များကို လိုရာ သို့ရောက်အောင် ပို့ဆောင်ပေးနိုင်ရမည်ဖြစ်သည်။ ခရီးသွားလာသူမှန်သမျှ၏ အသက်သည် ယာဉ်မောင်း၏ ကိုယ်နှုတ်နှလုံး သုံးပါးစလုံးပေါ်တွင် မူတည်နေသည်။ တစ်နည်းဆိုရလျှင် ခရီးသည်တို့အသက်သည် ယာဉ်မောင်းတို့၏ လက်ထဲတွင်ရှိနေသည်။ ထို့ကြောင့် ယာဉ်မောင်းတိုင်းသည် ခရီးတစ်ခုကို မစတင်မီ၊ ယာဉ်မောင်းနှင်ခြင်းမပြုမီ သန့်ရှင်းရေးကိုဦးစားပေး လုပ်ဆောင်ရမည်။

သန့်ရှင်းရေးဆိုရာ၌ လူ၏ပြင်ပသဏ္ဌာန် သန့်ရှင်းရေး၊ ကိုင်တွယ်မည့် ပစ္စည်းများ သန့်ရှင်းရေးနှင့် စိတ်ကြည်လင်သန့်ရှင်းရေးတို့ကို မဖြစ်မနေ လုပ်ဆောင်ရမည်။ ပြီးလျှင် မိမိ၏မောင်းနှင်မည့် မော်တော်ယာဉ် အစိတ်အပိုင်းများဖြစ်သည့် ဘရိတ်၊ မီးများ(ရှေ့မီးကြီး၊ ဘေးမီးငယ်၊ ဘရိတ်မီး၊ အချက်ပြမီး၊ နောက်နံပါတ်ပြားမီး)၊ ဟွန်း၊ တာယာကောင်း၊ မကောင်း၊ လေညီ၊ မညီ၊ စတီယာရင်ကောင်း၊ မကောင်း၊ ဂီယာကောင်း၊ မကောင်း၊နောက်ကြည့်မှန်၊ ဆီ၊ ရေ၊ လေ၊ ဝိုင်ပြည့်စုံမှုရှိ၊ မရှိ၊ ယာဉ်မောင်းလိုင်စင်၊ မှတ်ပုံတင်သက်သေခံ လက်မှတ်၊ မိုးတွင်းအခါ ရေသုတ် ကိရိယာကောင်း၊  မကောင်း စသည်များကို မဖြစ်မနေ စစ်ဆေးကြရမည်ဖြစ်သည်။

မည်သည့်ယာဉ်မောင်းမဆို အရမ်းကာရော သို့မဟုတ် အန္တရာယ် ဖြစ်နိုင်လောက်အောင် သို့မဟုတ် မထိန်းသိမ်းနိုင်လောက်အောင် မမောင်းရပါ။ ယာဉ်တစ်စီးနှင့်တစ်စီး ပြိုင်မမောင်းရပါ။ ယာဉ်မောင်းသူများသည် လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများအတိုင်း မောင်းနှင်ရမည်။ အထူးဂရုပြုသင့်သော အချက်မှာ ယာဉ်မောင်းသူသည် သတ်မှတ်ထားသည့် အမြန်နှုန်း ထက်ပို၍ မိမိယာဉ်ကို မမောင်းနှင်ရပါ။

ဤအချက်ကို မလိုက်နာသောကြောင့် ယာဉ်မတော်တဆဖြစ်ပွားမှု အများဆုံးဖြစ်သည်။ ထို့ထက်ပို၍ ဆိုးရွားသောအချက်မှာ ညအချိန် ယာဉ်မောင်းသည့်အခါ မျက်နှာချင်းဆိုင်မှ လာသော ယာဉ်မောင်းသူ မျက်စိမစူးစေရန် မိမိယာဉ်၏ ရှေ့မီးကြီးကိုအောက်သို့စိုက်ပေးရမည် သို့မဟုတ် ပိတ်ပေးရမည်။ အခြားယာဉ်နောက်မှလိုက်၍ မောင်းနှင်နေပါက မိမိယာဉ်၏ ရှေ့မီးကြီးများကို အောက်သို့စိုက်၍ မောင်းနှင်ရမည်။ ယာဉ်ကွေ့မည်ဖြစ်ကြောင်း အချက်ပြခြင်းကိုလည်း ကွေ့မည့်နေရာသို့မရောက်မီ အနည်းဆုံး ၃ဝ ဒသမ ၅ မီတာ(ပေ ၁ဝဝ)မှကြိုတင်၍ ပြရမည်။

ယာဉ်တိုက်မှုဖြစ်စဉ်အချို့ကို ပြန်လည်ကြည့်မည်ဆိုပါက ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာ ပုသိမ်-မုံရွာလမ်းမကြီးပေါ်၌ မေ ၈ ရက် နံနက် ၅ နာရီတွင် လမ်းလျှောက်လာသူ အမျိုးသမီးနှစ်ဦးအား ယာဉ်တစ်စီးမှ ဝင်တိုက်ရာ နှစ်ဦးလုံး သေဆုံးသွားသည်။ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ဒန်အိုးစက်မှတ်တိုင်တွင်  မေ ၈ ရက် နံနက် ၅ နာရီက ရပ်ထားသော ခရီးသည်တင်ယာဉ်ကို လိုက်ထရပ်ယာဉ်တစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်သည့်အတွက် ခရီးသည်တင် ယာဉ်မောင်းသေဆုံးပြီး ခရီးသည်ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။ သီပေါမြို့နယ် ဘော်ကြိုကျေးရွာအနီး မေ ၉ ရက် နံနက် ၆ နာရီတွင် ၂၂ ဘီး ဆီဘောက်ဆာ ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်မှုဖြစ်ခဲ့သည်။ လားရှိုးမြို့ မြို့ရှောင်လမ်းတွင် မေ ၁၁ ရက် ညနေ ၅ နာရီခွဲက မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ လူတစ်ဦး သေဆုံးသည်။

ယခုရက်ပိုင်းအတွင်း အဆိုးရွားဆုံးဖြစ်ရပ်မှာ မေ ၁၁ ရက်က ခရီးသည်တင် Express ယာဉ်တစ်စီး တိမ်းမှောက်၍ လူရှစ်ဦးသေဆုံးသော သတင်းဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် အင်းမမြို့ သီရိရတနာရပ်ကွက် ရန်ကုန်-ပြည် အဝေးပြေး ကားလမ်းမပေါ်၌ မေ ၁၁ ရက် နံနက် ၁ နာရီခွဲတွင် ခရီးသည်တင် ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ကလေးငယ်နှစ်ဦး အပါအဝင် ရှစ်ဦးသေဆုံးပြီး ၂ဝ ဦး ဒဏ်ရာရရှိခဲ့သည်။

တောင်တွင်းကြီးမြို့မှ ရန်ကုန်မြို့သို့ ခရီးသည် ၄၈ ဦးတင်ဆောင်လာစဉ် တိမ်းမှောက်ခြင်း ဖြစ်သည်။

ယာဉ်မတော်တဆဖြစ်စဉ်များကို သုံးသပ်ကြည့်ပါက လမ်းကြောင့်ဖြစ်စေ၊ ယာဉ်ကြောင့်ဖြစ်စေ အဓိကမှာ လူကြောင့်သာဖြစ်သည်။ ယာဉ်မောင်းတစ်ဦး လုပ်ဆောင်ရမည့် အချက်အလက်များ၊ လိုက်နာရမည့် စည်းကမ်းများအတိုင်းသာ လုပ်ဆောင်ကြမည်ဆိုပါက ယာဉ်အန္တရာယ်ဖြစ်ခြင်းမှ ကင်းဝေးမည်ဖြစ်သည်။ သတိတမံ ဉာဏ်မြေကတုတ်ဟူသော စကားအတိုင်း သတိတရား လက်ကိုင်ထားပါက အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်မည်သာဖြစ်သည်။ ခရီးဝေးသွားလာနေရသော ယာဉ်မောင်းများအနေဖြင့် အဓိက လုပ်ဆောင်သင့်သော အချက်မှာ အိပ်ရေးဝဝ အိပ်ခြင်းဖြစ်သည်။ အိပ်ရေးဝမှသာ အားအင်ပြည့်ပြီး စိတ်ကြည်လင်နေမည်ဖြစ်သည်။ စိတ်ကြည်ကြည်လင်လင်ဖြင့် လုပ်ကိုင်ရသော အလုပ်သည် အောင်မြင်မည်ဖြစ်သည်။ ထို့ကြောင့် ယာဉ်မောင်း အားလုံး အိပ်ချင်ရင်အိပ်လိုက်ပါ။ မငိုက်မိကြပါစေနှင့် ဟူ၍ အကြံပေးလိုပါသည်။  

Read 24 times Last modified on Wednesday, 16 May 2018 08:43