SJ WorldNews - шаблон joomla Авто

ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး အရှည်တည်တံ့အောင်ကြိုးပမ်း

Monday, 11 June 2018 08:06 font size decrease font size decrease font size increase font size increase font size

တတိယအကြိမ် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၈ ရက်ည    နာရီက ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပရာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့်ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်ဇနီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ပွဲ ဖြစ်မြောက်ရေး ကော်မတီနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီး များနှင့် သံတမန်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌတို့က အမှာစကားပြောကြားကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးက မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း အပါအဝင် အသင်းအဖွဲ့ ၁ဝ ဖွဲ့အား မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးဆုများကို အသီးသီး ပေးအပ်ချီးမြှင့်သည်။ ထို့နောက် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ရန်ပုံငွေအဖွဲ့က တိုက်ပွဲရှောင် ဒုက္ခသည်များနှင့် သဘာဝဘေးဒုက္ခသည်များ အတွက် ပေးအပ်လှူဒါန်းသည့်ငွေကျပ်သိန်း ၈ဝဝ ကို မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ပွဲ ကျင်းပရေးကော်မတီက ပေးအပ်လှူဒါန်းရာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် လွတ်လပ်ရေး ရရှိခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့် ၁၉၄၉ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို အာရှတိုက်ရှိနိုင်ငံ အားလုံးအနက် ပထမအစောဆုံး တရားဝင်အသိအမှတ်ပြုခဲ့သည်။ မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန် ဆက်သွယ်ရေးကို ၁၉၅ဝ ပြည့်နှစ် ဇွန် ၈ ရက်တွင်စတင်ခဲ့ကြပြီး နှစ်နိုင်ငံဝန်ကြီးချုပ်တို့သည် ၁၉၅၄ ခုနှစ်တွင် အိန္ဒိယသမ္မတ နိုင်ငံဝန်ကြီးချုပ်နှင့်အတူ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက်ကို လက်မှတ်ရေးထိုး၍ ကမ္ဘာသို့ကြေညာခဲ့ကြသည့် နိုင်ငံများဖြစ်ပြီး မျက်မှောက်ကာလတွင်မြန်မာ-တရုတ်အိမ်နီးချင်းနိုင်ငံတို့၏ ဆက်ဆံရေးသည် မဟာဗျူဟာမြောက် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးအဖြစ် ဆက်လက်တိုးတက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင်လတ်တလောဆောင်ရွက်နေသော ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အထောက်အပံ့ပြုနိုင်ရေး မြန်မာအစိုးရနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်မှုအပေါ် ကမ္ဘာ့နိုင်ငံကြီးများက ထောက်ခံကြိုဆိုကြရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပါအဝင်ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထောက်ခံကြိုဆိုကြောင်း ပေးပို့သည့်စာတွင် ''မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့်အတွက် တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်ပြီး ဖြစ်ပေါ်ပြောင်းလဲတိုးတက်လျက်ရှိသည့် အခြေအနေ အရပ်ရပ်ကို မျက်ခြည်မပြတ် စောင့်ကြည့်လျက်ရှိပြီး ကောင်းမွန်သော ရလဒ်ထွက်ပေါ်စေရေးအတွက် အိမ်နီးချင်းကောင်း နိုင်ငံအဖြစ် အကူအညီပေးလျက်ရှိသည်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး အေးချမ်းတည်ငြိမ်မှုကို ရေရှည်ထိန်းသိမ်းကာ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ဆွေးနွေးညှိနှိုင်းပွဲများ ကျင်းပစေရေးအတွက် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ အသိုက်အဝန်းနှင့် အတူတကွလက်တွဲကာ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါသည်''ဟူ၍ ဖော်ပြထားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အကြား ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် ''ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် ''အကောင်အထည်ဖော်ရာတွင် မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များအား အထောက်အပံ့ပြုနိုင်ရေး အတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ကို ဖိတ်ခေါ်၍ နားလည်မှုစာချွန်လွှာအား ၂ဝ၁၈  ခုနှစ် မေ ၃ဝ ရက်တွင် ကနဦးလက်မှတ် ရေးထိုးခဲ့ကြပြီး လိုအပ်သည့်လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ပြီးသည့် ဇွန် ၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်းနှင့် စပ်လျဉ်း၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ထောက်ခံကြိုဆိုလိုက်ပြီး ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ကတိကဝတ်ပြုခြင်းဖြစ်သည်။

မျက်မှောက်ကာလ နိုင်ငံတကာဆက်ဆံရေးသည် နှစ်နိုင်ငံအစိုးရ အချင်းချင်း ဆက်ဆံရေး၊ နှစ်နိုင်ငံပြည်သူ အချင်းချင်းဆက်ဆံရေး၊ တစ်နိုင်ငံမှအစိုးရနှင့် တစ်နိုင်ငံမှပြည်သူများ ဆက်ဆံရေးဟူသော ပုံစံများဖြင့် ဖွံ့ဖြိုးရေးအတွက် အပြန်အလှန်ပူးပေါင်းဆောင်ရွက်နေကြသည်။ အိမ်နီးချင်းတရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတို့သည်လည်း အလားတူဘက်စုံ ပူးပေါင်းဆောင်ရွက်နေကြသည်ဖြစ်ရာ အိမ်နီးချင်းနှစ်နိုင်ငံတို့၏ မဟာဗျူဟာမြောက် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး အရှည်တည်တံ့အောင် နှစ်နိုင်ငံပြည်သူတို့က မိတ်ဝတ်မပျက် ဆက်လက်ကြိုးပမ်းကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။  

Read 1610 times Last modified on Monday, 11 June 2018 08:25