SJ WorldNews - шаблон joomla Авто

စနစ်တကျ စီမံခန့်ခွဲ အကျိုးရှိအောင်ဆောင်ရွက်

Saturday, 04 August 2018 10:36 font size decrease font size decrease font size increase font size increase font size

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဩဂုတ် ၁ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး တို့က အီတလီနိုင်ငံအစိုးရထံမှ ချေးယူမည့် ယူရိုသန်း ၃၀၊ အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ ချေးယူမည့် အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၅ သန်းတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် စီမံကိန်းများကို ရှင်းလင်းဆွေးနွေးကြသည်။ အီတလီနိုင်ငံ အစိုးရထံမှချေးယူမည့် ယူရိုသန်း ၃၀ သည် အတိုးမဲ့ချေးငွေဖြစ်ပြီး ဆိုင်းငံ့ကာလ ၁၈ နှစ်နှင့် ပြန်လည်ပေးဆပ်ရမည့်ကာလ ၁၀ နှစ်ဖြစ်ကြောင်း သိရသည်။ အဆိုပါစီမံကိန်းချေးငွေများဖြင့် လျှပ်စစ်မီး လက်လှမ်းမီမှု နည်းပါးသော၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ချင်းပြည်နယ်နှင့်၎င်းအနီးတစ်ဝိုက်ရှိ ပြည်နယ်၊ တိုင်းဒေသကြီးများတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး Co-Financing အဖြစ် ထည့်ဝင်သောချေးငွေများဖြင့် တစ်အိမ်သုံးဆိုလာစနစ်၊ အသေးစားဓာတ်အားလိုင်းစနစ်များ တည်ဆောက်အကောင်အထည်ဖော်မည် ဖြစ်သည်။ ထိုစနစ်များအကောင်အထည်ဖော်ခြင်းဖြင့် ခန့်မှန်းကျေးရွာ ၁၀၁၉ ရွာရှိ အိမ်ခြေ ၉၆၅၀ဝ ခန့်အား မီးလင်းစေမည့် အကျိုးပြုစေရန် မျှော်မှန်းထားသည်။ တစ်အိမ်သုံးဆိုလာစနစ်အတွက် စီမံကိန်းဧရိယာရွေးချယ်ရာ၌ နောင်လာမည့် ၁၀ နှစ်၊ ၁၅ နှစ်အတွင်း မဟာဓာတ်အားလိုင်း မရောက်ရှိနိုင်သည့် ကျေးရွာများ၊ မဟာဓာတ်အားလိုင်းနှင့် ၁၀ မိုင်အထက်ဝေးကွာသော ဒေသများ၊ ဝေးလံခေါင်ဖျားသော ဒေသများရှိ ကျေးရွာများ၏ အိမ်ခြေနှင့်လူနေထူထပ်မှု၊ ပြည်သူတို့က ၁၀ ရာခိုင်နှုန်းခန့် ထည့်ဝင်နိုင်သောကျေးရွာများ စသည့်ရွေးချယ်မှုများအပေါ်အခြေခံပြီး ရွေးချယ်ဆောင်ရွက် သွားမည်ဖြစ်သည်။ အသေးစားဓာတ်အားပေး စနစ်အတွက် စီမံကိန်းဧရိယာ ရွေးချယ်ရာတွင် မြေမျက်နှာသွင်ပြင် အနေအထားအရ နောင်လာမည့် ၁၀ နှစ်၊ ၁၅ နှစ်အတွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး မရရှိနိုင်သော ကျေးရွာများ၊ ပြည်သူထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်း ထည့်ဝင်နိုင်သော ကျေးရွာများ၊ ဓာတ်အားခပေးဆောင်ရန် ဆန္ဒရှိသောကျေးရွာများ၊ ကျေးလက်မီးလင်းရေး အတွက်သာမက အသေးစားကုန်ထုတ်လုပ်မှု လုပ်ငန်းများပါ ဆောင်ရွက်လိုသည့်ကျေးရွာများ၊ အသင်းအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်လိုသောကျေးရွာများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ် ရရှိနိုင်သောကျေးရွာများ စသည့်အချက်များအပေါ် အခြေခံ၍ ကျေးရွာများ ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အာရှဖွံ့ဖြိုးရေးဘဏ်ထံမှချေးယူမည့် အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၅ သန်းကို မြန်မာနိုင်ငံအလယ်ပိုင်းရှိ အပူပိုင်းဇုန်ဒေသများဖြစ်သော မကွေးတိုင်းဒေသကြီး အတွင်းမှ မြို့နယ်ငါးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး အတွင်းမှ မြို့နယ်လေးမြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်းမှ မြို့နယ်ငါးမြို့နယ် စုစုပေါင်းမြို့နယ် ၁၄ မြို့နယ်တို့တွင် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေး လုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက်စီမံ ကိန်းအား အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။ စီမံကိန်းအတွက် ချေးယူမည့် အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၅ သန်းအတွက် ဆိုင်းငံ့ကာလရှစ်နှစ်အပါအဝင် စုစုပေါင်း ၃၂ နှစ်ဖြစ်ပြီး အတိုးနှုန်းမှာ ဆိုင်းငံ့ကာလအတွင်း ၁ ရာခိုင်နှုန်း၊ ကျန်ကာလများတွင် ၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။ ချေးငွေပြန်ဆပ်ရန်မှာ ဆိုင်းငံ့ကာလပြီးနောက် တစ်နှစ်လျှင်နှစ်ကြိမ်ဖြင့် ၂၄ နှစ်အတွင်း ၄၈ ကြိမ် ပြန်လည် ပေးဆပ်ရမည်ဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည် ဖော်မည့် ကျေးလက်လျှပ်စစ်မီးလင်းရေး စီမံကိန်းသည် ဝင်ငွေရရှိရေးကို အဓိကမထားဘဲ အချိန်စေ့ရောက်သည့် နှစ်အလိုက် ပြန်လည်ပေးဆပ်ရမည့် ငွေကို နိုင်ငံတော်ဘတ်ဂျက်မှ ခွဲဝေသုံးစွဲ၍ ပြန်လည် ပေးဆပ်ရမည်ဖြစ်ပြီး ဆိုင်းငံ့ကာလကျော်လွန်ပါက တစ်နှစ်လျှင် ငွေကျပ် ၄၉၉၆ ဒသမ ၂ သန်း ပြန်လည် ပေးဆပ်ရမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ရှင်းလင်းချက်အရ သိရသည်။ စိုက်ပျိုးစီးပွားရေးဆိုင်ရာ တန်ဖိုးကွင်းဆက် စီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေး ဘဏ်ထံမှ ချေးယူထားသော ငွေအတွက် ပြန်လည်ပေးဆပ်ရမည့် ငွေပမာဏကို နိုင်ငံတော်ရန်ပုံငွေမှ နှစ်စဉ်တင်ပြတောင်းခံ၍ ပြန်လည် ပေးဆပ်သွားရမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။ သို့ဖြစ်၍ ပြည်ပချေးငွေရယူမည့် အစီအစဉ်အားလုံးသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးစွမ်းအား မြင့်မားရေးအတွက် ရင်းနှီးမြှုပ်နှံရန်သာဖြစ်ခြင်းကြောင့် ချေးငွေအားလုံးကို သက်ဆိုင်ရာကဏ္ဍအလိုက် စနစ်တကျစီမံခန့်ခွဲ၍ အကျိုးရှိအောင် ဝိုင်းဝန်းဆောင်ရွက်ကြရန်သာ လိုမည်ဟု မြဝတီက သုံးသပ်ရပါသည်။

Read 64 times Last modified on Saturday, 04 August 2018 10:37