SJ WorldNews - шаблон joomla Авто

ရေလုပ်သားတို့ ဘဝမြှင့်တင်ရေး လူတိုင်းပါဝင်

Saturday, 09 June 2018 11:56 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ ရေလုပ်ငန်းများအတွက် ၂ဝ၁၈ ခုနှစ်အတွင်း သတ်မှတ်ထားသော ငါးမဖမ်းရ ရာသီတွင် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းကို ၂ဝ ရာခိုင်နှုန်း ဖမ်းခွင့်ပြု ထားသဖြင့် ရေလုပ်သားတို့ ပင်လယ်ပြင် ထွက်၍ ငါးဖမ်းနေကြရာ လေပြင်းတိုက်ခတ်မှု ဒဏ်နှင့် အခြားမမျှော်လင့်သော အန္တရာယ်များနှင့် ကြုံတွေ့ကြရသည်။

ရခိုင်ကမ်းရိုးတန်းမှ ရေလုပ်သား ခုနစ်ဦးတို့သည် သံတွဲဆိပ်ကမ်းမှ ပင်လယ်ပြင်သို့ ငါးဖမ်းစက်လှေ တစ်စင်းဖြင့် ထွက်ခွာ လာကြရာ ရေမိုင် ၆ဝ အကွာအဝေးသို့ ရောက်ရှိသည့် မေ ၂၆ ရက်တွင် မုန်တိုင်းမိ၍ စက်လှေမှောက်သွားသဖြင့် ပင်လယ်တွင်း၌ အသက်ကယ် လှေဖြင့် ငါးရက်ကြာ မျောပါလာပြီး မေ ၃ဝ ရက်တွင် ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာ မြို့နယ် ကွင်းပေါက်ကျေးရွာသို့ ရောက်ရှိလာကြသည်။ လပွတ္တာမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက လိုအပ်သော အကူအညီများ ထောက်ပံ့ပေးပြီး နေရပ်သို့ ပြန်ပို့ပေးမည် ဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်း မုတ်သုံမိုး စတင် ရွာသွန်းချိန်တွင် ပင်လယ်ပြင်မှ မြစ်ချောင်းများ အတွင်းသို့ ဆန်တက် လာကြသော ရေငန်ငါးနှင့် ပုစွန်သေဆုံးမှုများသဖြင့် ယခုအချိန်တွင် ရေလုပ်သားများအတွက် ငါးအရနည်းကြသည်။ အထူးသဖြင့် ဒေသတွင်း ဈေးကွက်တွင် ဟိုတယ်နှင့် စားသောက်ဆိုင်များက ဈေးကောင်း ပေးဝယ်သော ငါးသလောက်အရ နည်းနေကြောင်း သိရသည်။

ရခိုင်ပြည်နယ် အတွင်းရှိ စစ်တွေ၊ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ ပေါက်တော၊ မြေပုံနှင့် မင်းပြားမြို့နယ်တို့ အတွင်းမှ ငါးသလောက် အများဆုံး ဖမ်းမိပြီး ၂ဝ၁၇ ခုနှစ်က ပေါက်ဈေးမှာ ဈေးကွက်ဝင် အကောင်ကြီး ငါးသလောက် တစ်ပိဿာလျှင် ငွေကျပ် ၁၈ဝဝဝ ရှိသော်လည်း ယခုနှစ် ငါးရှားပါးမှုကြောင့် ပွဲရုံများ အနေဖြင့် ပုံသေဈေးနှုန်း သတ်မှတ်ရန် မဖြစ်နိုင်တော့ပေ။ ၂ဝ၁၂ ခုနှစ်မတိုင်မီ ကာလများ၌ ရခိုင်ပြည်နယ်မှ ငါးသလောက် များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်သည်များက ဈေးပြိုင်စနစ်ဖြင့် လာရောက် ဝယ်ယူကြခြင်းကြောင့် ဈေးကောင်း ရခဲ့ဖူးသော်လည်း ယခုအချိန်တွင် ၄င်းဈေးကွက်ပျက် သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ဇွန်၊ ဇူလိုင်၊ သြဂုတ်လ တို့သည် ငါးရစ် တက်ချိန်ဖြစ်သဖြင့် ရေချိုငါးရော ရေငန်ငါးပါ မြစ်ချောင်းများ အတွင်းသို့ လာရောက် ဥချကြသော ကာလဖြစ်ပြီး ဒေသခံ ရေလုပ်သားများ ငါးဖမ်းချိန်မှာလည်း ဤကာလတွင် အများဆုံး ဖြစ်သည်။

မွန်ပြည်နယ် ရေးမြို့နယ် အဘော်ကျေးရွာမှ ငါးဖမ်းစက်လှေ တစ်စင်းသည် ရေလုပ်သား ၃၆ ဦး လိုက်ပါ၍ ဇွန် ၅ ရက် နံနက် ၁၁ နာရီခန့်တွင် မြန်မာ့ ပင်လယ်ပြင်သို့ ငါးဖမ်း ထွက်လာရာ ကုလားကုတ်ကျွန်း၏ တောင်ဘက် ၇ မိုင်ခန့်အကွာ အေးကျွန်း၏ အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာသို့ ရောက်ရှိစဉ် ညနေ ၄ နာရီခန့်တွင် စက်ခန်း အတွင်းမှစ၍ မီးလောင်မှု ဖြစ်ပွားနေကြောင်း သတင်းအရ တပ်မတော်(ရေ)မှ တပ်မတော်သားများက လှေမီးလောင် နေသော နေရာသို့ သွားရောက်၍ လှေပေါ်ပါပဲ့နင်း တစ်ဦးနှင့် လှေလုပ်သား ၃၅ ဦးတို့ကို ကူညီကယ်တင် နိုင်ခဲ့သော်လည်း လှေမှာ မီးလောင်ကျွမ်းပြီး ရေထဲသို့ နစ်မြုပ်သွားသည်။ လှေပေါ်မှ ကယ်တင်လာသော လှေသားများအား တပ်မတော်သားများက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး အဝတ်အထည်နှင့် လိုအပ်သည်များ ထောက်ပံ့ပေးကြသည်။ ထို့နောက် လှေလုပ်သားများအား ရေးမြို့သို့ ဆက်လက် ပို့ဆောင် ပေးကြသည်။

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးမှုများတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ပါဝင်သကဲ့သို့ ရေနေသတ္တဝါများ သေကျေကြခြင်းကြောင့် ကမ်းဝေးကမ်းနီး ငါးဖမ်းလုပ်ငန်းနှင့် ရေချိုငါးမွေးမြူရေး လုပ်ငန်းများလည်း ပါဝင်ကြသည်။ ကမ်းဝေးကမ်းနီး ငါးဖမ်းလုပ်ငန်းများအား လူတို့ ပယောဂကြောင့် ထိခိုက် ပျက်စီးစေသော အကြောင်းတရား များတွင် ဒီရေသစ်တောများ ပြုန်းတီးခြင်း၊ သန္တာကျောက်တန်းများ ပျက်စီးခြင်း၊ ပင်လယ် ကြမ်းပြင်တွင် ပေါက်ရောက်သော မြက်ပင်များ ပြုန်းတီးခြင်းတို့ ပါဝင်ကြသည်။ လေပြင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် ပင်လယ်ငါးဖမ်း လုပ်ငန်းနှင့် ပုစွန်မွေးမြူ ထုတ်လုပ်ရေးစသည့် လုပ်ငန်းများ ဆုံးရှုံးကြရသည်။ တစ်ပြိုင်တည်းမှာပင် ရေလုပ်ငန်းဖြင့် စွန့်စား အသက်မွေးနေကြရသော ရေလုပ်သားတို့ ဘဝသည် ငါးမရရေချိုး ပြန်မည်ဟူသော စိတ်ဓာတ်ဖြင့် ပေါ့ပေါ့ဆဆ လုပ်ကိုင်ကြရသည် မဟုတ်ပေ။

သို့ဖြစ်၍ စွန့်စားလုပ်ကိုင်ရသော ရေလုပ်သားတို့ ဘဝမြှင့်တင်ရေး တစ်တပ်တစ်အား ကူညီသော အားဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် လူတိုင်း ပါဝင်ကြပါရန် မြဝတီက  တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။

Read 1512 times Last modified on Saturday, 09 June 2018 11:59