SJ WorldNews - шаблон joomla Авто

မိုးသက်လေနှင် ရာသီခွင် ကြိုတင်သတိ အမြဲရှိ

Wednesday, 13 June 2018 08:43 font size decrease font size decrease font size increase font size increase font size

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇွန် ၁ဝ ရက်တွင် ထုတ်ပြန်ချက်အရ မုန်တိုင်းငယ်၏ အရှိန်ကြောင့် ဇွန် ၁၁ ရက်မှ ၁၄ ရက်အတွင်း တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။

မုန်တိုင်းငယ်၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် အတူ မြေပြိုခြင်း ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အကြံပြုထားသည်။

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ သတိပေးချက်တွင် မပါဝင်သေးသော အချို့ဒေသများ၌ မိုးရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံ ဖြစ်ပေါ်နေသည့် သတင်းများကို ယခုရက်ပိုင်းအတွင်း တွေ့ရသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် နန့်လန်ကျေးရွာ အုပ်စုတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံ သုံးကြိမ်ဖြစ်ပေါ်ခြင်းကြောင့် လမ်းများ ပျက်စီးသွားသဖြင့် ဌာနဆိုင်ရာများနှင့် ပြည်သူတို့ ပူးပေါင်း၍ ချိုင့်ခွက်များ ဖို့ခြင်း၊ ရေစီးအားကြောင့် ရေမြောင်းဖြစ်သွားသော နေရာများအား မြေပြန်လည်ဖို့ခြင်း၊ လမ်းများပေါ်သို့ ရေစီးဝင်သော နေရာများအား ပိတ်ဆို့ခြင်း လုပ်ငန်းများကို ဇွန် ၁ဝ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြပြီး ရေကြီးရေလျှံဖြစ်ပေါ် ခဲ့သည့် တိမ်ကောနေသော နောင်အင်းကြီးကို ပြန်လည်တူးဖော်၍ ရေထိန်းဧရိယာ တည်ဆောက်ရန် စီစဉ်နေကြကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ဇွန် ၇ ရက် မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းတွင်ရှိသော ရပ်ကွက်အမှတ်(၄)၌ လူနေအိမ်နှင့် ကားလမ်းများတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့သော်လည်း လူနှင့်အခြားထိခိုက် ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

ဇွန်လပထမရက်သတ္တပတ် အတွင်းက ရွာသွန်းသောမိုးသည် တောင်ပေါ်ဒေသအချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်စေသကဲ့သို့ မြေပြန့်ဒေသအချို့မှာလည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၌ ဇွန် ၇ ရက် နံနက် ၅ နာရီမှစ၍ တောင်ကျရေများစီးဝင်ခြင်းကြောင့် ရွှေချောင်း ရေကြီးရေလျှံဖြစ်ပေါ်ခဲ့ရာ နံနက် ၉ နာရီတွင် အမှတ်(၃)ရပ်ကွက်ရှိ လူနေအိမ်ခုနစ်လုံးနှင့် မော်တော်ယာဉ်တစ်စီး မျောပါပျက်စီးသွားသည်။ ၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၁၉ ရက်နှင့် ၂ဝ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပခုက္ကူမြို့ရှိ ရွှေချောင်းရေကြီး ရေလျှံဖြစ်ပေါ်ခဲ့ရာ ပခုက္ကူခရိုင်အတွင်း ရေမျောအိမ်ထောင်စုဦးရေ ၂ဝ၂၃ စုမှ ရေကြီးနစ်မြုပ်၍ သေဆုံးသူ ၁ဝ၆ ဦးရှိခဲ့သည့်အပြင် ကျွဲ၊ နွားတိရစ္ဆာန်နှင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ၁၉၆၆ ခုနှစ်ကတည်ဆောက်ခဲ့သော ရွှေချောင်းတံတားမှာ ရေတိုက်စားပြီး ပျက်စီးသွားသဖြင့် ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေစေရန် တံတားအသစ်တစ်စင်းကို ချက်ချင်းပြန်လည် တည်ဆောက်ပေးခဲ့ရသည်။

ထိုအချိန်က နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတို့ သွားရောက်၍ ရေဘေးဒုက္ခသည်များအား တွေ့ဆုံ အားပေးပြီး ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများက လှူဒါန်းသော အလှူငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ကြသည်။ ရေဘေးဒုက္ခသည်များအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများတွင် တပ်မတော်က ငွေ၊ ပစ္စည်း၊ ယာဉ်နှင့်လူအင်အားများဖြင့် ကူညီဆောင်ရွက်ပေးခဲ့သည်။ ထိုနှစ်က ရွှေချောင်းရေမြုပ်လို့ တံတားငုတ်သာကျန်ခဲ့သည့် အခြေအနေလောက် ယခုနှစ်မဆိုးစေလိုကြောင်း ဆုတောင်း နေချိန်မှာပင် ဂန့်ဂေါခရိုင် ဆောမြို့နယ် သီးကုန်းကျေးရွာအနီးရှိ ချုပ်ချောင်းနှင့် ကြဲလောင်ချောင်းဆုံသည့် နေရာအတွင်း ဇွန် ၇ ရက် ညနေ ၄ နာရီတွင် ကျောင်းဆင်းပြီးပြန်လာသော ကျောင်းသားလေးဦး၊ ကျောင်းသူ နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ချောင်းဖြတ်ကူးစဉ် ရေထဲမျောပါသွားခဲ့ရာ ကျောင်းသူတစ်ဦးသာ အသက်ရှင်လျက် ပြန်တွေ့ကြောင်း သတင်းကြားရသည်။ ယခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိသဖြင့် ကားလမ်း၊ ရထားလမ်းများ ရေကျော်သည့် အခြေအနေကို ဒေသအလိုက် သတင်းဖလှယ် ဆက်သွယ်ကြရန်လိုသည်ဟု အကြံပြုလိုသည်။

သို့ဖြစ်၍ မိုးသက်လေနှင်ရာသီခွင်၌ ပြည်သူအပေါင်းတို့အနေဖြင့် နေထိုင်သွားလာကြရာတွင် မိုးလေဝသ အခြေအနေကို အမြဲမပြတ်စောင့်ကြည့်အကဲခတ်၍ သတိရှိကြပါရန်    မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ 

Read 1442 times Last modified on Wednesday, 13 June 2018 08:46