SJ WorldNews - шаблон joomla Авто

ငယ်သွေးငယ်မူ တက်လူဘဝ ကျရာတာဝန် ကျေပွန်ခဲ့ပါပြီ

Thursday, 14 June 2018 08:31 font size decrease font size decrease font size increase font size increase font size

ပြည်သူတို့၏ အားထားရာသည် လွှတ်တော်၊ လွှတ်တော်၏ အဓိပတိသည် သမ္မတဟု ဆိုကြသည့်အားလျော်စွာ လွှတ်တော်အစည်းအဝေး ကျင်းပစဉ် လွှတ်တော်ကိုယ်စားလှယ်တို့ ဆွေးနွေးကြသည်များကို ပြည်သူများ စိတ်ဝင်တစား စောင့်ကြည့် နားထောင်ကြသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ကျင်းပသည့် ဇွန် ၁၁ ရက်တွင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၃) ကိုယ်စားလှယ်က အသက် ၇ဝ နှစ်ပြည့်ပြီးသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစား သက်ကြီးရွယ်အို ပင်စင်စားများကို နိုင်ငံတော်မှ တစ်လုံးတစ်ခဲတည်း ပင်စင်အပြီးအပြတ် ထုတ်ပေးရန် အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်း ဖြေကြားသော သတင်းကို အငြိမ်းစားတို့ ကံစနာလန်ထလေပြီဟူသော မျှော်လင့်ချက်ဖြင့် စောင့်ကြည့် နားထောင်နေကြသည်။

လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းကို ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်း ဖြေကြားရာတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် တစ်လုံးတစ်ခဲတည်း ပင်စင်လဲလှယ်ခွင့်ကို  သတ်မှတ်နိုင်ရေးအတွက် တွက်ချက်သတ်မှတ်မှုများ ပြုလုပ်ခဲ့ရာ လက်ရှိအချိန်တွင် တစ်လုံးတစ်ခဲတည်း ပင်စင်လဲလှယ်ခွင့် ရှိသည့်ဦးရေ စုစုပေါင်း ၄၁၇၁၃၉ ဦး ရှိပြီး ၎င်းတို့ကို ငွေကျပ် ၂၅ဝဝ အထိ လဲလှယ်ခွင့်ပြုမည် ဆိုပါက ငွေကျပ် ၁၂၄ ဒသမ ၇၇ ဘီလီယံ၊ ငွေကျပ်၂ဝဝဝဝ လဲလှယ်ခွင့်ပြုမည် ဆိုပါက ငွေကျပ် ၉၁ဝ ဒသမ ၆ ဘီလီယံနှင့် ငွေကျပ် ၅ဝဝဝဝ လဲလှယ်ခွင့်ပြုမည် ဆိုပါက ငွေကျပ် ၁၉၆၁ ဒသမ ၆၉ ဘီလီယံ ကုန်ကျမည်ဖြစ်သည်ကို တွက်ချက်ရရှိကြောင်း၊ တစ်လုံးတစ်ခဲတည်း ပင်စင်လဲလှယ်ခွင့်ကို မည်သည့်ငွေပမာဏ အထိ  လဲလှယ်ခွင့်ပြုနိုင်မည်၊ မည်သည့် အသက်အပိုင်းအခြားအထိ လဲလှယ်ခွင့်ပြုနိုင်မည် စသည်တို့အပါအဝင် အကန့်အသတ်ဖြင့်သာ ခွင့်ပြုခြင်းကို နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေ ကောင်းမွန်လာမှုအပေါ် မူတည်၍ သုံးသပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေအရ တစ်လုံးတစ်ခဲတည်း ပင်စင်ခံစားခွင့်နှင့် ပတ်သက်၍ တည်ဆဲအမိန့် ညွှန်ကြားချက်များအပေါ် ပြင်ဆင်နိုင်စွမ်း မရှိသေးကြောင်း ရှင်းလင်းပြောကြားသည်။

ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားရာတွင် အငြိမ်းစားဝန်ထမ်း အရေအတွက်မှာ ၂ဝ၁၈ ခုနှစ်မတ် ၃၁ ရက်တွင် စုစုပေါင်း ၉၃၈၅၁၁ ဦးရှိပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်မှ ကျခံသုံးစွဲရသည့် ပင်စင်လစာနှင့် ဆုကြေးအသုံးစရိတ်မှာ ငွေကျပ် ၇၄၂ ဘီလီယံခန့်ဖြစ်ကြောင်း၊ အသက် ၇ဝ နှစ်ပြည့်ပြီးသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများကို နိုင်ငံတော်မှ တစ်လုံးတစ်ခဲတည်းပင်စင်  အပြီးအပြတ် ထုတ်ပေးနိုင်ရန် လတ်တလောတွင် အစီအစဉ်မရှိသေးကြောင်းနှင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ ပင်စင်ဥပဒေ၊ နည်းဥပဒေများနှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် တည်ဆဲအမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ကြားသိလိုက်ရသည်။

နိုင်ငံတော်၏ လက်ရှိစီးပွားရေး ပကတိအခြေအနေကို လေ့လာသူများက GDP တိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်း၊ ပြည်ပကြွေးမြီနှင့် GDP အချိုး ၁၆ ရာခိုင်နှုန်း၊ ပို့ကုန်တန်ဖိုး ၁၃ ဒသမ ၅ ဘီလီယံရှိသည်။ ငွေကြေးဖောင်းပွမှုနှုန်း ၅ ဒသမ ၇ ရာခိုင်နှုန်းနှင့် ဘတ်ဂျက်လိုငွေ ၃ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး ရှိနေကြသည်မှာ ယခင်ကာလများကထက် လျော့နည်းကြောင်း တွေ့ရသည်ဟု ဖော်ပြထားသည်။ ငွေကြေးဖောင်းပွမှုနှုန်း လျော့နည်းသည်ဆိုသော်လည်း ကုန်ဈေးနှုန်းက မြင့်တက်နေသည်ဟု ဝေဖန်သံများလည်း ကြားရသည်။

နိုင်ငံတော်တွင် ခေတ်အဆက်ဆက် တင်ရှိနေသော နိုင်ငံခြားကြွေးမြီများ တင်ရှိနေရာ ယခင်အစိုးရ လက်ထက်က အမေရိကန်ဒေါ်လာသန်းပေါင်း ၆ဝဝဝ ကျော်ကို ပယ်ဖျက်ခွင့်ရအောင် ဆောင်ရွက်ပေးခဲ့သည့် တိုင်အောင် ယခုအချိန်ထိပေးရန် ကျန်နေသေးသည်။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်မှစ၍ ဝန်ထမ်းများအတွက် လစာနှင့်ပင်စင် တိုးမြှင့်ပေးနိုင်ရန် တွက်ချက်၍ ငွေကျပ် ၃၈၅ ဘီလီယံကို လွှတ်တော်က အတည်ပြုပေးခဲ့သဖြင့် ယခင် ၂ဝ၁၂ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ထောက်ပံ့ပေးထားသည့် ငွေကျပ် ၃ဝဝဝဝ ကို ထောက်ပံ့ငွေအဖြစ် ဆက်လက်ခံစားခွင့် ရရှိသည့်အပြင် လစာငွေအဖြစ် ငွေကျပ် ၂ဝဝဝဝ ကို ၂ဝ၁၃ ခုနှစ် ဧပြီ ၁ ရက်မှစ၍ တိုးမြှင့်ခံစားခွင့်ပြုခဲ့ရာ အငြိမ်းစားများပါ ပင်စင်နည်းဥပဒေနှင့်အညီ ခံစားခွင့်ရကြသည်။ ၂ဝ၁၄ ခုနှစ် ဧပြီ၁ ရက်မှစ၍ တိုးမြှင့်ခံစားခွင့်ပြုသော လစာငွေကျပ် ၂ဝဝဝဝ၊ ၂ဝ၁၅ ခုနှစ်တွင် တိုးမြှင့်ခံစား ခွင့်ပြုရာတွင်လည်း အငြိမ်းစားများပါ ခံစားခွင့်ရရှိကြသည်။ လူမှုရေးခက်ခဲသောမြို့နယ် ၈၇ မြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများကို ၂ဝ၁၂ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ဒေသစရိတ် ခံစားခွင့်ပြုခဲ့ရာ ၂ဝ၁၄ ခုနှစ် အောက်တိုဘာအထိ မြို့နယ်ပေါင်း ၁၁ဝ အထိရှိကြောင်း သိရသည်။

လွှတ်တော်အစည်းအဝေး၌ ရှင်းလင်းဖြေကြားချက်များအရ အသက် ၇ဝ ကျော်အငြိမ်းစားရော အသက်၇ဝ အောက် အငြိမ်းစားများပါ မျှော်လင့်ထားသလို ဖြစ်မလာကြသော်ငြား တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဖြစ်လာမည်ဟူ၍သာ နှစ်သိမ့်ကြရသည်။ မထင်မရှား အငြိမ်းစားတစ်ဦးကတော့ ''ဖြစ်နိုင်လျှင်ဖြင့်''ခေါင်းစဉ်တပ်ထားသော ကဗျာတစ်ပုဒ် ရသွားသည်။ သူ့ကဗျာမှာ ''ငယ်သွေးငယ်မူ၊ တက်လူဘဝ၊ ကျရာတာဝန်၊ ကျေပွန်ခဲ့ပါပြီ။

အရွယ်လွန်သွား၊ သက်ကျားရွယ်အို၊ လူတို့ဆိုလည်း၊ ဝမ်းမနည်းဘဲ၊ ဇွဲနှင့်သတ္တိ၊ အမြဲရှိ၏၊ စောင့်ကြည့်သူတွေ သိပါသည်။ မျှော်မိသူတွေ မောပါသည်''ဟူ၍ အငြိမ်းစားတို့ကို မစိမ်းကားသင့်ကြောင်း ရေးထားသည်ကို မြဝတီက ထပ်ဆင့် ဖော်ပြ လိုက်ရပါကြောင်း။ 

Read 22 times Last modified on Thursday, 14 June 2018 08:33