SJ WorldNews - шаблон joomla Авто

ကောင်းကင်ကတိမ်ပြာ မြေလွှာမှာရေဖွေးနှင့် နွေးထွေးသည့်စေတနာ

Friday, 15 June 2018 08:24 font size decrease font size decrease font size increase font size increase font size

မိုးပဇ္ဇုန်ရွာပုံက ဆန်းသော်ကြောင့် ဇွန်လအလယ်ရောက်ချိန်၌ ကောင်းကင်မှာ တိမ်ပြာပြာနှင့် မြေပြင်မှာ ရေဖွေးဖွေးကို မြင်ရသည်နှင့် သဘာဝဘေးအန္တရာယ်ကို ပြည်သူတို့ကြုံတွေ့ကြရလေသည်။

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်အတွင်း ဇွန် ၁၁ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖားတစ်ရှဉ်းချောင်း ရေလျှံတက်လာရာ ဘက်ရဲမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁)၊ အမှတ်(၂)ရပ်ကွက်များ အတွင်းရှိ လူနေအိမ်များသို့ ရေဝင်ရောက်ခဲ့သည်။ ရေဝင်ရောက်သော နေရာများသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ် မြန်အောင်တပ်နယ်မှ တပ်မတော်သားများက ဇွန် ၁၂ ရက် နေ့လယ်ပိုင်းတွင် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍  စာသင်ကျောင်းအတွင်း တင်ကျန်ရစ်သော ရွှံ့ညွန်များအား  ရှင်းလင်းဖယ်ရှားပေးခြင်း၊ ရေဝင်ရောက်ခဲ့သော နေအိမ်များမှ ပစ္စည်းများနှင့် ရေဘေးသင့်ပြည်သူများအား နီးစပ်ရာ ဆွေမျိုးများအိမ်နှင့် ဘုန်းတော်ကြီးကျောင်းများသို့ ယာယီရွှေ့ပြောင်းပေးခြင်း စသည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့၌ ဇွန် ၁၂ ရက်နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ်(၆၅/၅)နှင့် (၆၇/၃)ကြား၌ ကုက္ကိုပင်များ လမ်းပေါ်၌ ဖြတ်မောင်းသွားသော ဆီဘောက်ဆာယာဉ်နှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့ အပေါ်သို့ လဲကျသွားသဖြင့် ဆိုင်ကယ်မောင်းနှင်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိသည်။ ဒဏ်ရာရရှိသူကို ဥက္ကံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိသည်။သစ်ပင်များလဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပေါ်နေသော အဆိုပါနေရာများ၌ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုက်ကြီးတပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လမ်းကြောင်း ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ထိုနေ့ မွန်းလွဲပိုင်းတွင် ပြီးစီးသွားသဖြင့် မော်တော်ယာဉ်များနှင့် ပြည်သူများ ပုံမှန်အတိုင်းသွားလာနိုင်ကြပြီဖြစ်သည်။

မကွေးတိုင်းဒေသကြီးအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကံမမြို့နယ် ရေနံ့သာကျေးရွာ၏ မြောက်ဘက်ရှိ သရက်-ကံမသွားကားလမ်း မိုင်တိုင်အမှတ်(၂ဝ/ဝ)၌ အရှည်ပေ ၇၂ဝ၊ အကျယ် ၁၂ ပေရှိ ဘေလီသံပေါင်အမျိုးအစား မင်းတုန်းချောင်းကူးတံတား (ရေနံ့သာ)သည် ဇွန် ၁၂ ရက် နံနက် ၃ နာရီ မိနစ် ၅ဝ တွင် ရေတိုက်စားပြီး တံတားပြုတ်ထွက် မျောပါသွားသည်။ အဆိုပါတံတား ပြုတ်ထွက်မျောပါသွားသည့် အခြေအနေအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရန် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းနှင့် တံတားပြုတ်ထွက် မျောပါမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်အတွင်း ဇွန် ၉ ရက်မှ ၁၁ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး ကိုင်းကြီးကျေးရွာရှိ ဘူးရိုးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုမှုများ ဖြစ်ပေါ်ခဲ့ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ပန်းတောင်းတပ်နယ်မှ တပ်မတော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။ချောင်းရေတိုက်စား၍ ကမ်းပါးပြိုကျခြင်းကြောင့် ကမ်းပါးနှင့် ၅ ပေခန့်အကွာရှိ နေအိမ်ရှစ်လုံးမှ အိမ်ထောင်စု ရှစ်စု၊ လူဦးရေ ၂၅ ဦးတို့အား ၎င်းတို့နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်သို့ တပ်မတော်သားများက ကူညီပြောင်းရွှေ့ပေးပြီး နေအိမ်များ ပြန်လည်ဆောက်လုပ် ပေးကြသည့်အပြင် အဆိုပါအိမ်ထောင်စုများ အတွက် ဆန်၊ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်း ဇွန် ၁၂ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကုတ်မြို့နယ် ချိုင့်ကြီးကျေးရွာနှင့် ကမာကျေးရွာကြား မိုင်တိုင်အမှတ်(၂၂/၄)ရှိ ကားလမ်း၌ ရေတိုက်စား၍ အနက် ၈ ပေခန့် ချိုင့်ဝင်ပျက်စီးခဲ့ပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိသဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တောင်ကုတ်တပ်နယ်မှ တပ်မတော်သားများက မြေသားတစ်ထပ်၊ ကျောက်သားတစ်ထပ် ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။သံတွဲမြို့နယ် အထက်နန်းချောင်း ကျေးရွာ၌ လေပြင်း တိုက်ခတ်မှုကြောင့် ကားလမ်းပေါ်သို့ သစ်ပင်သစ်ကိုင်းများ ပြိုလဲကျသဖြင့် သစ်ပင်သစ်ကိုင်းများအား ရှင်းလင်း ဖယ်ရှားပေးခြင်း၊ တောင်ကျရေမြင့် တက်မှုကြောင့် ဇွန် ၁၁ ရက်တွင် အမှတ်(၆၈)ပူးပေါင်း စစ်ဆေးရေးဂိတ်နှင့် စင်တော်ကောက် ဆီဆိုင်ကြား၌ ကားလမ်းရေနစ်မြုပ်ခဲ့သဖြင့် မော်တော်ယာဉ်များ ဖြတ်သန်း သွားလာနိုင်ရေးအတွက် ရေမြုပ်နေသော လမ်းဘေးဝဲ/ယာ၌ လမ်းအမှတ်အသား ငုတ်တိုင်စိုက်ခြင်းနှင့် လမ်းများ ရှင်းလင်းပေးခြင်း တို့ကို သံတွဲတပ်နယ်မှ တပ်မတော်သားများက  ကူညီဆောင်ရွက်ပေးကြသည်။ အမ်းမြို့နယ် ဟင်းရွက်ကျေးရွာနှင့် ပဒဲကျောကျေးရွာကြားရှိ အမ်း-မအီကားလမ်း၌ ဇွန် ၁၁ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တံတားပျက်စီးသွားသဖြင့် ယာယီတံတားခင်းလုပ်ငန်းများကို အမ်းတပ်နယ်ရှိ တပ်မတော်သားများက ကူညီဆောင် ရွက်ပေးနေကြသည်။

မြန်မာနိုင်ငံတွင် ယခင်နှစ်က မုတ်သုံအဝင်နောက်ကျပြီး ညင်သာမှုရှိသည်။ ယခုနှစ် မုတ်သုံအဝင် ပုံမှန်အတိုင်းဖြစ်သော်လည်း အဝင်ကြမ်းသဖြင့် စိတ်နွမ်းစရာ အခြေအနေများနှင့် ကြုံတွေ့နေရသော ပြည်သူတို့အား တပ်မတော်သား တို့က စေတနာဖြင့် ကူညီဆောင်ရွက် ပေးလျက်ရှိကြရာ တပ်မတော် အင်အားသည် တိုင်းပြည်အင်အား ဖြစ်ကြောင်း အထင်အရှား တွေ့မြင်နိုင်မည်ဖြစ်ပါသည်။  

Read 242 times Last modified on Friday, 15 June 2018 08:26